ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်လွန်း - မုတ်ဆိတ်ကျင်စွယ်တွေနဲ့နေခဲ့ဖူးတဲ့ ရေဆန်နီ (သို့မဟုတ်) ဖဒိုမန်းရှာ


ခင်လွန်း - မုတ်ဆိတ်ကျင်စွယ်တွေနဲ့နေခဲ့ဖူးတဲ့ ရေဆန်နီ (သို့မဟုတ်) ဖဒိုမန်းရှာ
(မိုးမခ) မတ် ၁၈၊ ၂၀၁၆

ညက ကျနော်နဲ့တနိုင်ငံထဲ (နယူးဇီလန်) ရောက်နေတဲ့ ကရင့်တော်လှန်ရေး ရဲဘော်ဟောင်းကြီးလဲဖြစ် ကရင်သမိုင်း သုတေ သနဌာနမှာ တာဝန်ယူခဲ့ဖူးသူလဲဖြစ်တဲ့ ဆရာမန်းအောင်ဌေးနဲ့ ညသန်းခေါင်တိုင်နီးပါးအထိ စကားတွေပြောဖြစ်ခဲ့ကြပါတယ်။

ဘာစကားတွေ ပြောဖြစ်ကြတာလဲဆိုတာ မပြောခင်မှာ ဒီနေ့မနက် စောစောကြီး အိမ်ကိုပါဆယ်တထုပ် တိုက်တိုက်ဆိုင် ဆိုင်ရောက်လာတာလေးကို အရင်ပြောချင်မိပါတယ်ဗျာ။

ပါဆယ်ထုပ်က အမေရိကားမှာရောက်နေတဲ့ ထင်ရှားတဲ့ ကရင့်တော်လှန်ရေး အရေးတော်ပုံရဲမေကြီး ကဗျာဆရာမ ခိုင် မာကျော်ဇောဆီက ပို့ပေးလိုက်တဲ့ စာအုပ် ၂ အုပ်ပါတဲ့ စာအုပ်လက်ဆောင်ပါဆယ်ထုပ်ပါ။

ယူအက်စ်ဒေါ်လာ ၂၀ အကုန်အကျခံပြီး ကျနော့် ဖတ်ဖို့ အမှတ်တရပါတဲ့။ (အဲဒီလောက်ကြီးအကုန်အကျခံပို့ပေးတဲ့ ဆရာမ ခိုင်မာကျော်ဇောကို အထူးကျေးဇူးတင်ပါတယ်လို့ စကားမဆုံးခင် ဖြတ်ပြောပါရစေ)

အဲဒီ့ထဲကတအုပ်က လွန်ခဲ့လေသော ၉ နှစ်တာကာလက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ သူရဲကောင်းဆန်စွာကျဆုံးသွားခဲ့ရရှာတဲ့ ကရင့်တော်လှန်ရေးခေါင်းဆောင် ဖဒိုမန်းရှာလာဖန်းကျဆုံးခြင်း အမှတ်တရ (၇) နှစ်မြောက်အဖြစ် ထုတ်ဝေ ထားတဲ့ "မန်းရှာ" ဆိုတဲ့ စာအုပ်နဲ့ (ကျနော်လဲ ပါဝင်ရေးသားထားပါတယ်) နောက်တအုပ်က '11x 3 ကရင်တွေရေးထားတဲ့ ကဗျာများ' ဆိုတဲ့ ကဗျာစာအုပ်ဖြစ်ပါတယ်။


ကျနော်က ကဗျာသမားမို့ ကဗျာဆရာမက တခုတ်တရပို့ပေးလိုက်တဲ့ ကရင်တွေရေးတဲ့ ကဗျာစာအုပ်အကြောင်းကို ပြော ချင်ပေမယ့် စာအစပိုင်းမှာ ကျနော်ချီထားနှင့်ခဲ့သလို တိုက်ဆိုင်တာလေးရှိခဲ့တယ်ဆိုတာကိုပဲ ဒီနေရာမှာ ပြောပါ့မယ်။

ညက ဆရာမန်းအောင်ဌေးက သူတို့လူငယ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘ၀ကအကြောင်းတွေကို ကျနော့်ကို ပြောပြ နေခဲ့တာပါ။ ဒီ့မတိုင်မီကတော့ ဆရာဟာ ကျနော့် ကို သူမြှုပ်နှံ အပ်နှင်းထားပုံရတဲ့ ဘာသာတရားကိစ္စတွေကိုသာ ကျနော် နဲ့တွေ့တိုင်း ဇောင်းပေးပြောလေ့ရှိသူပါ။ မှန်တာပြောရရင် ကျနော်ကလဲ ဘယ်ဘာသာတရားကိုမှ ၀င်စားလေ့လာဖို့ မထက် သန်ခဲ့သေးသူဆိုတော့ ဆရာ ပြောသမျှ ဟောသမျှတွေကိုသာ အလိုက်သင့် ကြားနာနေလေ့ရှိသူဖြစ်ရတာပေါ့။

ဆရာဟောပြောပို့ချပြီးတိုင်း ကျနော်ပြန်ဆွေးနွေးမိခဲ့တာကတော့ ကရင့်တော်လှန်ရေးထဲမှာ နှစ်ပေါင်းများစွာ ကျင်လည် ပေးဆပ်ခဲ့သူဖြစ်လေတော့ အဲဒီ့အတွေ့အကြုံတွေကို မှတ်မိသတိရသလောက် ပြန်လည်ရေးသားထားခြင်းဖြင့် နောက်လာ မည့် တော်လှန်ရေးမျိုးဆက်တွေအတွက် အကျိုးများလိမ့်မယ်ဆိုတာပါပဲ။ ပြောတဲ့အခါတိုင်းလဲ ကျနော်က အလေးအနက်အခိုင်အမာနဲ့မျှော်လင့်ယုံကြည်စွာ ပြောခဲ့တာပါ။

လွန်ခဲ့တဲ့ ၅ နှစ် ကျနော် ဒီမြေ ဒီကျွန်း (နယူးဇီလန်က ကျွန်းလေးပါ) ကိုရောက်စ ဆရာနဲ့တွေ့ဆုံကြတော့ နိုင်ငံရေးဆိုတဲ့ ကမ်းခြေဘက်ဆီကို ယောင်လို့တောင်မှ ဦးမလှည့်ချင်တော့ပုံရတဲ့ဆရာဟာ ခုတော့ ကျနော် အဖန်ဖန်တိုက်တွန်းမှုနဲ့ ကရင့်တော်လှန်ရေးအရေးတော်ပုံတပ်သားတယောက်အဖြစ်ပါဝင်ခဲ့တဲ့သူပါဝင်ရာ နေရာကဏ္ဍလေးတွေကို မှတ်မိသလောက် (သူက တော်တော်ပဲ မှတ်ဉာဏ်ကောင်းလှသူပါ။ နံမယ်၊ ခုနှစ်၊ အဖြစ်အပျက်တွေကို စိမ်းစိမ်းလန်းလန်းကြီး သတိရကောင်း တုန်း) ရေးသားနေပြီလို့ ဆိုပါတယ်။

အရင်က သူနဲ့အတန်အသင့်အဆက်ပြတ်နေခဲ့တဲ့ တော်လှန်ရေး ခရီးရှည်ကြီးတလျှောက်က လုပ်ဖော်ကိုင်ဖက်တွေ လူငယ် ကျောင်းသားဘ၀ထဲကနေ တော်လှန်ရေးထဲအထိ အတူလက်တွဲခဲ့သူတွေနဲ့ပါ ပြန်လည်ချိတ်ဆက် ထိတွေ့ စီးမျောနေပြီ ဆိုတော့ ကျနော် ၀မ်းသာကျေနပ်မိပါတယ်။ ကရင်မျိုးဆက်သစ်တွေအတွက်ရော ကရင့်တော်လှန်ရေးသမိုင်းအတွက်ပါ တစုံတရာ အကျိုးဖြစ်စေ ထောက်ကူဖြစ်စေ အမှတ်အသားဖြစ်စေမယ့်စာမျိုးတွေ ကျနော်တို့ ဖတ်ရ မြင်ရနိုင်တော့ မှာဖြစ်ပါတယ်။

ဒီနေရာလေးကနေ ကျေန်ာပြောချင်တာက မနေ့က ဆရာမန်းအောင်ဌေးပြောသွားတဲ့အထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်း သားဘ၀ ငယ်ရုပ်လွှာတွေထဲက ဖဒိုမန်းရှာရဲ့ရုပ်ပုံလွှာကောက်ကြောင်းလေးတချက်ပါပါတယ်။ ဆရာမန်းရှာဟာ သမိုင်း အထူးပြု ဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်ကိုတက်နေစဉ်မှာ မန်းအောင်ဌေး၊ သမိန်ထွန်းတို့နဲ့ တချိန်ထဲ ခေတ် ပြိုင်ကျောင်း နေဘက်များ ဖြစ်ပါတယ်။

"အဲဒီ့ကာလထဲက မန်းရှာဟာ တော်တော်လေးလေးနက်နက် နေတတ်တယ်ကွ၊ မေးစေ့မှာလဲ အမွှေးတွေမရိတ်ဘဲ တော် တော်ရှည်တဲ့အထိ ထားခဲ့သေးတာ။ သူ့ကိုကြည့်ရင် မာ့က်စ်ဝါဒစာပေတွေလဲ အမြဲပဲဖတ်နေတာတွေ့ရတတ်တယ်။ ပြီးတော့ ကဗျာလဲရေးတယ်။ သူ့ကလောင်က ရေဆန်နီတဲ့"

"ရေဆန်နီ" လို့ဆိုလိုက်တဲ့ဆရာမန်းအောင်ဌေးရဲ့စကားသံကြောင့် ကျနော်ရဲ့ သန်းခေါင်ဘက် နီးလာလို့အိပ်ငိုက်ချင်ချင် ဖြစ်နေတဲ့စိတ်လေးဟာ လွန့်ခနဲပြန်လည်လန်းဖြာသစ်သွားသလိုဖြစ်လာပါတယ်။ ကျနော်သိတာက ကျနော်တို့လေးစားရတဲ့ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်ကြီးဟာ ကဗျာလဲရေးပြီး သူ့ရဲ့ကိုင်စွဲထားတဲ့ကလောင်အမည်က "ရေဆန်" လောက်ပဲကိုး။

အခုတော့ သမိုင်းအဓိကနဲ့တက္ကသိုလ်ကျောင်းတော်သားကြီး မောင်ချစ်ဆွေရဲ့ ကလောင်အမည်ဟာ "ရေဆန်နီ" ခဲ့ဖူးသကိုး။

"သူ့က ရေဆန်နီလို့ ကလောင်ခံထားတော့ ဒါကို ဒို့သူငယ်ချင်း ဗမိုးက သူ့ကိုကျီစယ်ပြီး စတဲ့အနေနဲ့ 'ရေဆန်နီ' လို့မခေါ်ဘဲ 'ရေနံဆီ' လို့ခေါ်တော့ သူ အားကြီးစိတ်ဆိုးတာကွ" လို့ ဆရာမန်းအောင်ဌေးက ကျနော့်ကို ဖုန်းထဲကနေ ပြောနေပါတယ်။ သူ့ခမျာ ပြောရင်းနဲ့ကိုတောင် ငယ်ရွယ်ဖျတ်လတ်လန်းဆန်းနေမှန်း အသံက သိသာနေပါတယ်။

အော် ...ဆရာမန်းရှာရဲ့မူလကလောင်က ရေဆန်နီတဲ့လား။
ဒါလေးကို အာရုံထဲတေးထားရင်း ညက အိပ်မောကျသွားခဲ့။

ဟော ဒီမနက်ရောက်တော့ ဆရာမန်းရှာ သို့မဟုတ် ကဗျာဆရာရေဆန် သို့မဟုတ် ရေဆန်နီအတွက် အမှတ်တရ ထုတ်ဝေ ထားတဲ့ စာအုပ်တအုပ်ဟာ အခြားကဗျာရေးသူ ကရင်ကဗျာဆရာလူငယ်များရဲ့ကဗျာစာအုပ်နဲ့အတူ ကျနော့်ဆီကို တိုက် တိုက်ဆိုင်ဆိုင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့။

ဆရာမန်းရှာမသေသေး။ ကဗျာဆရာ ရေဆန်မသေသေး။

ဆရာမန်းအောင်ဌေးခင်ဗျာ....ဆရာဆက်လက်ရေးသားမယ့် ကရင့်တော်လှန်းရေးခရီးစဉ်တလျှောက် ဆရာသိမှီဖြတ်သန်း ခဲ့ရလေးတွေ ဖတ်ဖို့စောင့်စားနေပါ့မယ်။

အားလုံးသော ဆန္ဒတူညီသူများကလဲ တိုက်တွန်းအားပေးကြစေလိုပါတယ်ခင်ဗျား။

- ဖော်ပြပါ ဓာတ်ပုံထဲက ဆရာဖဒိုမန်းရှာဖတ်နေတဲ့သတင်းဂျာနယ်ဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ကျနော်အယ်ဒီတာ လုပ် ရေးသားထုတ်ဝေခဲ့ဖူးတဲ့ မိုးကြိုးဝိုင်းတော်သားမျာရဲ့ သူပုန်သတင်းစာ တစောင်ဖြစ်ပါတယ်။ "မင်းဆိုးကို မိုးကြိုးပစ်မယ်" ဆိုတဲ့ဆောင်ပုဒ်နဲ့ သတင်းစာပေါ့ခင်ဗျား (ဤကားစကားချပ်)