ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသစ် (သီတဂူ) - ဘုန်းတော်ကြီး ဒလိုင်းလားမား

ကိုသစ် (သီတဂူ) - ဘုန်းတော်ကြီး ဒလိုင်းလားမား
(မိုးမခ) မတ် ၃၊ ၂၀၁၆

I am a man of religion, but religion alone cannot answer all our problems.

"ကျွန်ုပ်သည် ဘာသာတရားကို ယုံကြည်သက်ဝင်သူတစ်ဦးဖြစ်ပါသည်။ သို့သော် ဘာသာတရားတစ်ခုတည်းနဲ့ ဘ၀ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်လိမ့်မည်မဟုတ်ပါ"ဟု ကမ္ဘာကျော်ဘုန်းတော်ကြီး ဒလိုင်းလားမား Tenzin Gyatso က သူ၏ ကမ္ဘာကျော် Beyond Religion စာအုပ် အဖွင့်စာမျက်နှာတွင် ဖွင့်ဆိုထားလေသည်။

ဘုန်းတော်ကြီးဒလိုင်းလားမားသည် လူသိအလွန်များသော ဘုန်းတော်ကြီးတစ်ဖြစ်ကြောင်း အထူးမိတ်ဆက်ဖို့ လိုမည်မ ဟုတ်ပါ။ ဒလိုင်းလားမားဟုပြောလိုက်လျှင် ဘာသာတူတူ မတူတူ သိကြသူတွေများပါသည်။ အထူး သဖြင့် ဥရောပနှင့် အနောက်ကမ္ဘာတွင် ဗုဒ္ဓဘာသာဟုပြောလိုက်လျှင် ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြေးမြင်တတ်ကြသည်အထိ ထင်ပေါ် ကျော်ကြားသူဖြစ်သည်။ ဘုန်းတော်ကြီးက တိဗက်လူမျိုးတို့ရဲ့ နိုင်ငံရေး ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ နိုဘယ်လ် ငြိမ်ချမ်းရေးဆုရှင် ၊ ပြီးတော့ ကမ္ဘာကျော် ဘက်ဆဲလား စာရေးဆရာ။  တိဗက်လူမျိုးတို့က သည်ဘုန်းတော်ကြီးကို ဗုဒ္ဓ၀င် စားသူ ဘုရားလောင်းအဖြစ် ယုံကြည် ကိုးကွယ်ကြပါသည်။

ဘုန်းတော်ကြီးဒလိုင်းလားမားကို ၁၉၃၅-ခု ဇူလိုင်လ ၆-ရက်နေ့တွင် တိဗက်ပြည် အမ်ဒူးပြည်နယ်ရှိ ကျေးရွာ ကလေးတစ်ရွာ တွင် လယ်သမားမိဘနှစ်ပါးက မွေးဖွားခဲ့သည်။ လားမားမဖြစ်ခင် ငယ်နာမည်မှာ Lhamo Dondrub ဖြစ်သည်။ သူမွေးဖွား ချိန်သည် ၁၃-ယောက်မြောက် တိဗက်ဘာသာရေးနှင့် လူမှုရေးခေါင်းဆောင် Thubten Gytso ပျံလွန်တော်မူပြီးချိန်လည်းဖြစ်သည်။ သူ့အသက် နှစ်နှစ်အရွယ်တွင် တိဗက်မြို့တော် လာဆာ မှ ၁၄-ယောက်မြောက် လူဝင်စားလားမားကို လိုက်ရှာနေ ကြသော အဖွဲ့နှင့် တွေ့ဆုံမိသည်။ ၁၃-ယောက်မြောက် လားမားဝင်စားသူ ဟုတ်?မဟုတ် နှစ်နှစ်ကြာအမျိုးမျိုးစမ်းသပ်ခြင်းကို အောင်မြင်ပြီးနောက် အသက်လေးနှစ် အရွယ်တွင် လားမားတို့တပ်အပ်သောပညာရပ်များကိုသင်ယူရန်အတွက် မြို့ တော်လာဆာသို့ ပင့်ဆောင့်သွား ကြသည်။ ငယ်နာမည်ကို ပယ်ဖျက်ပြီး Jetsun Jamphel Ngawang Lobsang Yeshe Tenzin Gyatso ဟု အမည်သစ်ပေးလိုက်သည်။ ဒီနာမည်က မြင့်မြတ်သော အရှင်သခင်၊ နူးညံ့သိမ်မွေ့ပြီး ကရုဏာတရားနှင့် ပြည့်စုံသောသူ၊ ဘာသာတရားနှင့် ယုံကြည်မှုကို ကာကွယ်စောင့်ရှောက်သူ၊ ဉာဏ်ပညာ ကြီးမားကျယ်ပြန့်သူဟု အဓိပ္ပါယ် ရပါသည်။

အသက်ခြောက်နှစ်အရွယ်ကစပြီး နိုဘုလင်ဂရှိ နွေရာသီနန်းတော်နှင့် ပိုတလာနန်းတော်တို့တွင် တလှည့်စီ နေထိုင်ခဲ့ပြီး တိဗက်ဗုဒ္ဓဘာသာကျမ်းစာများ၊ တိဗက်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ လောက ဓာတ်ပညာများကို ၁၈-နှစ်တိတိ လေ့လာသင်ယူခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် သြစတြီးယားတောင်တက်သမား Heinrich Harrer နှင့် တွေ့ဆုံမိပြီး သူ့ဆီကနေ တိဗက်ပြင်ပရှိ ကမ္ဘာလုံးဆိုင်ရာအကြောင်းအရာများကို သင်ယူ လေ့လာခဲ့သည်။

၁၉၅၀-ခုနှစ် နိုဝင်ဘာ ၁၇-ရက်နေ့တွင် ၁၄-ဆက်ယောက်မြောက် ဒလိုင်းလားမားအဖြစ် တရားဝင် ကြေညာ ခဲ့ပြီးနောက် တိဗက်ပြည်ရဲ့ ဘာသာရေးခေါင်းဆောင်၊ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထိုအချိန်က သူ့အသက်မှာ ၁၅-နှစ်အရွယ် မျှသာရှိသေးသည်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မာအိုလက်ထက်တွင် တရုတ်က တိဗက်အပေါ် မျက်စောင်းထိုးလိုက်သော အခါ တိဗက်ပြည်နှင့် ဒလိုင်းလာမားရဲ့ အနေအထားမှာေ၀၀ါးဝါးဖြစ်သွားသည်။  တရုတ်က တိဗက်ပြည် နယ်စပ်တစ်လျှောက်လုံးကို စစ်သားများ အလုံးအရင်း ပို့ထားလိုက်သည်။ ၁၉၅၁-ခုနှစ်တွင် တိဗက်ပြည် ငြိမ်း ချမ်းရေးအတွက် အချက် ၁၇-ချက်ပါ သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ခြင်းသည် တိဗက်ပြည် နေ၀င်ချိန်လည်းဖြစ်သွားသည်။ ဘုန်းတော်လေး ဒလိုင်း လားမားနှင့် စာချုပ်ချုပ်ဆိုခဲ့သော တရုတ်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်မှာ စာချုပ်ချုပ်ဆိုခွင့်အာဏာမရှိမှန်း တိဗက် ခေါင်းဆောင်တို့ မသိခဲ့။

၁၉၅၄-ခုနှစ်တွင် ဒလိုင်းလားမားနှင့် ပန်ချန်းလားမားတို့ မာအိုနှင့်တွေ့ဆုံဆွေးနွေးရန် ဘေဂျင်းကို သွားသည်။ ဆွေးနွေး ပွဲအတွင်း သဘောတူညီချက် ၁၇-ချက်နဲ့ပတ်သက်လို့ ဒလိုင်းလားမားက ဆန့်ကျင်ကန့်ကွက် လိုက်သောအခါ တိဗက်နှင့် တရုတ်အကြား တင်းမာမှုများ ကြီးထွားလာခဲ့သည်။ ထို့ကြောင့် ၁၉၅၆-ခု ဒလိုင်း လားမား အိန္ဒိယပြည်ကိုသွားပြီး နောင်တချိန်နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့အခါ လက်ခံပေးဖို့ ၀န်ကြီးချုပ် နေရူးကို ဖွင့်ပြောလိုက်သည်။

မာအိုက တိဗက်ကို သူ့အိပ်ထဲထည့်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဘုန်းတော်ကြီးက သိနေသည်။ ၁၉၅၉-ခုနှစ်တွင် တရုတ် က တိဗက်ပြည် နိုဘုလင်ဂကို စစ်တပ်အလုံးအရင်းဖြင့် ကျူးကျော်သိမ်းပိုက်စဉ် အဓိကရုဏ်း ကြီးဖြစ်ပွါးသည်။ တိဗက်လူ ပေါင်း ရှစ်သောင်းခုနှစ်ထောင်ကျော်သေဆုံးပြီး ရှစ်သောင်းကျော် ပြည်ပကို ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဆီးနှင်းထူ ထပ်လှသော ဟိမ၀န္တာတောင်တန်းကြီးကို နှစ်ပတ်ကျော် ခြေလျင်ဖြတ်ကျော်ပြီးနောက် တိဗက်လူမျိုးတို့က ဘုန်းတော်ကြီး ဒလိုင်းလားမားကို အိန္ဒိယ ပြည်ထဲကို တိတ်တဆိတ်ပင့်ဆောင်သွားခဲ့သည်။ တိဗက်က ပြန်ယူလို့ ရနိုင်သည်၊ ဘုန်းတော်ကြီး က ပြန်ရဖို့မလွယ်ဘူး ဟု တိဗက်လူမျိုးတို့က အမြဲပြောလေ့ရှိသည်။ ဘုန်းတော်ကြီးဒလိုင်းလားမားသည် ယခုအခါ အိန္ဒိယ အရှေ့ မြောက်ဘက်ရှိ ဓရံဆာလာဆိုသော တောင်ပေါ်မြို့ကလေးတွင် သီိတင်းသုံးလျှက်ရှိသည်။ ဓရံ ဆာလာမြို့ ကလေး သည် တိဗက်အဝေးရောက်အစိုးရ ရုံးစိုက်ရာဋ္ဌာနချုပ်ဖြစ်ပြီး တိဗက်လူမျိုး အများဆုံး နေထိုင်ရာ မြို့ကလေးတစ်မြို့ လည်းဖြစ်သည်။ တိဗက်လူမျိုးတို့ရဲ့ စာပေ၊ တိဗက်သမိုင်း၊ တိဗက်ရိုးရာ ယဉ်ကျေးမှု၊ ပွဲလမ်းသဘင်၊ အားကစား၊ အစား အစာ၊ ဘာသာသနာနှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ထားသော မြို့ကလေးလည်းဖြစ်သည်။

ဘုန်းတော်ကြီးသည် အသက် ၇-နှစ်အရွယ်ကပင် နိုင်ငံခြားသံတမန်များကို လက်ခံတွေ့ဆုံခဲ့သည်။ ပထမဆုံး လက်ခံတွေ့ ဆုံသော သံတမန်အဖွဲ့မှာ အမေရိကန်သမ္မတရုစဗဲ့စေလွှတ်လိုက်သော သံအဖွဲ့ဖြစ် သည်ဟု ဆိုပါသည်။ ၁၉၅၄-ခုနှစ်တွင် ပေကျင်းကိုသွားပြီး အာဏာရှင်မော်စီတုန်း၊ ချူအင်လိုင်၊ တိန့်ရှောင်ဖိန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ဖူးသည်။ ဘုန်းတော်ကြီး ဒလိုင်း လားမားသည် လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဗက်ပြည်ထူထောင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းပေးကြရန် ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ် အစည်းအဝေးကနေ ၁၉၅၉၊ ၁၉၆၁၊ ၁၉၆၅ ခုနှစ်များတွင် လူသိရှင်ကြားတောင်းဆိုခဲ့ပေမယ့်လည်း ထိထိရောက်ရောက်လုပ်ဆောင် ပေးနိုင်ခြင်းမရှိတာကိုလည်း တွေ့မြင်ရပါသည်။

အကြမ်းမဖက်သောနည်းဖြင့် တိဗက်ပြည်လွတ်လပ်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းခဲ့ခြင်းကြောင့် ၁၉၈၉-ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ၂၀၀၇-ခုနှစ်တွင် အမေရိကန်ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကိုလည်း  ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဘုန်းတော်ကြီးသည် ၁၉၈၉-ခုနှစ်မှစ၍ Freedom in Exile, The Art of Happiness, Beyond Religion စသော ကမ္ဘာကျော် စာအုပ်အများအပြား(၇၀-ကျော်) ကို ရေးသားထုတ်ဝေခဲ့ပြီး ကမ္ဘာ့နိုင်ငံအများအပြား သို့သွား ရောက်ကာ သမ္မတနယ်လ် ဆင်မင်ဒဲလား၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒစ်စမွန်တူးတူး၊ အမေရိ ကန်သမ္မတ အိုဘားမား စသည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ တက္ကသိုလ် ကောလိပ်များတွင် ဟောပြောပို့ချခြင်းများကို ပြုလုပ်ခဲ့သည်။

၂၀၀၈-ခုနှစ်တွင် လာဆာတွင်ဖြစ်ပွါးခဲ့သော တိဗက်ထောက်ခံရေးအဓိကရုဏ်းတွင် တိဗက်ပြည်သူအများအပြား အကြမ်းဖက်ဖြိုခွင်းခံရခြင်းကိုကြည့်ပြီး နိုင်ငံရေးလောကတွင် သူရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို စွန့်လွှတ်လိုက်ပြီး ၂၀၁၁-ခုနှစ်တွင် နိုင်ငံရေးလောကကို အပြီးအပိုင် နှုတ်ဆက်စွန့်ခွါသွားခဲ့သည်။

ယခုအခါ ဘုန်းတော်ကြီးသည် သက်တော်ရှစ်ဆယ့်တစ်နှစ်အရွယ်ရောက်နေပြီဖြစ်သော်လည်း တိဗက် လူမျိုး တို့ရဲ့ မျှော်လင့်ချက်ကို ထွန်းညှိပေးနေဆဲပင်ဖြစ်သည်။ ဘုန်းတော်ကြီးက သူ့ဘ၀ရှေ့ခရီးအတွက် ချီတုံချတုံ ဖြစ်နေဟန်တူပါသည်။ ဒီဘ၀ပျံလွန်ပြီးနောက် လူဝင်စားအဖြစ် လူ့ပြည်ပြန်လာခြင်း၊ မလာခြင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ပဲချ မှတ်မယ်၊ အခြားဘယ်သူမှ ချမှတ်ပေးလို့ မရဘူး လို့ ၂၀၁၁-ခုနှစ်က ကနေဒါသတင်းဋ္ဌာနတစ်ခုနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားတာရှိပါသည်။ ဘီဘီစီသတင်း ဋ္ဌာနနဲ့ မေးမြန်း ချက်မှာတော့ သူ့နောက်ဆက်ခံမည့်သူဟာ အမျိုးသမီးဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဘုန်းတော်ကြီးက ဆိုသည်။ တိဗက်ရဲ့ လက်ရှိအနေအထားကိုကြည့်ပြီး ဘုန်းတော်ကြီးဒလိုင်းလားမားအနေနဲ့ တိဗက်ပြည်မှာ ၁၅-ဆက်မြောက် ဘုရား လူဝင်စားအဖြစ် ပြန်လာမှာကို တိဗက်လူမျိုးတို့က စိုးရိမ်နေကြပုံလည်း ရပါသည်။ ယခုအချိန်တွင် တိဗက်ပြည်တွင် တရုတ်စစ်သား သုံးသိန်းကျော်ရှိသည်ဟု သိရသည်။ တိဗက်စာသင်ကြားခွင့် ပိတ်ပင်ထားပါသည်။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀၀-ကျော်ခဲ့ပြီဖြစ်သော တိဗက်လားမားဆက် ၁၄-ဆက်မြောက် ဘုန်းတော်ကြီး ဒလိုင်းလား မားက "တရုတ်တို့က တိဗက်လူမျိုး တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ကျောင်းပေါင်း ခုနှစ် ထောင်ကျော်ကို ဖျက်ဆီးပစ်ခဲ့သည့်တိုင် သူကတော့ နေ့စဉ်ဘုရားမှာဆုတောင်းပြီး မေတ္တာမပျက်ခဲ့ပါ"ဟု ပြောပါသည်။ "ဘ၀ရဲ့အကြီးမားဆုံးရည်မှန်းချက်မှာ ကိုယ်ကသူတပါးကို ကူညီပေးရန်သာဖြစ်ပြီး မကူညီနိုင်ခဲ့ ဘူးဆိုလျှင်လည်း နာကျင်ကြေကွဲအောင်တော့ မလုပ်သင့်"ဟု ဘုန်းတော်ကြီးက ခံယူထားသည်။

တိဗက်ပြည်တွင် လူဦးရေ နှစ်သန်းကျော်ရှိပြီး အိန္ဒိယအပါဝင် နိုင်ငံပေါင်း ၁၃-နိုင်ငံတွင် တိဗက်လူမျိုး တသိန်း ကျော် ဒုက္ခသည်အဖြစ်နေထိုင်လျှက်ရှိပါသည်။

ကမ္ဘာ့တိုင်းပြည်များသို့သွားရောက်ပြီး ကမ္ဘာ့ဘာသာတရားများနှင့် ထိတွေ့ဆက်ဆံလေ့ရှိသော ဘုန်းတော်ကြီး သည် တစ်ခါတရံ အခြားဘာသာတရားများ၏ ဓလေ့ထုံးတမ်းစဉ်လာများကို လက်နာကျင့်သုံးတတ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့အကြား ဘုန်းတော်ကြီးကို အမြင်မကြည်လင်သူများရှိပါသည်။ ငြိမ်းချမ်းရေး၊ ဘာသာတရား အချင်းချင်း အမုန်းမပွါးရေး၊ လူသားအချင်းချင်းမေတ္တာထားရေးကို အစဉ်ဟောပြောလေ့ရှိသော ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ဥရောပနှင့် အနောက်ကမ္ဘာကို ဗုဒ္ဓဘာသာနှင့်မိတ်ဆက်ပေးရာ၌ အကျော်ကြားဆုံးသော ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်ပါသည်။

၂၀၁၂-ခုနှစ်တွင် ဘုန်းတော်ကြီးရဲ့ သက်တော် ၇၈-ရှစ်မြောက်မွေးနေ့ပွဲကို ဓရံဆာလာမြို့တွင် ကျင်းပပါသည်။ စာရေးသူ ဘ၀တွင် ဘုန်းတော်ကြီးဒလိုင်းလားမားကို အကြိမ်များစွာ မြင်တွေ့ခွင့်ရခဲ့ဖူးသော်လည်း သည် အကြိမ်သည် ပထမဆုံးအကြိမ်မြင်တွေ့ခွင့်ရခြင်းဖြစ်သည်။ ဘုန်းတော်ကြီးရဲ့ မွေးနေ့မှာ အစားအစာများ အမျိုးအမည်များစွာကျွေးမွေးကြသော်လည်း နာမည်ကြီးတိဗက်အစားအစာ မိုမိုတွေကို တ၀ကြီး စားခဲ့ရဖူး သည်ကလွဲလို့ ကျန်အစားအစာများကို သိပ်မမှတ်မိတော့ပါ။

ဘုန်းတော်ကြီးဒလိုင်းလားမားသည် တိဗက်ပြည်သို့ပြန်ချင်ကြောင်း အမြဲပြောကြားတတ်ပြီး တိဗက်လူမျိုးတို့ရဲ့ အပြင်းပြဆုံးမျှော်လင့်ချက်မှာလည်း အချိန်တန် အိမ်ပြန်ရေးပင်ဖြစ်ပါသည်။

စာရေးသူ ဓရံဆာလာမြို့ကလေးတွင် လေးလကြာနေထိုင်ခဲ့စဉ်တုန်းက လားမားများ၊ တိဗက်လူမျိုးများနှင့် လက်ပွန်းတတီးနေထိုင်ခဲ့ဖူးပါသည်။ သူတို့ကို ကြည့်ရတာ နွမ်းနွမ်းလျလျရှိလိုက်တာ။ "မင်းတို့က ငါတို့ထက် စာရင် တော်ပါသေးတယ်ဗျာ"ဟူသောသူ့စကားသံအဆုံးတွင် ကျနော် နာကျင်ကြေကွဲခဲ့ရဖူးသည်။ ပြုသူ အသစ် ဖြစ်သူအဟောင်းတဲ့လား။ မသေချာမရေရာမှုတွေ၊ နာကျင်ကြေကွဲခြင်းတွေ၊ တိဗက်ပြည်တွင် ကျန်ရစ်ခဲ့သော မိသားစုတွေအပေါ် လွမ်းဆွတ်တသ မှုတွေက သူတို့ရဲ့မျက်နှာကို သနပ်ခါးလို လိမ်းကျံထားပစ်လိုက်လေပြီ။ အသက်အရွယ်တွေဘယ်လိုပဲ ကွဲပြားနေစေကာမူ သူတို့အားလုံးဆီက ထွက်ကျလာတဲ့ တစ်ခုတည်းသော အသံမှာ  "အိမ်ပြန်ချင်တယ်" ဟူသော အသံပင်ဖြစ်ပါတော့သည်။