ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား - အပိုင်း (၁)

မောင်မောင်စိုး - အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား - အပိုင်း (၁)
(မိုးမခ) မတ် ၁၄၊ ၂၀၁၆

● မိုင်းလားဟုခေါ်ကြသည်
ယခုအခါ အဆိုပါဒေသဟု မိုင်းလားဒေသဟုလည်းကောင်း၊ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား မိုင်းလားအဖွဲ့ ဟုလည်းကောင်း အလွယ်တကူ ခေါ်ကြပါသည်။ အဆိုပါ မိုင်လားအဖွဲ့သည် ၁၉၈၉ နှစ်တွင် UWSA နှင့် မရှေးမနှောင်းပင် CPB ၈၁၅ စစ်ဒေသအဖြစ်မှ CPB မှခွဲထွက်ပြီး နဝတအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သောအဖွဲ့ဖြစ်သည်။ CPB မှခွဲထွက်စဉ်က အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် NDAA အမည်နှင့် ခွဲထွက်ခဲ့ကြပြီး နဝတအစိုးရက ရှမ်းအထူးဒေသ ၄ ဟု ကင်းမွန်းတပ်ခဲ့သည်။

သို့အများက ၎င်းအဖွဲ့ဌာနချုပ်တည်ရှိရာ မိုင်းလားကိုအစွဲပြု၍ မိုင်းလားဒေသ မိုင်းလားအဖွဲ့ဟု ခေါ်ဝေါ်ကြပါသည်။ မိုင်း လားသည် ကျိုင်းတုံအရှေ့မြောက်ဖက် ကီလို ၇၀ ခန့်အကွာတွင်ရှိသည်။ ယခုတော့ ကားလမ်းဖေါက်လုပ်ထားသည်။ ကျိုင်း တုံမှအရှေ့မြောက်သို့ထွက်ခွာလျှင် တာပင်းသို့ရောက်သည်။ တာပင်းသည် ကျိုင်းတုံမြို့ ကာကွယ်ရေးအတွက် အရေးပါ သော တောင်ကုန်းဖြစ်သည်။ မြန်မာစစ်ဖက်မှ အခိုင်အမာနေရာယူတပ်စွဲထားသည်။ တာပင်းမှ ဆင်းသွားလျှင် နမ့်လွေ ချောင်း သို့ရောက်သည်။ နမ့်လွေချောင်းသည် အစိုးရတပ်နှင့် မိုင်းလားအဖွဲ့ကြား နယ်နမိတ်ဖြစ်သည်။ ကျိုင်းတုံနှင့် မိုင်း လားကြား အကွာအဝေး၏ တဝက်ခန့်တွင်ရှိသည်။

မြောက်ဖက် ဝ နယ်အစပ် မိုင်းပေါက်မှ တောင်ဖက်သို့စီးဆင်းလာသော နမ့်လွေချောင်းသည် ကျိုင်းတုံအရှေ့ဖက်တွင် အရှေ့ဖက်သို့ကွေ့၍ နယ်စပ်စည်းတွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည်။ ထိုနမ့်လွေချောင်း၏ အရှေ့ဖက်နှင့် မြောက်ဖက် ခြမ်းဟုဆိုရမည့် တဖက်ခြမ်းအား မိုင်းလားအဖွဲ့မှထိမ်းချုပ်ပြီး အနောက်ဖက်နှင့် တောင်ဖက်ဟုဆိုရမည့်ဖက်ပိုင်းအား အစိုးရတပ်များက ထိမ်းချုပ်ပါသည်။ နမ့်လွေချောင်းသည် မိုင်းလားအဖွဲ့အတွက် နယ်နမိတ်စည်းကဲ့သို့ဖြစ်သည်။ ယေဘုယျ ပိုင်းခြားမှုဟုသာဆိုလိုပါသည်။

တာပင်းမှ ဆင်း၍ နမ့်လွေချောင်းကိုကျော်လိုက်သည်နှင့် မိုင်းမကွင်းအတွင်းသို့ရောက်သည်။ မိုင်းလားသည် မိုင်းမကွင်း၏ အစွန်တရုတ်နယ်စပ်တွင် ရှိသည်။ မူလက မိုင်းမကွင်းသည်ပင် ယခုအခါစည်ပင်နေသော မိုင်းလားအရှိန်ကြောင့် မိုင်းလား ဒေသဟူ၍သာခေါ်ဝေါ်ကြပေရာ မိုင်းမကွင်းဟူ သောအခေါ်အဝေါ်ပင် တိမ်မြှုပ်နေတော့သည်။

ထို မိုင်းလားအပါမိုင်းမကွင်းသည် ရှမ်းရွာများအခြေပြုရာဒေသဖြစ်ပေရာ အဘယ်ကြောင့် အခါဒေသဟုဆိုရပေသနည်း ဟူ သော မေးခွန်းပေါ်ပေလိမ့်မည်။ ယင်းမှာ ၎င်းလက်နက်ကိုင်အဖွဲ့အစပြုရာသည် မိုင်းလားမဟုတ်ဘဲ အခါဒေသဖြစ်သော ကြောင့်ဖြစ်သည်။

● အခါဒေသ
မိုင်းလား၏ အရှေ့ဖက်နှင့် အရှေ့တောင်ဖက်တကြောသည် တောင်ကြောများဖြစ်သည်။ ရှမ်းပြည်နယ်တွင် ပြန့်ကွင်းများတွင် ရှမ်းလူမျိုးများအခြေစိုက်နေကြသော်လည်း တောင်ပေါ်ဒေသတွင် ရှမ်းလူမျိုးများအခြေစိုက်မနေကြပေ။ အဆိုပါတောင်ပေါ် ဒေသတွင် အခါလူမျိုးအများစု အခြေချနေထိုင်ကြသည်။ လွယ်ဟုခေါ်သော ပလောင်ရွာအနည်းငယ်ရှိသည်။ ထိုဒေသရှိ ပလောင်များသည် မိမိကိုယ်မိမိ တအန်းဟုမဆိုကြ ပလန်းဟုခေါ်ကြသည်ဟုဆိုပါသည်။ လားဟူရွာအနဲငယ်ရှိခဲ့သော်လည်း ယခုတော့မရှိတော့ဟု ဆိုပါသည်။

ဒေသခံများကတော့ ထိုအခါလူမျိုးအများစု အခြေချနေထိုင်ရာဒေသတို့ကို ဖါလုံ ဖါလယ်ဒေသမုန်းစောဒေသဟု ခေါ်ဝေါ်ကြ သည်။ ထိုဒေသသို့ယခုအခါသွားလိုပါက ကျိုင်းတုံ တာချီလိတ်ကားလမ်းပေါ်ရှိ မိုင်းဖြတ်နေ၍ တာချီလိတ်ဖက်ဆက်မသွားဘဲ မိုင်းဖြတ်၏ အရှေ့မြောက်ရှိ မိုင်းယောင်းသို့သွားရသည်။  မိုင်းယောင်းအရှေ့ဖက် မိုင်းရှုတွင် နမ့်လွေချောင်းကိုဖြတ်ကျော်လိုက် ပါက အဆိုပါဒေသသို့ ရောက်ရှိပြီဟုဆိုနိုင်သည်။ ယခုအခါထိုဒေသတွင်းသို့ ကားလမ်းများပေါက်ရောက်နေပြီဖြစ်သည်။

လွန်ခဲသော အနှစ် ၄၀ ကျော်ကတော့ မြန်မာပြည်တွင်း ကျိုင်းတုံ မိုင်းယောင်းစသည့်ဒေသများမှ သွားလာရန်အလွန်ခက်ခဲ သည်။ ထိုဒေသတွင်အခါလူမျိုးအများစုနေထိုင်ကြသည်။ ဖါလုံ ဖါလယ် ဒေသတွင်ပင် အခါရွာ ၅၀ ခန့်ရှိသည်ဟုဆိုသည်။ ထိုဒေသ တောင်ကြားမြေပြန့်ငယ်များတွင် ရှမ်းရွာအချို့ရှိသည်ဟု ဆိုပါသည်။ ထိုဒေသကို မြန်မာပြည်မြေပုံတွင်ကြည့်ပါက ရှမ်းပြည်နယ် အရှေ့စူးစူးရှိ အတက်ကလေးသဖွယ်ထွက်နေသောဒေသဖြစ်သည်။ မဲခေါင်မြစ်နှင့် နယ်စပ်ပတ်လည်ဝိုင်းနေ သော ဒေသဖြစ်သည်။ မြန်မာ တရုတ် လာအိုနိုင်ငံ ၃ ခုဆုံရာ အပေါ်ရွှေတြိဂံဟုဆိုသော ဒေသဖြစ်သည်။

ထိုဒေသသည် လွန်ခဲ့သောနှစ် ၄၀ မတိုင်မှီက မြန်မာပြည်တွင်းရှိ ကျိုင်းတုံ မိုင်းယောင်းဒေသသို့သွားလာရန်ခက်ခဲသည်ဖြစ်ရာ ထိုစဉ်ကထဲက တရုတ်ပြည်တွင်းသို့သွားရောက်ကုန်စည်ဖလှယ်ကူးသန်းရောင်းဝယ်မှုပြုကြသည်ဟု ဆိုပါသည်။ ထို နယ်နှင့်ကပ်လျက် တရုတ် လာအို ထိုင်းနိုင်ငံတွင်း၌လည်း အခါလူမျိုးများစွာရှိသည်ဟုဆိုပါသည်။ လာအိုနိုင်ငံမှ အစိုးရအဖွဲ့ ဝင် ဝန်ကြီးတစ်ဦးသည်ပင် အခါလူမျိုးဟုဆိုပါသည်။

တရုတ်ပြည်တွင်း၌ အခါလူမျိုးများကို အိုက်ညီလူမျိုးဟုခေါ်ကြသည်။ တရုတ်ပြည်တွင်းရှိ အခါလူမျိုးအရေအတွက်သည် မြန်မာပြည်ထက်ပိုသည်ဟုဆိုကြသည်။ ၎င်းတရုတ်ပြည်ရှိ အခါလူမျိုးများသည် မြန်မာပြည်နယ်ကပ်ရက် တရုတ်နယ်တွင်းရှိ ဆစ်ဆောင်ပဏ္ဏားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် နေထိုင်ကြသည်။

ဆစ်ဆောင်ပဏ္ဏားဆိုသည်မှာ မြန်မာဘာသာဖြင့် ကွင်း ၁၂ ကွင်း လယ်ကွက် ၁၂ ကွက်ဟူသော အနက်ရသည်ဟုဆိုပါသည်။ မဲခေါင်မြစ်ဘေးရှိ ကွင်းပြန့် အကြီးအသေး ၁၂ ခုခန့်ရှိသည့်ဒေသဖြစ်သည်။ ထိုကွင်းပြန့်များတွင် ရှမ်းလူမျိုးများနေထိုင်ကြပြီး တောင်တန်းများတွင် အခါလူမျိုးများနေထိုင်ကြသည်။ ယခုအချိန်တွင်တော့ ခရီးသွားလုပ်ငန်းနှင့် အဆင်ပြေနေသောဒေသ ဖြစ်သည်။ မြန်မာသမိုင်းတွင်တော့ အဆိုပါ ဆစ်ဆောင်ပဏ္ဏားဒေသအား ကျိုင်းရုံးကြီးနယ်ဟုခေါ်ကြပါသည်။

မြန်မာပြည်တွင်းရှိ အခါဒေသ မန်ဖိုင်မှသွားလျှင် ဆစ်ဆောင်ပဏ္ဏားဒေသ ကျင်းဟုန်သို့ရောက်ပြီး မုန်လားမှသွားလျှင် မုန်း ဟိုင်ခရိုင် သို့ရောက်ရှိသည်။

● ၈၁၅ စစ်ဒေသ
၈၁၅ စစ်ဒေသဆိုသည်မှာ အရှေ့မြောက် CPB ဗဟို၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိခဲ့သော စစ်ဒေသတခုဖြစ်သည်။ အရှေ့မြောက်စစ်ဒေသ လက်အောက်ခံမဟုတ်ပေ။ အဝေးရောက်CPB ဗဟိုသည် ၈၁၅ စစ်ဒေသကို ၁၉၇၁ တွင်စတင် ဖွင့်လှစ်ခဲ့သည်။ CPB သည် ၈၁၅ စစ်ဒေသအား နိုင်ငံရေးမှူးအဖြစ် ရဲဘော်ဖေသောင်း တပ်မှူးအဖြစ် ရဲဘော်တင့်လှိုင်တို့အား တာဝန်ပေးခဲ့ပြီးစတင်ခဲ့သည်။ ရဲဘော်ဖေသောင်းမှာ CPB မြစ်ဖျား တိုင်းပျက်ပြီး အရှေ့မြောက်သို့ပြန်ရောက်ရှိလာသူ တစ် ဦးဖြစ်ပြီး ရဲဘော်တင့်လှိုင်မှာ ယခင် CPB၂၀၂ စစ်ဒေသ၌ တာဝန်ယူဖူးသူဖြစ်သည်။

တကယ်တော့ ၈၁၅ စစ်ဒေသဟူ၍ စတင်ဝင်ရောက်စဉ်က အင်အား ၁၀၀ ပင်မပြည့်တတ်ပေ။ အရှေ့မြောက်စစ်ဒေသမှ အတွေ့အကြုံတစုံတရာရှိသော ကေဒါများ တိုင်းရင်းသား ကေဒါများကိုစုစည်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၈၁၅ စစ်ဒေသ တပ်ဖွဲ့ဝင်များစတင်လှုပ်ရှားသည့်ဒေသမှာ မြန်မာအစိုးရအာဏာသက်ရောက်မှုအနည်းဆုံးဖြစ်သည့် ဖါလုံ ဖါလယ်ဒေသမှ အစပြုခဲ့သည်။ ထိုဒေသရှိ အခါတိုင်းရင်းသားများအား စည်းရုံး၍ လက်နက်တပ်ဆင်ကာ တပ်များဖွဲ့စည်းခဲ့သည်။ ဖါလုံ ဖါလယ် ဒေသမှ အနောက်ဖက် မုန်းစောဒေသ ဖက်သို့ပါ တိုးချဲ့စည်းရုံးခဲ့သည်။

ထို့နောက် ၈၁၅ စစ်ဒေသ၏ဌာနချုပ်ကို မုန်းစောဒေသ မန်ဖိုင် ပလောင်ရွာအနီး၌ အခြေပြုကာနယ်စပ်အနီးရှိ တရုတ်ပြည် ကျင်းဟုန်ခရိုင် မုန်းစုံမှနေ၍ တရုတ်ပြည်မှ လက်နက်ခဲယမ်းထောက်ပံ့မှု ရယူခဲ့သည်။ ဌာနချုပ်ရှိရာ မန်ဖိုင်သည် တောင်ပေါ် တွင်ရှိပြီး နယ်စပ်နှင့် ၃ မိုင်ခန့်ဝေးကွာသည်။ မန်ဖိုင်တောင်၏ အောက်ဖက်တွင် ကျင်းခန်းကွင်းရှိပြီး မန်ဟိုနား မိုင်းဝ စသည့် ကျေးရွာများရှိသည်။ ထိုကွင်းငယ်ကို တောင်ပေါ်မှစိုးမိုးထားသည်ဟု ဆိုရမည်။

ဤသို့ဖြင့် CPB ၈၁၅ စစ်ဒေသသည် အစောပိုင်းကာလတွင် အခါတိုင်းရင်းသားများရှိရာ တောင်တန်းများတွင် အခြေပြု၍ စည်းရုံးဖွဲ့စည်းခဲ့သည်ဟုဆိုရမည်။ သို့ဖြစ်ရာ CPB ၈၁၅ စစ်ဒေသ၏ အစောပိုင်းကာလများတွင် မြန်မာစစ်ဖက်၏လှုပ်ရှားစစ် ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးအနည်းငယ်ရှိခဲ့ပြီး ဒေသခံ အခါတိုင်းရင်းသားများအားစည်းရုံး၍ တပ်ဖွဲ့စည်းခြင်းကို အဓိ ကထား လုပ်ခဲ့သည်ဟုဆိုရမည်။

ဤသို့ဖြင့် ၁၉၇၅ အရောက်တွင် ဒေသခံ အခါတိုင်းရင်းသားများစည်းရုံးဖွဲ့စည်းထားသည့် အင်အား ၃၀၀ ခန့်စီရှိသော တပ် ရင်း ၄ ရင်းဖွဲ့စည်းနိုင်သည်။ သို့နှင့် ၈၁၅ စစ်ဒေသ၏ အစောဆုံးတပ်ရင်းများဖြစ်သည့် ရင်း ၁၂ ရင်း ၁၄ ရင်း ၁၆ ရင်း၁၈ တို့ ထွက်ပေါ်လာခဲ့သည်။ အဆိုပါတပ်ရင်းများမှ အခါတိုင်းရင်းသား ခေါင်းဆောင်များ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲမှ ဖါလုံ ဖါလယ်ဒေသဘတ်ဆာရွာသား ရင်း ၁၄ ရင်းမှူး ဆမ်ပေ့သည်လည်းကောင်း၊ မုန်းစော့ဒေသ ဗြယ်နေရွာသား ရင်း ၁၈ ရင်းမှူး ချဲပီသည်လည်းကောင်း၊ ရင်း ၁၂ ရင်းမှူးအဖြစ်တာဝန်ယူခဲ့သူ လုန်နော လောက်ဆစ်သည်လည်းကောင်း၊  ဒေသခံ အခါတိုင်းရင်းသားများထဲမှထင်ရှားသူများဖြစ်သည်။

၁၉၇၅ CPB ဗဟိုကော်မတီ ပြန်ဖွဲ့သောအခါ ၈၁၅ စစ်ဒေသမှ ရဲဘော်ဖေသောင်းသည် CPB ၏ဗဟိုကောက်မတီဝင် ဖြစ် လာသည်။

၁၉၇၅ နှစ်ကုန်ပိုင်းတွင် CPB အရှေ့မြောက်စစ်ဒေသမှ စစ်ဆင်ရေးကြီးတခုပြုလုပ်ခဲ့သည်။ ဝနယ်မှတပ်များသည် မိုင်းပေါက် ဆစ်လွေ့ (ဆီလူး) အားဖြတ်၍ ကျိုင်းတုံ မိုင်းယောင်း မိုင်းယန်း ဂွင်အတွင်းသို့ဝင်ရောက်ပြီး ၈၁၅ စစ်ဒေသတပ်များနှင့် အတူတွဲ၍ လှုပ်ရှားခဲ့သည်။ ထိုစစ်ဆင်ရေး ကာလအတွင်း အရှေ့မြောက်စစ်ဒေသမှတပ်မဟာ ၈ သည် မိုင်းလားရှိရာ မိုင်းမကွင်းအားသိမ်းပိုက် နိုင်ခဲ့သည်။ စစ်ဆင်ရေးပြီး၍ အရှေ့မြောက်တပ်များပြန်လည်ထွက်ခွါသောအခါ မိုင်းလားဒေသ အုပ်ချုပ်ရေးအား ၈၁၅ စစ်ဒေသသို့လွှဲပြောင်းပေးခဲ့သည်။ ဤသို့ဖြင့် မိုင်းလားဒေသသည် ၈၁၅ စစ်ဒေသလက်အောက်သို့ ရောက်ရှိခဲ့တော့သည်။ ၈၁၅ စစ်ဒေသသည်လည်း အခါဒေသအပြင် ရှမ်းဒေသကိုပါ တိုးချဲ့လာနိုင်သည်ဟုဆိုရမည်။

၈၁၅ စစ်ဒေသ၌ မူလ တပ်ရင်း ၄ ရင်းမှ ရင်း၅ နှင့် ရင်း ၇ ကိုထပ်မံဖွဲ့စည်းခဲ့ပြီဖြစ်သည်။ ထိုစဉ် ရင်း ၇ ရင်းမှူးအဖြစ်တာဝန်ယူခဲ့သူ ပလောင်တိုင်းရင်းသား အိုက်ရှန်းမှာ တိုက်ခိုက်ရေးတွင် နံမည်ရသည်ဟု ဆိုပါသည်။ မိုင်းလားကွင်းအတွင်းသို့ရောက်သော အခါ ဒေသခံ ရှမ်းများထပ်မံသိမ်း သွင်း၍ ရင်း ၁ နှင့် ရင်း ၃ ကိုထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ သို့နှင့် မူလ အခါဒေသမှ ရင်း ၆ ရင်း ရှမ်းဒေသမှ ရင်း ၂ ရင်း ပေါင်း ၈ ရင်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုတပ်ရင်းများမှာ စတင်ဖွဲ့စည်းစဉ်က အင်အား ၃၀၀ ခန့်ရှိသော်လည်း နောက်ပိုင်းတွင် အင်အား ၂၀၀ အောက်သို့လျော့ကျသွားခဲ့သည်။

၁၉၇၉ နောက်ပိုင်းတွင် ၈၁၅ စစ်ဒေသနိုင်ငံရေးမှူး ရဲဘော်ဖေသောင်းမှာ မြောက်ပိုင်းဗျူရိုသို့ပြောင်းရွှေ့သွားပြီး CPB ဗဟိုမှ ရဲဘော်အေးငွေမှ နိုင်ငံရေးမှူးအဖြစ်ပြောင်းရွှေ့တာဝန်ယူသည်။ ထိုအချိန်၌ ၈၁၅ စစ်ဒေသ၏ ဒုတပ်မှူးအဖြစ်တာဝန်ယူသော စိုင်းလင်းခေါ် လီမေရှင့်မှာ တဖြေးဖြေးသြဇာတက်လာပြီးတပ်ကို ချုပ်ကိုင်လာနိုင်ပြီဟုဆိုရမည်။

၈၁၅ စစ်ဒေသ၏ဌာနချုပ် ကို တောင်ပေါ်မန်ဖိုင်တွင်ထားရှိရာမှ ၁၉၈၂/၈၃ ခန့်တွင် ဒုတပ်မှူးစိုင်းလင်း ဦးစီးသည့် အင်အားအချို့သည်မိုင်းလားသို့ပြောင်းရွှေ့၍ စစ်ဒေသခွဲရုံးအဖြစ်အခြေစိုက်သည်။ ဤသို့ဖြင့် မိုင်းလားသည်တစတစနှင့် စည်ကား လာသည်ဟု ဆိုရပါမည်။

၈၁၅ စစ်ဒေသသည် တပ်ရင်း ၈ ရင်းကို ရင်း ၄ ရင်းစီပါသော တပ်မဟာ ၂ ခုအဖြစ်ဖွဲ့စည်းသည်။ တပ်မဟာ ၉ နှင့် တပ်မဟာ ၁၁ ဟု ခေါ်တွင်သည်။ အရပ်ဖက်အုပ်ချုပ်ရေးအားလည်း မူလ မုန်းစောအခါဒေသအား ခရိုင် ၁ ခု မိုင်းလားဒေသအား ခရိုင် ၁ ခု စုစုပေါင်း ခရိုင် ၂ ခု ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။
Photo Credit : Getty Images