ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသားစစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၃)


မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၃)
(မိုးမခ) မတ် ၈၊ ၂၀၁၆
 
● ဝ မျိုးနွယ်စုခေါင်းဆောင်များနှင့် အမိန့်နာခံမှု
ဝတို့၏ မျိုးနွယ်စုအလိုက်အစဉ်အလာ ခေါင်းဆောင်များသည် ဝ အမျိုးသားတို့ကြားတွင် အလွန်အရေးပါသည်။ မျိုးနွယ်စု တခုရှိ ဝ များသည် ၎င်းတို့ခေါင်းဆောင်၏စကားကို တသွေမတိမ်းလိုက်နာလေ့ရှိကြသည်။ ဤသို့ အမိန့်နာခံမှု ကောင်းခြင်း သည် စစ်မြေပြင်တွင် အလွန်အကျိုးရှိသည်။ CPB တို့ ဝ နယ်တွင် တပ်များစတင်ဖွဲ့စည်းစဉ်က တပ်ရင်းတပ်ဖွဲ့များသည် ဒေသအလိုက် စုစည်းကြခြင်းဖြစ်သည်။ ဥပမာ အိုက်ချင်းနယ်မှ ရင်း ၅၀၁ ခွင်းမားနယ်မှ ရင်း ၇၀၁ မန်တုန်နယ်မှ ရင်း ၆ စသဖြင့် ဒေသမျိုးနွယ်စုအလိုက် စတင်စုစည်းစုဖွဲ့ခဲ့ကြခြင်းဖြစ်သည်။ လူမျိုးအရ အတူတူဖြစ်သော်လည်း မျိုးနွယ်အုပ်စုအ လိုက် စကားအနည်းငယ်ကွဲပြားလေ့ရှိရာ ဝ အချင်းချင်းဆိုလျှင် ဘယ်နယ်ကဆိုသည်ကို ခွဲခြားသိနိုင်ကြသည်။

သို့ဖြစ်ရာ ပြဿနာတခုမှာ အစောပိုင်းကာလများ၌ အောက်ခြေ ဝ ရဲဘော်များအနေနှင့် မိမိမျိုးနွယ်စုခေါင်းဆောင် တပ်ရင်း မှူး တို့၏အမိန့်ကို နားထောင်ကြသော်လည်း ရင်းမှူးအဆင့်ထက်မြင့်သော သူတို့မသိသောသူများ အမိန့်ကို မူနားထောင်လေ့ မရှိကြ။ ဥပမာတခုဆိုရလျင် ၁၉၈၀ ဝန်းကျင်က ဝ နယ်တွင် တပ်မ ၄၈ ဖွဲ့စည်းစဉ်က ဖြစ်ရပ်တခုကိုဖေါ်ပြလိုသည်။ တပ်မ ၄၈ လက်အောက်ခံ ရင်း ၆ မှ ရဲဘော်များနှင့် အခြားတပ်မှ ဗမာရဲဘော်တစ်ဦးပြဿနာဖြစ်ပွားရာ ရင်း ၆ မှ ရဲဘော်များ ဝိုင်းအုံလာသဖြင့် ထိုရဲဘော်မှာ တပ်မ ၄၈ ရုံးအတွင်း ပြေးဝင်ပုန်းရသည်။ ထိုအခါရင်း ၆ မှ ဝ ရဲဘော်များသည် တပ်မ ၄၈ ရုံးအားဝိုင်း၍ ထိုရဲဘော်အားထုတ်ပေးရန် တောင်းဆိုကြသည်။ တပ်မမှူး ဗိုလ်ဇော်မိုင် (ယခင် လဖိုင်နော်ဆိုင်းတပ်မှ) ပင် ထိမ်းမရခဲ့။ ထိုသို့ဖြစ်နေစဉ် ရင်း ၆ ရင်းမှူး ဝ အမျိုးသားရောက်လာပြီး သူ့တပ်ကိုချက်ခြင်းတန်းစီပြီး ခေါ်ထုတ်သွားရာ တပ် မမှူးကိုပင် ခွန်းတုန့်ပြန်အရေးဆိုနေသော ဝ ရဲဘော်များအသံတိတ် စောဒကတချက်မတက်ရဲဘဲ တပ်ရင်းမှူး၏ အမိန့် ပေးမှုအတိုင်း တိတ်ဆိတ်စွာပြန်သွားခဲ့ကြသည်။

ဤအချက်ကိုဖေါ်ပြခြင်းမှာ ဝ တို့၏ သူမျိုးနွယ်အုပ်စုလိုက် အမိန့်ကိုနာခံတတ်ပုံကိုဖေါ်ပြလို၍ဖြစ်သည်။ တဖက်တွင် ဤအ ချက်သည် ဝ အမျိုးသားခေါင်းဆောင်တို့ CPB ကိုပုန်ကန်ရာ၌ အရေးပါသောအချက်ဖြစ်သည်။ နောက်ပိုင်းတွင် ဝ မျိုး နွယ်စုအားလုံး စုစည်းခေါင်းဆောင်နိုင်လောက်အောင် သြဇာရှိသော ဝ ခေါင်းဆောင်များပေါ်ထွက်လာသောအခါ CPB ကို ပုန်ကန်ရာတွင် အခက်အခဲမရှိတော့ချေ။ တဖက်တွင်လည်း စစ်မြေပြင်တွင် ဤသို့ အမိန့်နာခံတတ်သောတပ်သည် ကျား ကုတ်ကျားခဲတိုက်လေ့ရှိသည်ကို ဖေါ်ပြသည်။

● UWSA
၁၉၈၉ ဧပြီလတွင် ကျောက်ညီလိုင် ပေါက်ယိုချမ်းတို့ဦးစီးသည့် ဝ အမျိုးသားတို့သည် CPB ဗဟိုအားပုန်ကန်လိုက်ပြီး UWSA ဟူသော ဝ ပြည်သွေးစည်းရေးတပ်မတော် ကိုဖွဲ့စည်းလိုက်ကြသည်။ သွေးထွက်သံယိုမရှိသည့်ပုန်ကန်မှုဟု ဆို၍ရသည်။ CPB ခေါင်းဆောင်များအား တရုတ်ပြည်ဖက်ကမ်းသို့ ပို့ဆောင်လိုက်ကြသည်။ ဝ နယ်တခုလုံးအား ထိမ်းချုပ်လိုက်နိုင်ပြီး နဝတ အစိုးရနှင့်ငြိမ်းချမ်းရေယူလိုက်ကာ ဝ အထူးဒေသ ၂ ဟူ၍ဖြစ်လာတော့သည်။

UWSA သည် CPB မှခွဲထွက်လိုက်သောအဖွဲ့များအနက် လက်နက်ကိုင်အင်အားအကြီးဆုံးအဖွဲ့အဖြစ် ထွက်ပေါ်လာသည်။ CPB ၏ လက်နက်ကိုင် အင်အားများထဲတွင် ဝ စစ်သည်က အများဆုံးလည်းဖြစ် ဝ ဒေသကလည်း  နယ်မြေအကျယ်ဆုံးဖြစ်ပေ ရာ UWSA အင်အားအတောင့်ဆုံးအဖွဲ့ဖြစ်နေပေတော့သည်။ ထို့ပြင် CPB ဗဟို၏ လက်နက်ဂိုဒေါင်မှာလည်း ဝ နယ်ပန်ဆန်း ၌ပင်ရှိရာ CPB ၏ လက်ကျန် ခဲယမ်းမီးကျောက်အများစုကို ဝ တို့ရရှိသွားတော့သည်။

UWSA အနေနှင့် ဝ အမျိုးသားအဖွဲ့အစည်းဖြစ်လာပြီးနောက် မူလက CPB နဲ့လက်မတွဲခဲ့သည့် ဝ အဖွဲ့အချို့ ထိုင်းနယ်စပ်တွင် ကူမင်တန်နှင့်ဆက်စပ်နေသော ဝ အဖွဲ့အချို့သည် UWSA နှင့်ပြန်လည်ဆက်စပ် ပေါင်းစည်းရန် ဆက်သွယ်လာကြတော့ သည်။ ထိုသူများထဲတွင် မဟာစန်းနှင့်ဝေရှောက်ကမ်း ဝေရှောက်လုံ ဝေရှောက်ရင် ညီအကို ၃ ဦးတို့ပါဝင်ကြသည်။

ထို့ပြင် ထိုနယ်စပ်ရှိ ဝ အဖွဲ့တို့နှင့်ဆက်စပ်မိသွားသည့်အပြင် နဝတနှင့် အလဲအလှယ်လုပ်ခြင်းတို့ကြောင့် UWSA တို့ နယ် မြေတစ်ခု ထပ်ရလိုက်သည်။ ထိုနယ်မှာ ကျိုင်းတုံ တာချီလိတ် တောင်ဖက် မိုင်းဆတ် မိုင်းတုံ အရှေ့ဖက်ခြမ်း ထိုင်းနယ်စပ် တကြောဖြစ်သည်။ UWSA နှင့် နဝတတို့ ငြိမ်းချမ်းရေးယူလိုက်ပြီးနောက် UWSAတပ်များသည် သံလွင်အရှေ့ခြမ်း ဝ နယ် တွင်သာမက သံလွင်အနောက်ခြမ်း ကျောက်ဂူ နောင်ဝိုးစသည့် ရှမ်းပြည်အလယ်ပိုင်းတွင် ယခင် CPB အလယ်ပိုင်းဗျူရိုမှ တပ်မ ၆၈ တပ်များဖြစ်သည့် ကျောက်ကျုံးတန်းဦးစီးသည့် UWSA တပ်များရှိနေသေးသည်။ နဝတ အနေနှင့် UWSA တပ် များ အား ရှမ်းပြည်အလယ်ပိုင်းမှ ဖယ်ထုတ်ရန်အတွက်၎င်း ထိုင်းနယ်စပ်တွင်အခြေပြုနေသည့် ခွန်ဆာဦးစီးMTA ဖယ်ရှားရန် အတွက်၎င်း တချက်ခုတ်နှစ်ချက်ပြတ်စီစဉ်ခဲ့ပုံရသည်။ ရှမ်းအလယ်ပိုင်းမှ UWSA တပ်များ ဖယ်ရှားပေးပြီး ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်းရှိ ခွန်ဆာ၏ MTA တပ်များကိုတိုက်ခိုက်ပြီး နေရာယူခွင့်ပြုခဲ့သည်။ ထိုအချိန်ကာလကလည်း UWSA တပ်များကို မြန်မာစစ်ဖက်ကကားများစီစဉ်၍ ရွှေ့ပေးခဲ့သည်ဟုဆိုကြပါသည်။ ဤသို့ဖြင့် ၁၉၉၀ နောက်ပိုင်းမှစ၍ UWSA တပ်များသည် ခွန်ဆာ၏ MTA ရွက်ဆစ်၏ SURA တို့ကို တိုက်ခိုက်ပြီး မိုင်း ဆတ်ခရိုင် အရှေ့ဖက် ထိုင်းနယ်တွင် အခြေချခွင့်ရ သွားခဲ့သည်။

တကယ်တော့ ထိုင်းနယ်စပ်လွယ်လန်း တောင်ကြောအား ဝ တပ်များစတင်သိမ်းပိုက်သည်မှာ ၁၉၈၇ ခန့်မှစ၍ ဖြစ်သည်။ ထိုစဉ် CPBတပ်မ ၆၈ မှ တပ်အချို့သည် လွယ်လန်းတောင်ကြောရှိ MTA ခွန်ဆာ၏တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး တပ်စွဲထားခဲ့သည်။ ထိုင်းသို့ ဘိန်းကုန်ကူးရန်အတွက် ဘိန်းလမ်းကြောင်းဖွင့်ရန် ဟုဆိုကြသည်။ ဤသို့ဖြင့် မိုင်းဆတ် မိုင်း တုံ အရှေ့ဖက်ရှိ တောထူထပ်သော တောင်ကြောများတွင် တပ်စွဲထားနိုင်ခဲ့သည်။

ထို့နောက် ရှမ်းပြည်အလယ်ရှိ UWSA တပ်များအား ထိုဒေသသို့သွားရောက်၍ MTA တပ်များနှင့်ဆိုင်ထားရန် နဝတမှ သဘောတူခဲ့သည်။ ဤသို့ဖြင့် ရှမ်းပြည်အလယ်ပိုင်းရှိ နေရာများကို UWSA မှ စွန့်လွှတ်၍ လွယ်လန်းတောင်ကြောကို အခြေ ပြုမှုသည် နဝတ၏ တရားဝင် အသိမှတ်ပြုသကဲ့သို့ဖြစ်တော့သည်။

တကယ်တမ်း UWSA တပ်များ ထိုဒေသသို့အလုံးအရင်းနှင့်ဝင်ရောက်လာသည်မှာ ၂၀၀၃ လောက်မှဖြစ်သည်။ ထိုအချိန်က ရွက်ဆစ်၏ RCSS တပ်ဖွဲ့များသည် ထိုင်း၏ ကျောထောက်နောက်ခံ လက်နက်ကြီးပစ်ကူများနှင့် လွယ်လန်းတောင်ကြောရှိ စခန်းများအား ဝင်ရောက်တိုက်ခိုက်ရာ UWSA တပ်စွဲထားသော စခန်း ၂ ခုမကျသော်လည်း တာချီလိတ်နှင့်နီးသော အစိုးရ တပ်စခန်း ၇ ခုခန့်မှာ ရွက်ဆစ်အဖွဲ့၏ သိမ်းပိုက်ခြင်းခံလိုက်ရသည်။ အဆိုပါစခန်းများအား ပြန်လည်သိမ်းပိုက်ရန်အတွက် နအဖ အစိုးရမှ UWSA တပ်များအား အသုံးပြုခဲ့သည်။ မြန်မာစစ်ဖက်မှ UWSAအား ၁၂၀ မမ ၄ လက်နှင့် ကျည်အလုံအလောက် အကူအညီပေးခဲ့ပြီး UWSA တပ်များ ထိုစခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစစ်ဆင်ရေးကို ဦးစီးသည် မှာ လက်ရှိ UWSA စစ်ဦးစီးမှူး အိုက်လွန်းဖြစ်သည်။

စခန်း ၆ ခုကို UWSA က သိမ်းပိုက်ပြီး စခန်း ၁ ခုကို မြန်မာစစ်ဖက်သိမ်းပိုက်ခဲ့သည်။ ထို့နောက်သိမ်းပိုက်ရသော စခန်း ၆ ခုအာ်းလည်း မြန်မာစစ်ဖက်သို့ ပြန်လည်လွှဲပေးခဲ့သည်ဟုဆိုပါသည်။

ထိုစစ်ဆင်ရေးမှစ၍ ဝ နယ်မှ UWSA တပ်ဖွဲများ လွယ်လန်းဒေသသို့ရောက်ရှိလာပြီး လွယ်လန်းဒေသ တလျောက်ဆက်လက် အခြေစိုက်နေထိုင်ကြတော့သည်။ ထို့ကြောင့်လည်း ၂၀၀၉ နောက်ပိုင်း ထိုဒေသမှ UWSA တပ်များအား မြန်မာစစ်ဖက်က ဖယ်ခိုင်းသောအခါ ဖယ်ရှားခြင်းမပြုခဲ့ပေ။ UWSA အနေနှင့် သူတို့ ဝ ရဲဘော်များသွေးမြေကျတိုက်ခိုက်ခဲ့ရသော လွယ်လန်း ဒေသအား သူတို့ ထိမ်းချုပ်ခွင့်ရှိသည်ဟု ယူဆထားကြသည်။

ထိုအချိန်မှစ၍ RCSS တပ်များလည်း ပို၍တောင်ဘက်ကျသော လွယ်တိုင်းလျံသို့ ရောက်ရှိသွားတော့သည်။

ယခုအခါ အဆိုပါဒေသကို UWSA ၁၇၁ စစ်ဒေသအဖြစ် သတ်မှတ်ခေါ်ဝေါ်သည်။ အချို့က မူလကျိုင်းတုံမြောက်ခြမ်းရှိ ဝ နယ်အား ဝ မြောက်ဟုခေါ်ပြီး မိုင်းဆတ်ခရိုင်အတွင်း UWSA အခြေစိုက်ရာ ၁၇၁ စစ်ဒေသအား ဝ တောင်ဟုခေါ်ကြသည်မှာ မှားယွင်းသည်။ မူလ ဝနယ်မြောက်ပိုင်းမှာ ခွင်းမားဒေသဖြစ်ပြီး ဝ တောင်မှာ ပန်ဆန်းဒေသဖက်ခြမ်းဖြစ်သည်။ လက်ရှိ မိုင်း ဆတ်ခရိုင်အတွင်း UWSA အခြေစိုက်ရာ ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင်အတွင်းဒေသသည် မူလက ဝ အမျိုးသားတို့အခြေစိုက်နေခဲ့သောဒေသမဟုတ်ပေ။

၂၀၀၀ ပြည်နှစ်နောက်ပိုင်း ထိုင်းနှင့်မြန်မာအစိုးရကြားတင်းမာမှုများဖြစ်ပွားချိန် ထိုင်းတို့၏ကျောထောက်နောက်ခံဖြင့် ရွက် ဆစ်အဖွဲ့အားကောင်း လာချိန်တွင် ထပ်မံပြင်းထန်သောတိုက်ပွဲများဖြစ်ကာ UWSA တပ်များ အဆိုပါဒေသသို့ ပိုမိုဝင်ရောက် လာကြသည်။ ၎င်းတို့နှင့်အတူ မိသားစုများပါ ရောက်ရှိအခြေချခြင်းများပိုမို ပြုလုပ်လာခဲ့ကြသည်။ UWSA အနေနှင့် ထိုင်း နယ်စပ်တွင် အခြေချခွင့်ရလိုက်သဖြင့် ထိုင်းနှင့် ကုန်သွယ်ဆက်ဆံမှုလမ်းကြောင်းပွင့်သွားသည်ဟု ဆိုနိုင်သည်။ ထို့ပြင် ဝ တို့အနေနှင့် ထိုဒေသတွင် သူတို့၏ ဝ ရဲဘော်များ သွေးမြေကျခံ တိုက်ယူထားရသဖြင့် သူတို့ ထိမ်းချုပ်ခွင့်ရှိသည်ဟု ယူဆ ကြပါသည်။ ဒေသခံရှမ်းအများစုကတော့ ၎င်းအချင်းအရာကိုကျေလည်ခြင်းမရှိကြချေ။ လက်ရှိ UWSA ထိမ်းချုပ်ရာဒေသ များထဲတွင် အငြင်းပွားဖွယ်ရာဒေသဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Photo source : Getty Images