ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ

 ဖိုးထက် - ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ
(မိုးမခ) မတ် ၂၃၊ ၂၀၁၆

ဘာကိုမှ ယုံလို့ မရတာ ကြာပြီလေ။ ကြာဆို ကျွန်တော် မွေးကတည်းက ဆိုကြပါစို့ရဲ့။ သူများတွေကလည်း ကျွန်တော့်ကို မယုံကြဘူး။ ကျွန်တော်ကလည်း သူများတွေကို မယုံကြည်ဘူး။ အဆိုးမြင်တာပါလို့ ဆိုမလို့လား။ ရပါတယ်။ ခင်ဗျား ထင်ချင် ထင်ပေါ့။ ဒါပေမယ့် မယုံရတဲ့ အကြောင်းအရာတွေ ကျွန်တော် ပြောပြပါအုံးမယ်။

ပထမဆုံး ပြောချင်တာက မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရန်ကုန်မှာ ကားမောင်းရတဲ့ ကိစ္စ။ ခင်ဗျား သေချာတွေးကြည့်။ ဘယ် အရာကို ခင်ဗျားယုံကြည်လို့ရသလဲ။ လမ်းပေါ်ကို ခင်ဗျား ကားမောင်းလာပြီဆိုကတည်းက ဘာကိုမှ မယုံနဲ့တော့။ ယုံလို့ မရဘူး။ ခင်ဗျားရဲ့ အာရုံခြောက်ပါးကို အစွမ်းကုန်ဖွင့်ထားပြီး ကားကို မောင်းပေတော့ဘဲ။

ကျွန်တော့် ကားမောင်းသက်တမ်း အတော်ရင့်ပြီလို့ ဆိုပါရစေ။ ကြွားတယ်လို့ မထင်ပါနဲ့။ သူများနိုင်ငံတွေမှာ ကျွန်တော် ကားမောင်းဘူးတယ်။ ကားမောင်းရတယ်။ ဘယ်သူ့မှ လူမထင်၊ မာန်မာနအလွန်ကြီးတဲ့ လူချမ်းသာသူဌေးတွေနေတဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံလေးတစ်ခုမှာ ကျွန်တော် ကားမောင်းလာတာ နှစ်နှစ်နီးပါးဆိုပါတော့။ နောက်ကနေ မီးတွေဖွင့်ပြီး လမ်း ဖယ်ခိုင်းမယ်၊ ဇွတ်ကျော်တက်မယ်၊ အရှေ့ကနေ ရိသဲ့သဲ့စမယ်။ ဒီလောက်ဆိုးပေမယ့် သူတို့ကို ကျွန်တော် ယုံလို့ရတယ်။ သူတို့ မျက်စိနောက်အောင်၊ သူတို့နဲ့ မထိ၊ မငြိအောင် သီးခံပြီးမောင်းရင် ဘာအန္တရာယ်မှ မဖြစ်ဘူး။

ဒီမှာ လမ်းပေါ် တက်ကတည်းက ဘတ်စ်ကားတွေက ခင်ဗျားကို ဖိအားပေးမယ်။ အငှားကားတွေက ခင်ဗျားကို ချီး ခွေးနိုင် သလို ခင်ဗျားကို နိုင်စားမယ်။ လမ်းအလယ်က ဆိုက်က္ကားသမားက ခင်ဗျားကို တိုက်ရဲတိုက်ကြည့်၊ ခြစ်မိတာနဲ့ မီးပွင့်သွား မယ်ဆိုတဲ့ အပေါက်နဲ့ အကြည့်ခံရမယ်။ လမ်းကူးသူတွေက ခင်ဗျားကားကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ မထင်အပေါက်မျိုး အချိုးခံရမယ်။ ဆတ်ကနဲ့ လမ်းကို ဖြတ်ကူးမယ်။ တုံ့ကနဲ့ ရပ်ချင် ရပ်ပစ်မယ်။ ဘာကိုမှ ခင်ဗျားယုံလို့ မရဘူး။

ကုန်ကုန်ပြောရရင် သက်ရှိတွေတင် မကဘူး။ သက်မဲ့တွေကိုပါ ခင်ဗျား မယုံရဘူးဆိုရင် ပိုတယ်မထင်နဲ့။ လမ်းအလယ် မှောင်မှောင် မည်းမည်းမှာ မည်းမည်းတူးတူးကြီး ချထားတဲ့ ကွန်ကရစ်တုံးကြီးတွေက ခင်ဗျားရဲ့ ယာဉ်မောင်းစွမ်းရည်ကို မစမ်းသပ်ဘူး။ ခင်ဗျားရဲ့ ယုံကြည်စိတ်ချမှုကို အမြဲ စမ်းသပ်နေတာ။ ယုံလို့ ပုံအပ်ပြီး တိုက်မိလိုက်လို့ကတော့ ခင်ဗျားလဲ သွား၊ ခင်ဗျားကားလဲ သွားပေရော့။ ဒါက ရန်ကုန်မှာ ကားမောင်းရင် ဘာဆို ဘာကိုမှ  ယုံကြည်လို့မရဘူးဆိုတာကို ကျွန် တော် ပြောတာပါ။ ရန်ကုန်မှာ ကားကို တစ်နာရီလောက် လမ်းပေါ်မှာမောင်းပြီးရင် အသက် တစ်နှစ်လောက် ပိုတိုသွား တယ်ဆိုတဲ့ ကျွန်တော့် မိတ်ဆွေ အငှားယာဉ်မောင်းသမားစကားကို ကျွန်တော် လုံးဝသဘောတူတယ်။

နောက်တစ်ခု မယုံရတာ ပြောအုံးမယ်။ သူတောင်းစားတောင် ခင်ဗျား ယုံလို့မရဘူး။ တမြန်နေ့က ကျွန်တော့်နားကို လူတစ် ယောက် ကပ်ပြီး ပိုက်ဆံတောင်းတယ်။ သူ့ဗိုက်မှာ ခွဲစိတ်ထားတဲ့ အနာကြီးက မြင်မကောင်းဘူး။ ပိုက်ကြီးက တန်းလန်း။ အူထုတ်ထားတယ်ဆိုလား၊ ဖြတ်ထားတယ် ဆိုလား။ ဆေးရုံစရိတ်မရှိလို့ပါ သားလေးရယ်ဆိုလို့ “ဒါဆို..လာ။ ဆေးရုံကြီးကို ကျွန်တော်လိုက်ပို့မယ်။ ဒီလောက်ဖြစ်နေတာ ခင်ဗျားကို ပြည်သူ့ဆေးရုံကြီးက မကုပေးလို့ ရမလား။ ကားပေါ်တက်” ဆို တော့ မျက်စိ မျက်နှာပျက်နဲ့ လှည့်ထွက်သွားလို့ သြော် သူ့အခက်အခဲနဲ့ သူနေမှာပေါ့လို့ တွေးပြီး ပိုက်ဆံထုတ်ပေးမိတယ်။ ညနေရောက်လို့ သူငယ်ချင်း ဆရာဝန်နဲ့ တွေ့လို့ အဲဒီအကြောင်းပြောပြမိမှ “မင်း အလိမ်ခံလိုက်ရပြီ..ဟား..ဟား” ဆိုပြီး ဟားတိုက် ရီမောတာကို ခံလိုက်ရတယ်။ အဲဒီ ပိုက်ကြီးတန်းလန်းနဲ့ လုပ်စားနေတာ ကြာပြီတဲ့။ အဲဒါကြီး ပြပြီး လိုက်တောင်း စားနေတာ မင်းလိုလူတွေခံရတာ မနည်းဘူးတဲ့။ သူ့ဝင်ငွေ ဘယ်လောက်များမလဲ စဉ်းစားကြည့်ပေါ့တဲ့။ စိတ်မကောင်း ဖြစ်ရတယ်။

နောက်တစ်ယောက်ကျတော့ အဘွားကြီး တစ်ယောက်။ ငယ်ရွယ်သူတွေ၊ လူငယ်တွေ၊ ကလေးတွေ၊ သင်္ကန်းဝတ်တွေ ပိုက်ဆံလိုက်တောင်းနေရင် ကျွန်တော် တစ်ပြားမှ မပေးဘူး။ ခြေလက် အင်္ဂါအပြည့်အစုံနဲ့ လိုက်တောင်းစားနေသူတွေဆိုရင် ကျွန်တော်က အသဲအတော်မာတယ်။ တစ်ပြားမှ မကျဘူး။ အင်း..ဒါပေမယ့် အဘိုးအရွယ်၊ အဘွားအရွယ်ဆိုရင်တော့ မနည်းတဲ့ ငွေကြေးကို ကျွန်တော်ပေးမိတတ်တယ်။ သူ့ဘ၀ ဘာဘဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အသက်အရွယ်ကြီးရင့်တဲ့ သူတို့ ဘ၀ကို စာနာတဲ့စိတ်နဲ့ ကျွန်တော် တွေးပေးတယ်။ ကျောထောက် နောက်ခံမရှိလို့ နေမှာပေါ့။ သူလုပ်ကျွေးနေရတဲ့ မသန်မစွမ်း၊ ကလေးသူငယ်လေးတွေ ရှိလို့ နေမှာပေါ့စိတ်နဲ့ အတတ်နိုင်ဆုံး ကျွန်တော် စိတ်ရှင်းရှင်း လှူတယ်။ အဲဒီ အဖွားကြီးက သူ့ လုံခြည် အပြဲကြီးကို ပြပြီး “ငါ့သားရယ် အမေ့ လုံခြည်အပြဲကြီး လဲဝတ်ချင်လို့ပါ” လို့ ဆိုလာလို့ “အမေ ဒီမှာ ခဏစောင့်” လို့ ခဏစောင့်ခိုင်းပြီး လုံချည် နှစ်ကွင်း ကျွန်တော် ၀ယ်ပေးလိုက်တယ်။ “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ မောင်မင်းကြီးသား ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ” ဆိုတဲ့ ဆုတောင်းလေးမှ ၂၄ နာရီ ပြည့်အောင် ခံစားပီတိ မဖြစ်ရသေးဘူး နောက်ရက်မှာ အဲဒီနေရာမှာဘဲ ကျွန်တော့်ကို မမှတ်မိဘဲ “အမေ့လုံချည် ပြဲနေလို့ပါသားရယ်” ဆိုပြီး ထပ်တောင်းပြန်တော့ ဒေါသ မထွက် မိအောင် မနည်းချုပ်တီးလိုက်ရတယ်။ ဒီအသက်အရွယ်ကြီးနဲ့ လိမ်နေရတာ အကုသိုလ်သိပ်ကြီးခဲ့လို့ နေရှာမှာလို့ ဖြေတွေး ပြီး ဒေါသကို ဂလုလို့ အသံထွက်အောင် မြိုချလိုက်ရတယ်။

နောက်တစ်ခုကျတော့ အလုပ်နဲ့ ပါတ်သက်တယ်။ အလုပ်အတွက် စီစဉ်စရာ ကိစ္စတစ်ခုက သိပ်အရေးကြီးတယ်။ ပစ္စည်း ၀ယ်ဖို့ကိစ္စက အရေးကြီးကိစ္စ။ အဲဒီ ၀ယ်ရမယ့်ပစ္စည်းတွေကို ၀ယ်။ အဲဒီဆိုင်မှာ သွားပို့။ သူတို့ ဆိုင်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးမှ ကျွန်တော့်အလုပ်အတွက် သုံးရမှာ။ ကျွန်တော့်မှာ အချိန်မရှိဘူး။ အဲဒီဆိုင်မှာ “ခင်ဗျားတို့ဘဲ ၀ယ်လိုက်ပါ။ ခင်ဗျားတို့က ဘယ်မှာ ၀ယ်ရမယ်ဆိုတာ ကျွန်တော့်ထက်ပိုသိမှာပေါ့။ ပိုက်ဆံ ပိုပေးရလဲ ပေးရမှာပေါ့။ ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့က အလျင်လိုနေတာဘဲ” လို့ ပြောရတယ်။ ဒါပေမယ့် ဆိုင်ရှင်က သူတို့ ၀ယ်ပေးလို့ မဖြစ်ကြောင်း။ သူတို့ ၀ယ် ပေးရင် အမျာစုက ပိုက်ဆံကို ပိုတင်တယ်ထင်ကြတော့ မိတ်ပျက်တတ်လို့ ၀ယ်ပေးလို့ မရဘူးတဲ့။ ၀ယ်ပေးပါ။ ပိုကျမယ်ဆိုတာ သိပါတယ်လို့ ဘယ်လို တောင်းပန် တောင်းပန် မယုံမကြည်ဖြစ်တာ မခံနိုင်ဘူးလို့ တင်းဆိုနေတော့ အချိန်ကုန်၊ လူပန်း၊ မကျွမ်းမကျင်နဲ့ လိုချင်တဲ့ ပစ္စည်းကို လိုက်ဝယ်ရတယ်။ ဒါကျတော့ တစ်ဦးနဲ့ တစ်ဦး မယုံကြည်၊ သံသယ စိတ်နဲ့ အလုပ်တွေ နှောင့်နှေးကုန်တာ။

လူဆိုတာဗျာ..မယုံကြည်ရတဲ့ သတ္တ၀ါပါ။ ကိုယ့်စိတ်ကိုယ်တောင် အစိုးမရကြတဲ့သတ္တ၀ါတွေကို မယုံမကြည် ဖြစ်ကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် တစ်ဦးနဲ့ တစ်ဦး ရှိပြီးသား ချစ်ခြင်းမေတ္တာ၊ စေတနာ သဒ္ဒါတရားတွေကို ယုံကြည်ခြင်းနဲ့ လဲပစ် ကြတာတော့ ဆိုးပါတယ်။ ယုံပါတယ်။ လုပ်ပါလို့ ဆိုထားပေမယ့် မယုံမကြည်ဖြစ်ရအောင် လုပ်ပစ်ကြတာ လူတွေ။ ကိုယ် လုပ်ချင်တာ လုပ်ရဖို့ ဘယ်သူ့ ဂရုစိုက်ရမလဲဆိုတဲ့ အချိုးမျိုးနဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးပြစ်ကြတာ ၀မ်းနည်းဖို့ ကောင်းပေမယ့် ကျွန်တော်တို့ မကြာခဏ ကြုံရတယ်။ ကိုယ်တိုင်ကလည်း သူများရဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးတယ်။ သူများတွေကလဲ ကိုယ့်ရဲ့ယုံကြည်ခြင်းကို စော်ကား မော်ကား ဖျက်ဆီးတယ်။ သရော်တော်တော် တုံ့ပြန်တယ်။

အခု ကျွန်တော်တို့ရဲ့ နိုင်ငံရေးကို ကြည့်ပါ။ သမ္မတက NLD က တင်တဲ့ သမ္မတကြီး ဖြစ်လာတယ်ဆိုပေမယ့် “အားလုံး ကောင်းသွားပါပြီ ခင်ဗျား” လို့ ယုံကြည်လို့ ရလို့လား။ စစ်တပ်က ကျွန်တော်တို့ကို မယုံဘူး။ ကျွန်တော်တို့ကလဲ စစ်တပ်ဟာ နည်းနည်းမှ မယုံကြည်ရဘူးလို့ သိထားတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သမ္မတရဲ့ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ် ပေးချင်ရင်တောင်မှ သူတို့အများစုပါတဲ့အဖွဲ့က ခွင့်ပေးပါ့မလား။ တစ်ချို့က သမ္မတနေရာအတွက် အပျော်ကြီး ပျော်ကြ၊ အောင်ပွဲခံနေကြတာမြင်ရတော့ စိတ်ထဲမှာ တက်တွေထောင်လိုက်ကြပြီလားလို့ စိုးရိမ်မိတယ်။ ယုံကြည်ပါ။ ဒုက္ခမပေးပါဘူး လို့ ဒီဘက်က အတန်တန် ကမ်းနေပါရဲ့နဲ့ ကြိမ်ဖန်များစွာ ခဏ ခဏ ပုတ်ချ၊ သံသယ၀င်အောင် လုပ်နေကြတဲ့ မြန်မာပြည် စစ်တပ်နဲ့ မြန်မာ့ နိုင်ငံရေးအနာဂတ်ကို ကျွန်တော်ကတော့ (ဆရာကြီး လေသံ ဖမ်းရရင်) ရင်လေးတယ်။

ဒီတော့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဘယ်အရာကိုမှ မယုံကြည်လေနဲ့။ လူတစ်ယောက်ကို မယုံမကြည် ဖြစ်ရပြီဆိုရင် သူလည်း မကောင်း၊ ကိုယ်လည်း စိတ်မချမ်းသာ ဖြစ်ရတယ် မို့လား။ ကိုယ်စိတ်ချမ်းသာအောင် နေနည်းက တစ်ခုဘဲ ရှိတယ်။ အဲဒီ နေနည်းကို ညွှန်ပြပေးတဲ့ ဆရာသုခမိန်လှိုင်ရဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်။ ကဗျာ ခေါင်းစဉ်က “ပြတိုက်”။
   
လူဟာ ဒီလို ဖြစ်တတ်တယ်လို့
လက်မခံနိုင်သရွေ့
ဆင်းရဲ ပင်ပန်းမယ်
လက်ခံနိုင်တော့ရော
ထိုင်ကြည့်နေရုံပေါ့ ….တဲ့။
  
မယုံမကြည် ဖြစ်ရခြင်းအတွက် စိတ်ဆင်းရဲ တာရှည် ကျွန်တော် မခံနိုင်ပါဘူး။ ဖြစ်တတ်ပါတယ်လို့ လက်ခံပြီး ထိုင်ဘဲ ကြည့်နေချင်တော့တယ်။ စိတ်တော့ ဘယ်မှာ အပြည့်အ၀ ချမ်းသာပါ့မလဲလေ။ ဒါပေမယ့် သြော်…ဖြစ်တတ်ပါတယ် ဆိုတဲ့ စိတ်ထားဟာ အတော်အသင့်တော့ ကျွန်တော့်ကို ခံသာစေမှာပါ။

ဖိုးထက်