ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် = ဒီမိုကရေစီနှင့် ခိုင်ခန့်သောလူ့အဖွဲ့အစည်း

Tunisians shout slogans during an anti-government demonstration on January 20, 2016 on Habib


ကိုသန်းလွင် = ဒီမိုကရေစီနှင့် ခိုင်ခန့်သောလူ့အဖွဲ့အစည်း
(မိုးမခ) မတ် ၄၊ ၂၀၁၆

(၁)

ဒီနှစ် ဇန်န၀ါရီလ ၁ရ ရက်နေ့က ကျူနီးရှားတွင် အလုပ်လက်မဲ့တယောက် အစိုးရအလုပ်အတွက် လျှောက်ထားရာ တွင် ငြင်းပယ်ခံရ သောကြာင့် ဟုဆိုခါ ဆန္ဒထုတ်ဖေါ်သည့် အနေဖြင့် မိမိဖာသာသတ်သေသွားခဲ့ပါသည်၊ ကျူနီးရှား၌ပင် လွန်ခဲ့သော ၅ နှစ်၂၀၁၁ ခုနှစ်က သစ်သီးရောင်းသူ တဦး စီးပွားရေးဒဏ်ဖိစီးပြီး ဆန္ဒပြသည့် အနေဖြင့် မိမိဖာသာ သတ်သေခဲ့ရာမှ အာရပ်နွေဦး (Arab Spring) ဟုခေါ်သော လူထုလှုပ်ရှားမှု တရပ် ဖြစ်ပေါ်ခဲ့ပါသည်၊ ထိုလှုပ်ရှားမှုသည် အီဂျစ်၊ ယီမင်၊ လစ်ဗျား၊ နှင့် ဆီးရီးယားနိုင်ငံ တို့သို့ လျင်မြန်စွာပြန့်နှန့် သွားခဲ့ပါသည်၊

ယခု ၂၀၁၆ခုနှစ်၊ ဆန္ဒပြမှုမှာ ယခင်အဖြစ်အပျက်များနှင့် ဆင်ဆင်တူသော်လည်း အဓိပ္ပါယ်ကွဲပြားပါသည်၊ ကျူနီးရှားနိုင်ငံ၌ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြောက်ထားသော အစိုးရရှိနေပါပြီ၊ လုံခြုံရေးအရ ကာဖျူး အမိန့်ကို ထုတ်ပြန်ကျေငြာခဲ့ရသော်လည်း များမကြာမှီ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါသည်၊ ဤအဖြစ်အပျက် မျိုးမှာ ဒီမိုကရေစီ နိုင်ငံတိုင်းတွင် ဖြစ်လေ့ရှိပါသည်၊ ပြည်သူပြည်သားတို့မှာ အာဏာရှင်ပြုတ်ကျရေး၊ သို့မဟုတ် အစိုးရပြောင်း လဲရေးကို ဆန္ဒပြခြင်းမဟုတ်၊ မိမိတို့၏ စီးပွားရေးအခြေအနေကို မကျေမနပ် ဖြစ်ပြီး ဆန္ဒပြ ကြခြင်းသာဖြစ်ပါသည်။

(၂)

အာရပ်နွေဦး လှုပ်ရှားမှုကြောင့် တိုင်းပြည်နိုင်ငံအများအပြားတွင်အာဏာရှင်ကြီးများ ပြုတ်ကျသွားခဲ့သော်လည်း လူအများမျှော်လင့်ကြသလို ဒီမိုကရေစီ လူဘောင်သစ်ကို နိုင်ငံအများအပြား၌ မထူထောင်နိုင်ခဲ့ကြပါ၊ အီဂျစ် တွင် အရေးအခင်းအပြီး တက်လာသော ဒီမိုကရေစီအစိုးရမှာ စစ်တပ်၏ အာဏာသိမ်းခြင်း ကိုခံခဲ့ရပါသည်၊ ယီမင် တွင်ပြည်တွင်းစစ်မီးတောက်လောင်လျက်ရှိနေသည်၊ လစ်ဗျား တွင် အာဏာရှင် ကဒါဖီး ပြုတ်ကျပြီး နောက် ဆိုးရွားသော ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိသည်၊ ဆီးရီးယားသမ္မတအာဆတ်မှာ အာဏာလက်ရှိဖြစ် နေသေး သော်လည်း ပြည်တွင်းစစ်ကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးကြပြီး ပြည်သူအများအပြားနေ့စဉ် သေဆုံး နေကြရသည်၊ IS IS ခေါ် အစ္စလမ်နိုင်ငံထူထောင်လိုသူတို့ကြောင့် အခြေအနေမှာ ပိုမိုရှုတ်ထွေးလျက် ရှိပြီး ရုရှားနိုင်ငံကသမ္မတအာဆတ် ဘက်မှဝင်ပြီး ဗုံးကျဲတိုက်ခိုက်ပေးနေသည်၊

ဤကဲ့သို့ အာဏာရှင် ပြုတ်ကျပြီး ဒီမိုကရေစီ စနစ်ချက်ခြင်းဖြစ်ပေါ် မလာခြင်းမှာ အာဏာရှင်များလက်ထက်က အတိုက်အခံအဖွဲ့အစည်းအများအပေါ်ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ခြင်း၊ ၀န်ထမ်းအဖွဲ့အစည်းဟူ၍ အခိုင်အမာ မကျန်ရစ်တော့သောကြောင့် နိုင်ငံတွင်း လုပ်ငန်းများ အတွက် ဗျူရိုကရေစီ ယန္တယား မလည်ပါတ်နိုင် တော့ခြင်း ကြောင့်ဖြစ်ရသည်ဟုသုံးသပ်ကြပါသည်။

ဤနေရာတွင် သက်သေပြချက်အဖြစ် ကျူးနီးရှားနိုင်ငံ၏ အဖြစ်အပျက်များကို ထောက်ပြကြပါသည်။

၂၀၁၁ ခုဇန်န၀ါရီလတွင် အာဏာရှင် ဘင်အလီပြုတ်ကျခဲ့ပါသည်၊ ၂၀၁၃ ခုနှစ်၌ ရွေးကောက်ခံ အစိုးရ အနေဖြင့် အတိုက်အခံခေါင်းဆောင် နှစ်ဦးလုပ်ကြံခံရခြင်း အပါအ၀င် အခက်အခဲပြဿနာ များစွာကြုံတွေ့ ခဲ့သော်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် တွင်လျှောက်လျက် ရှိပါသည်။

၂၀၁၁ သြဂုတ်လတွင် မိန်းကလေးများသည် ယောက်ျားများ၏ အဖြည့်ခံ (Complimentary) ဘ၀နေရာတွင် ရှိသည်ဟူသော အခြေခံ ဥပဒေကို ပြဌာန်းရန်ကြိုးစားသော အခါ တတိုင်းပြည်လုံးက ကန့်ကွက်ခဲ့ကြသည်၊ အစိုးရ အဆက်ဆက် အကြပ်အတည်းများရင်ဆိုင်ခဲ့ရသော်လည်းကျူနီးရှားနိုင်ငံတွင် ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သော အဖွဲ့အစည်း တခုရှိခဲ့ပါသည်၊ နိုင်ငံတွင်အကြီးဆုံးအလုပ်သမား သမဂ္ဂ Trade Union က ဦးဆောင်၍ ၂၀၁၃ ခုနှစ်တွင် ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ National dialogue Quartet ခေါ် အဖွဲ့အစည်းကို ထူထောင်ခဲ့ကြပါသည်၊ သူတို့သည် မတူညီသော ပါတီများအကြား ကြားဝင်စေ့စပ်ပေးခဲ့ကြသည်၊ သူတို့၏ အများညီညွတ်မှုရအောင် စေ့စပ်ပေးနိုင်မှု များကြောင့် ပါတီများ အချင်းချင်း ပဋိပက္ခများကို သက်သာစေခဲ့သည်၊ ၂၀၁၄ခုနှစ်တွင်အောင်မြင်သောဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြဌာန်းနိုင်ခဲ့ကြသည်၊ ထို့နောက်ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ကြပြီး တည်ငြိမ်သော အစိုးရသစ် ပေါ်ထွန်းစေခဲ့သည်။

ထိုအဖွဲ့၏အောင်မြင်မှုများကို အသိမှတ်ပြုသည့်အနေဖြင့်ယမန်နှစ်တွင်နိုဗယ်ကော်မတီက နိုဗယ်ငြိမ်းချမ်းရေး ဆုကိုချီးမြင့်ခဲ့ပါသည်၊ ကျူးနီးရှားတွင် ရဲရင့်သောဆန္ဒပြသူများနှင့် မျိုးချစ်စိတ်ထက်သန်သော နိုင်ငံရေးသမား ကြီးများရှိခဲ့ကြပါသည်၊ ထို့ပြင် အလွန် အင်အားကောင်းသော စည်းကမ်းရှိသော လူမှုအဖွဲ့အစည်းများလည်းရှိ ခဲ့ကြပါသည်၊

(၃)

ဒီမိုကရေစီ စနစ်သည် အောင်မြင်သော စီးပွားရေးစနစ်ကို ချက်ခြင်းဆောင်ကျဉ်းပေးလိမ့်မည်ဟူသော အာမခံ ချက်မရှိပါ။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များအရ ကျူနီးရှားတွင် အလုပ်လက်မဲ့ဦးရေမှာ ၁၅.၂ ရာနှုန်းဖြစ်သည်၊ အသက် ငယ်ရွယ်သူအလုပ်လက်မဲ့များမှာ ၃၇.၆% ရှိသည်၊၊ ကောလိပ်ကျောင်းမှ ဘွဲ့ရသူအရေအတွက်၏ ၆၂.၃ % မှာအလုပ်မရှိကြပါ။

အာဖရိကတိုက်ကြီး အနေဖြင့်ထိုကိန်း ဂဏန်းများမှာ အံ့အားသင့်စရာမရှိပါ၊ ကျူနီးရှားမှ ကောလိပ်ကျောင်း ဆင်း ပညာတတ် များမှာအလုပ်ရွေးရာတွင် ဇီဇာကြောင်ကြသည်၊ ထိုသို့ ပညာတတ် အလုပ်လက်မဲ့များ ကြောင့် ကျူးနီးရှားတွင် ခဏခဏ ဆန္ဒပြပွဲတွေ ဖြစ်ရသည်ဟုဝေဖန်နေကြသည်၊ အာရပ်နွေဦး လှုပ်ရှားမှုက ကျူးနီးရှားနိုင်ငံ ကိုအလုပ်အကိုင် တွေအများအပြားရှိလာ အောင်ပြောင်းလဲမပေးနိုင်ကြပါ။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နိုင်ငံအတွင်း မှ အစိုးရအပါအ၀င် နိုင်ငံရေးပါတီများမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောင်မြင်စွာ ပြဌာန်းနိုင်ရေး ကိုသာ ဦးစားပေး အလုပ်လုပ်ခဲ့ရသည်၊ ဆွေးနွေးပွဲများမှာ အချိန်ကြာပြီး သူတို့လူမျိုး၏ သဘောမှာ အားလုံးသဘောတူရေးကို ဦးစားပေးသည်၊ ဆန္ဒပြပွဲများ ကျင်းပပြီး နိုင်ငံရေးသမား ဖြစ် လာကြသူများမှာ များသောအားဖြင့် လူ့အခွင့်အရေး နှင့် ဘာသာတရားကို ဦးစားပေးကြသည်၊ စီးပွားရေး မှာ ဦးစားပေးခံရသော အဆင့်တွင်မရှိခဲ့ပေ။

ဆိုခဲ့သည့်အတိုင်း အလုပ်သမားသမဂ္ဂမှာ တိုင်းပြည်၏ အရေးပါသော ဖွဲ့စည်းပုံရေးဆွဲရေး နှင့် အခြားနိုင်ငံရေး အခင်းအကျင်းတွင် အဓိက အခန်းမှာ ပါဝင်နေရာ လက်ရှိကုမ္ပဏီကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးတွင် ၀င်ပြီး မစွက်ဖက်လိုကြပေ၊ အလုပ်သမားသမဂ္ဂအနေဖြင့်သူ့သြဇာကို အသုံးချ၍ အလုပ်သမား များ ကျေနပ်လောက်သည့် လစာရရှိရေးကိုလည်း ဖန်တီးပေးထားပြီးဖြစ်သည်။

အလုပ်သမားအများစုမှာ အစိုးရ၀န်ထမ်းပင် ဖြစ်ချင်ကြပြီး အခြားလခနဲ ကုမ္ပဏီဝန်ထမ်းအလုပ်ကို ဘွဲ့ရသူ များက ထိုက်တန်သည်ဟု မယူဆကြပေ။

ကျူးနီးရှားနိုင်ငံတွင် လက်ရှိအစိုးရ၏ အုပ်ချုပ်နေမှုကို မေးခွန်းမထုတ်ကြပေ၊ ဤသည်မှာ ဒီမိုကရေစီစနစ်အရ နိုင်ငံကို အုပ်ချုပ်ခြင်းမှာ ကောင်းမွန်လွန်းသောကြောင့်မဟုတ်သည်မှာလည်းသေချာသည်၊ ဒီမိုကရေစီ အစိုးရ ဖြစ်သောကြောင့် အာဏာကို သမာသမတ်ကျသောနည်းများဖြင့်( Legitimacy) ရယူထားခြင်း ဖြစ်သောကြောင့် ပင်၊ ထို့ကြောင့် ကျူးနီးရှားနိုင်ငံ မှ ဆန္ဒပြမှုမှာ အုပ်ချုပ်သော အစိုးရနှင့် ၄င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်ကြခြင်း မဟုတ်ပါ၊

လူထုအုံကြွမှုအပြီး ငါးနှစ်အကြာတွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုက ပေးသောသင်ခမ်းစာမှာ ဒီမိုကရေစီ အစိုးရ သည် ကောင်းမွန် ထိုက်တန်သော အလုပ်များကို လုပ်ဆောင်ခဲ့ သလို အမှားများ စွာကိုလည်း လုပ်ခဲ့ကြပါ သည်၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ ထင်ထင် ရှားရှားကြီးမြင်နေရသည်၊ ထိုအစိုးရအနေဖြင့် ထိုပြုပြင်ရေး လုပ်ငန်း များကို အကောင်အထည် ဖော်နိုင်ရပါလိမ့်မည်၊

ပြည်သူအများမျှော်လင့်သလို ထိုအစိုးရသစ်သည် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကျဉ်း မပေးနိုင် ခဲ့ပါလျင် ပြည်သူလူထုက ဆန္ဒ ထုတ်ဖေါ်ကြပါလိမ့်ဦးမည်၊၊ ထိုပြုပြင်ရေးလုပ်ငန်းများဆိုသည်မှာ အလွန် အန္တရာယ်များပြားသော၊ ခက်ခဲသော၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုဆိုလိုပါသည်။

ကိုသန်းလွင်

Ref: Protests in Tunisia are different this time around by Noah Feldman.