သမ္မတအရည်အချင်းဆိုတာ ဖြူဖို့ ဖြောင့်ဖို့ နှင့် ဘကြီးမိုး

Photo - Yan Naung (Botahtaung)
သမ္မတအရည်အချင်းဆိုတာ ဖြူဖို့ ဖြောင့်ဖို့ နှင့် ဘကြီးမိုး
ဘကြီးမိုး ။  ကုမုဒြာသတင်းဂျာနယ်၊ မတ်လ ၁၅ ၊၂၀၁၆

(မိုးမခ) မတ် ၁၆၊ ၂၀၁၆
တိုင်းပြည်ကို အုပ်ချုပ်တဲ့ သမ္မတ တစ်ယောက်ရဲ့ အရည်အချင်းဟာ ဘာတွေလဲလို့ ဘကြီးမိုးကို မေးရင် အဓိက လိုအပ်တဲ့ အရည်အချင်းက ဖြူဖို့ ဖြောင့်ဖို့ပါပဲ။

အင်န်အယ်လ်ဒီက ဒုတိယသမ္မတလောင်း နှစ်ယောက်တင်မြှောက်လိုက်တဲ့သူ နှစ်ဦးကတော့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ ဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ အင်န်အယ်လ်ဒီနိုင်ငံရေးမှာ လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်မဟုတ်လေတော့ သတင်းဌာနတွေက ရှေ့မီနောက်မီဖြစ်တဲ့ ဘကြီးမိုးကို ဦးထင်ကျော် ဘယ်သူလဲ၊ဘယ်လိုလူလဲလို့ မေးကြမြန်းကြပါတယ်။ ဘကြီးမိုးကိုယ်တိုင် ဦးထင်ကျော်ကို မှတ်မှတ်ရရ ဂျာနယ်သတင်းသမားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းက အမှတ်(၄၄) သံတံခါးဝမှာ အများပြည်သူကို နှုတ်ဆက်စကားပြောကြားတဲ့ အချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နံဘေးမှာ မားမားကြီးရပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ မေးတာ မြန်းတာခံရပါတယ်။ အဲဒါနဲ့ သူက ဦးထင်ကျော်ပဲ၊ ဆရာကြီးမင်းသုဝဏ်ရဲ့ သားလို့ ပြောရပါတယ်။

တကယ့်တကယ်တော့လည်း ဘကြီးမိုးက ဦးထင်ကျော်နဲ့ သိပ်ပြီးရင်းနှီးလှတာ မဟုတ်ပေမဲ့ ဦးထင်ကျော်ရဲ့ ဖခင် ဆရာကြီးမင်းသုဝဏ်ကတော့ ဘကြီးမိုးတို့ရဲ့ ဆရာရင်း၊ ထမနဲပွဲတိုင်း ဆရာ့အိမ်သွားပြီး လူစုစားနေကျ၊သီးခြား တင်မိုး၊မောင်စွမ်းရည်၊မောင်သာနိုး၊ဘကြီးမိုးတို့က နှစ်စဉ်ဆရာ့အိမ်သွားပြီး ကန်တော့နေကျ ဖြစ်ပါတယ်။

ဆရာကြီးမင်းသုဝဏ်နဲ့ ပတ်သက်ပြီး ဘကြီးမိုးမှာ အမှတ်တရဖြစ်ရတဲ့အကြောင်းအရာ ၊မမေ့နိုင်စရာ အကြောင်းအရာကတော့ ဆရာကြီးက ၉၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက ဝင်ရောက်အရွေးခံတဲ့ကိစ္စပါပဲ။ ဆရာကြီးဟာ ဘကြီးမိုးတို့ရဲ့ နိုင်ငံအတွက် ပြည်သူ့ဘက်မှ ရပ်တည်တာပဲ။ဘကြီးမိုးတို့ တပည့်တွေလုပ်တဲ့ နိုင်ငံရေးတိုက်ပွဲမှာ ဆရာကြီးပါလာတာပဲလို့ ဘကြီးမိုးယုံကြည်ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းမှာလည်း ကလေးတွေရဲ့ အစာငတ်ခံဆန္ဒပြပွဲမှာ ကဗျာရေးပြီး ထောက်ခံအားပေးခဲ့ပါတယ်။ဆရာကြီး ၉၀ မှာ ဝင်ရောက်အရွေးခံတာ

သိရတော့ ဘကြီးမိုးက ထောင်ဝင်စာလာတွေ့တဲ့ ဇနီးမအမာကို ဆရာကြီးအိမ်ကို သပြေပန်းနဲ့ သွားကန်တော့ပါလို့ ညွှန်ကြားပါတယ်။ အမာက ဆရာ့အိမ်ကို မရောက်ဖူးဘူး။မသွားဖူးဘူးဆိုတော့ ဘဂျမ်း(တင်မိုး)ကို ခေါ်သွားလို့ ပြောခဲ့ရပါတယ်။ဘကြီးမိုးတို့ဆရာဟာ တပည့်တွေရဲ့ တိုက်ပွဲမှာ ပါဝင်ပေးတဲ့ အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ သပြေပန်းနဲ့ သွားကန်တော့ ခိုင်းခဲ့တာပါ။ ဆရာကြီးရဲ့ သပြေညိုကဗျာဟာ အထင်ရှားဆုံး မဟုတ်ပါလား။

သူ့ခေါင်းမှာလည်း သပြေညို

ငါ့ခေါင်းမှာလည်း သပြေညို

သပြေညို ရွှေဘိုပန်းရယ်က လန်းလျက်ပါကို။

တစ်နေ့က လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက သပြေပန်းကို ပန်လာလို့ ကြည်နူးဝမ်းသာဖြစ်ရပါတယ်။

ခုတော့ ဆရာကြီးရဲ့သား ဦးထင်ကျော်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လုပ်ဆောင်နေရာက အင်န်အယ်လ်ဒီရဲ့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရတာမို့ ဝမ်းသာ ပီတိ ဖြစ်ရပါတယ်။

ဦးထင်ကျော်ဟာ တည်ကြည် အေးချမ်းပြီး အလွန်ဖြူ အလွန်ဖြောင့်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

သူ့ဖခင် ဆရာကြီးမင်းသုဝဏ်ရဲ့ စာတွေ ကဗျာတွေကိုလည်း ဒလဘန်း ဆိုတဲ့နာမည်နဲ့ ရေးသားပြီး ဘကြီးမိုးကို လက်ဆောင်တအုပ်ပေးဖူးပါတယ်။

လွှတ်တော်က တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်နှစ်ဦးနဲ့ တပ်မတော်ကတင်သွင်းတဲ့ ကိုယ်စားလှယ်တို့ ပေါင်းသုံးဦးကို စိစစ်ရေးကော်မတီခုနစ်ဦးက ၁၄ ရက်နေ့မှာ စိစစ်ကြပြီး နောက်နေ့လောက်မှာ သူတို့သုံးဦးထဲက သမ္မတအဖြစ်တစ်ဦး၊ဒုတိယသမ္မတ (၁) နဲ့ (၂) တို့ကို မဲဖြင့်ရွေးရမှာ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီက တင်သွင်းခဲ့တဲ့ ဦးထင်ကျော်တို့၊ဦးဟင်နရီဗန်ထီးယူတို့ ဟာ လွှတ်တော်တွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်များကို ယှဉ်ပြိုင် အနိုင်ရပြီးမှ အရွေးခံရတာ ဖြစ်ပါတယ်။ တပ်မတော်ကိုယ်စားလှယ်ကတော့ ယှဉ်ပြိုင်စရာမလိုဘဲ တင်သွင်းပြီး ရောက်လာတာဖြစ်ပါတယ်။ဒါပေမဲ့ သမ္မတကြီးနေရာကိုတော့ သုံးဦး ယှဉ်ပြိုင် မဲရွေးကြရမှာ ဖြစ်ပါတယ်။

သမ္မတလောင်းအဖြစ် ရွေးချယ်စိစစ်ရေးအဖွဲ့က စိစစ်ရာမှာ စီးပွားရေးအမြင်ရှိမရှိ၊ စစ်ရေးအမြင်ရှိမရှိ၊ ကိုယ်စားလှယ်တို့ရဲ့ မိသားစုဝင်များက နိုင်ငံသား ဟုတ်မဟုတ်စတာတို့ ပါဝင်ပါတယ်။

သားသမီး နိုင်ငံသား မဟုတ်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် တင်သွင်းခွင့် မရရှိစေခဲ့တာ ဖြစ်ပါတယ်တဲ့။ ယခု တပ်မတော်က တင်သွင်းတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကလည်း ၂၀၁၀ မှာ သူ့သားလား သမီးလား မသိပါဘူး။ နိုင်ငံသားမဟုတ်လို့ ဆိုပြီး ဒုတိယသမ္မတ မဖြစ်ခဲ့ရပါဘူး။ ယခုအခါမှာတော့ အဲသည်ကလေးကို နိုင်ငံသားလုပ်လိုက်လို့ အရွေးခံရနိုင်ပြီလို့ ပြောကြတာပါပဲ။ ဩော် သည်လိုလဲ လုပ်လို့ရသကိုး။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကိုလည်း နိုင်ငံသားလုပ်ခိုင်းပါလားလို့ ပြောခဲ့ဖူးတာကိုး။ ဒေါ်အောင်ဆန်းစုကြည်ကို အဲသည်လို တိုက်တွန်းလို့ ရစရာ မရှိဘူးဆိုတာကို မသိနားမလည်ပါလားလို့ အကြံပေးသူ ဦးရဲထွဋ်အတွက် စိတ်မကောင်းဖြစ်ရပါတယ်။

ဘကြီးမိုးရဲ့ တစ်ကိုယ်တော် အယူအဆကတော့ သမ္မတလောင်းတယောက်ရဲ့ အဓိက အရည်အသွေးဟာ စိတ်ဓာတ်ဖြူဖို့ ဖြောင့်ဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ ထင်ပါတယ်။

တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်မယ့် သူဟာ စိတ်ဓာတ်စိတ်ရင်း ဖြူစင်ပြီး ဖြောင့်မတ်ပါမှ တိုင်းသူပြည်သားများရဲ့ အကျိုးစီးပွားကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လူသားတယောက်ရဲ့ အကြီးမားဆုံး အရေးပါဆုံး အရည်အသွေးဟာ ဖြူဖို့ ဖြောင့်ဖို့ပဲ ဖြစ်ပါတယ်။

စီးပွားရေး အမြင်ဆိုတာကတော့ ဝယ်လို့ရပါတယ်။ ငှားလို့ရပါတယ်။ လေံလာလို့လည်း ရပါတယ်။ မိသားစုဝင် နိုင်ငံသား ဟုတ်မဟုတ်မဆိုတာလည်း ပြောင်းလို့ လုပ်လို့ရတာပဲလေ။ ဦးမြင့်ဆွေဟာ သာဓကပေါ့။

စိတ်ဓာတ်ဖြူဖို့ ဖြောင့်ဖို့ ဆိုတာက မလွယ်ဘူးနော်။ပင်ကိုဗီဇက ပါလာဖို့လိုသလို အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်လှုံ့ဆော်မှုတွေလည်း လိုတာပေါ့နော်။

တစ်နေ့က ဘကြီးမိုးတို့ လက်ဖက်ရည်ဝိုင်းမှာ စီးပွားရေးလုပ်ငန်းလုပ်သူ တစ်ဦးက ကျုပ်တို့တတွေက ပေးကမ်း လမ်းဖောက်ပြီး လမ်းလျှောက်လာတဲ့သူတွေဆိုတော့ အစိုးရသစ် မူသစ်မှာ မပေးရ မကမ်းရ၊ မယူရ မယူရဲရင် ဘယ်လိုများ လုပ်ကြပါ့မလဲ၊ လုပ်မှ လုပ်တတ်ပါ့မလားလို့ ရယ်စရာ ပြောဖြစ်ကြပါတယ်။

နှစ်ပေါင်း ၅၀ ကျော် လာဘ်ပေး လာဘ်ယူမှု ပတ်ဝန်းကျင်နဲ့ နေထိုင်လာကြတာလေ။

အင်န်အယ်လ်ဒီရဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အားလုံးပြောင်းလဲကြဖို့တော့ လိုတာပေါ့လေ။

ဦးထင်ကျော် သမ္မတလောင်းအဖြစ် အရွေးခံရတာကို ဘကြီးမိုး ဝမ်းသာတယ်ဗျာ။ ဘကြီးမိုးတို့ ဆရာရဲ့ သားဖြစ်ရုံမကပါဘူး။ ဦးထင်ကျော်ဟာ ဆရာ့လိုပဲ ဖြူတဲ့ ပုဂ္ဂိုလ်၊ ဖြောင့်တဲ့ပုဂ္ဂိုလ်မို့ ဖြစ်ပါတယ်။

သမ္မတအရည်အချင်းဆိုတာ ဖြူဖို့ ဖြောင့်ဖို့ နှင့် ဘကြီးမိုးပါ။