ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - သွားလေသူများ…ကျွတ်..ကျွတ်..ကျွတ်


ဖိုးထက် - သွားလေသူများ…ကျွတ်..ကျွတ်..ကျွတ်
(မိုးမခ) မတ် ၁၂၊ ၂၀၁၆
 
အဲဒီနိုင်ငံလေးမှာ သူနေရတာ ဘယ်လိုမှ စိတ်မပျော်။ စိတ်မရွှင်။ စိတ်မလန်း။ တစ်ခုခုတော့ အပြောင်းအလဲလုပ်မှ ဖြစ်တော့ မည်။ အပြောင်းအလဲ လုပ်ပြန်တော့လဲ စိတ်မြန်၊ စိတ်မထိန်းနိုင်သူပီပီ နှစ်ရက် သုံးရက်အတွင်းမှာဘဲ ပြန်မယ်ကွာ ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ မြန်မာနိုင်ငံတွင်းမှာ အလုပ်သွားလုပ်နေသည့်  သူ့ Boss အဟောင်း နိုင်ငံခြားသားဆီကို အီးမေးလ် ပို့သည်။ “ကျွန်တော် ပြန်လာမယ်။ အလုပ်ပေးမလား” ဒါဘဲ။ ဟိုဘက်ကလဲ ပြတ်သည်။ သူ့ဆီ အီးမေးလ်ပြန်တာက “I need you. Help me in your country.” တဲ့။

တစ်ပါတ်အတွင်းမှာဘဲ သူလေယာဉ်လက်မှတ်ဝယ်သည်။ လက်ရှိ အလုပ်ကို သူဘာမှ မပြော။ ထွက်စာလဲ မတင်။ ထွက်စာ တင်လျှင် သူဘယ်လိုမှ အလုပ်ထွက်လို့ မရမှာကို သူသိသည်။ လက်ရှိ သူ့အလုပ်ကလဲ သူ့ကို လိုသည် မဟုတ်လား။ သူက အရေးပါ အရာရောက်သူ မဟုတ်သော်လည်း အလုပ်ရှင်က သူ့ကို သဘောကျသည်။ ဘာဖြစ်လို့ ထွက်မှာလဲ။ ဒီမှာ မင်း တက်လမ်းတွေ အများကြီး။ ဘာအခက်အခဲ ရှိသလဲ။ ငါတို့ ဘာကူညီရမလဲ။ လစာတိုးလိုချင်တာလား။ ဒီလိုနဲ့ သံသရာ ရှည်နေအုံးမှာ သိသည်။ ထို့ကြောင့် ကိုယ်ရေး ကိုယ်တာ အရေးကြီး ကိစ္စရှိတယ်ဟု တယ်လီဖုန်းမှ သတင်းလေး ပို့ကာ တိတ်တိတ်လေး သူခိုးပြန်သည်။ မကျေနပ်လို့ သူ့ကို Black list မကလို့ Red list ဘဲတင် တင်။ ဒီနိုင်ငံလေးကို ပြန်မ လာတော့ဘူးလို့ သူ့စိတ်ထဲမှာ စိတ်ဒုံးဒုံး ချထားခဲ့သည်။

ရေနံ့၊ လေနံ့၊ မြေနံ့ ရှူရှိုက်ရတာခြင်းအတူတူ မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ရှူရှိုက်ရသော အနံ့များနှင့် သူများနိုင်ငံတွေမှာ ရှူရှိုက်ရသော အနံ့တွေခြင်း အလွန်ကွဲပြားသည်ကို သူ သတိထားမိတာ ကြာပြီ။ ကွမ်းနံ့တွေ၊ ဖုန်နံ့တွေ၊ မီးခိုးနံ့တွေ စတဲ့ စိတ်မသက်သာစရာ အနံ့တွေကို နိုင်ငံခြားမှာ အနေကြာသူပီပီ သူက သိပ်မကြိုက်သော်လည်း ဒါတွေကိုဘဲ သူက ချစ်သည်။ ကြိုက်သည်။

သူပြန်ရောက်တာ စနေနေ့ ညနေ။ တနင်္ဂနွေတစ်ရက်လုံး အပြင်မှာ ဟိုသွား ဒီသွား။ တစ်ညလုံး သူငယ်ချင်းတွေခေါ်ချင်ရာ ခေါ် လိုက်ခဲ့သည်။ တနင်္လာနေ့ ရောက်တော့ အလုပ်အသစ်ကို သတင်းပို့ရသည်။ သူ့ဘာသာ ကိုယ်ရေး ကိုယ်တာ အဆင်မပြေမှုတွေ၊ မကြေလည်တာတွေ၊ မကြေနပ်တာတွေ ဘယ်လိုဘဲ ရှိရှိ သူက အလုပ်ကိုတော့ ဘယ်တော့မှ မနား။ မရပ်။ မသေမချင်း လုပ်ရမှာ အလုပ်ဘဲ ရှိတယ်လို့ သတ်မှတ်ထားသူပီပီ မြန်မာနိုင်ငံအတွင်းက သူ့အလုပ်အသစ်ဆီသို့ သတင်းပို့သည်။ သူ့ Boss က လိုလိုလားလား ၀မ်းသာအားရ သူ့ကို ထွက်ကြိုသည်။ “ငါ့မှာ အလုပ်တွေ အများကြီး။ မင်းနိုင်ငံထဲမှာ ငါမသိတာတွေလဲ အများကြီး။ နောက်တော့ မင်းသိပါလိမ့်မယ်။ ငါ့ကို ကူအုံးကွာ” ဟု ဆိုလာသည်။

သူ့ သူဌေး ခွဲဝေပေးသမျှ အလုပ်တွေကို သူလက်လွှဲယူသည်။ သူ့ သူဌေး ခက်တယ်လို့ ပြောသမျှ အလုပ်တွေ ငါအတတ် နိုင်ဆုံး ကူညီမည်ဆိုသည့် စိတ်ထားဖြင့် လက်ခံသည်။ ပထမဆုံး လုပ်ရတာက အင်တာဗျူး ပေးရသည်။ သူ့ရာထူးက သူလို ကိုယ်လို။ လူအထင်ကြီးစရာ ရာထူးလဲ မဟုတ်။ ဆုံးဖြတ်ချက်နိုင်သူလဲ မဟုတ်။ သို့ပေမယ့် “မင်းဘဲ အရင် ဗျူးကြည့်လိုက်ပါ၊ ငါ အလုပ်တွေ ရှုပ်နေတယ်။ ငါ့အကြိုက်ကို မင်းသိပြီးသားဘဲ။ အလုပ်အတွေ့အကြုံက အတော်အသင့်ဆို အဆင်ပြေပြီ။ စိတ်နေစိတ်ထား ကောင်းရင် ငါနဲ့ အင်တာဗျူးဖို့ ထပ်ချိန်းလိုက်ပါ” ဟု ဆိုလာတော့လည်း သူက ဘယ်လို ငြင်းလို့ ရပါ့မလဲ။ ထို့ကြောင့်  အင်တာဗျူးတော့မယ် ဆိုကတည်းက ကွမ်းစားထားသဖြင့် ရဲနေသော သူ့ပါးစပ်ကို သန့်ရှင်းရေး လုပ်သည်။ သွားတိုက်သည်။ သပ်သပ်ရပ်ရပ် ၀တ်စားသည်။ ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်သည်။ အင်တာဗျူးမည့် သူက အကောင်းဆုံး ပြင်ဆင်သော်လည်း အင်တာဗျူး ခံရမည့် သူတွေက ကောင်းကောင်းပြင်ဆင်မလာ။

နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်မှန်း သိကြပေမယ့် လောလောလတ်လတ် ကွမ်းစားထားသော ပါးစပ်ရဲကြီး တွေနှင့် အင်တာလာအဗျူးခံသည်။ သူလဲ ကွမ်းကြိုက်သူသာ ဖြစ်သည်။ ဒါပေမယ့် သူ့သူဌေးနှင့် စကား ပြောစရာ မရှိ၊ တွေ့စရာ မရှိတာ သေချာမှ ကွမ်းကို စားသည်။ ပြီးရင် ပါးစပ်ကို သန့်ရှင်းရေး လုပ်သည်။ နိုင်ငံခြားသားတွေက ကွမ်းစား ထားသည့် မြန်မာတွေ ပါးစပ်ထဲက သွေးတွေလား၊ သွားရည်တွေလား၊ ဘာအရည်တွေမှန်း မသိသည့် ကွမ်းတွေကို မရွံဘဲ ရှိမလား။ အခုတော့ တစ်ချို့များဆို အင်တာလာဗျူးရင်း ကွမ်းလေးတောင် ညက်ညက်လေး ၀ါးနေသဖြင့် အင်တာဗျူးနေသည့် ကွမ်းကြိုက်သူ သူ့ကို မရိုးမရွ ဒေါသတွေတောင် ထွက်စေသည်။

နောက်တစ်ခု ခက်တာက အင်္ဂလိပ်စကားပြော။ သူလည်း အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူ မဟုတ်။ သူ့သူဌေးကိုယ်တိုင်က “မင်း အင်္ဂလိပ်စကားကို မင်းကိုယ်မင်း သိပ်ကောင်းတယ် ထင်မနေနဲ့။ ငါတို့က လူရင်းချင်းမို့နားလည်တာ။ ဒါပေမယ့် မင်းက အင်္ဂလိပ်စကားပြောရင် သိတဲ့ စကားလုံးလေးတွေနဲ့ စာကြောင်းအတိအကျလေးပြောတဲ့ ကောင်းကွက်လေး ရှိတာလေးနဲ့ လုပ်စားနေတာ” ဟု သူ့ကို မှတ်ချက် ချဘူးသည်။ အခု သူအင်တာဗျူးရသည့် သူတွေက နိုင်ငံခြားသားတွေနှင့် ဆက်ဆံ အလုပ် လုပ်ရမယ်မှန်း သိပြီးသားပေမယ့် အင်္ဂလိပ်စကားပြောဖို့ ရွံ့နေကြသည်။ အင်္ဂလိပ်စကားဆိုတာ မြန်မာစကားမဟုတ်။ ကိုယ့်ဘာသာ စကားမဟုတ်။ အကျင့်ဆိုးကြီးတွေ ဖြစ်ကြသည် လားတွေ…ရားတွေ…ဝေါ်တွေ..ထည့်မပြော ပြီးရော။ မှန်တာ မမှန်တာ နောက်ထား။ ကိုယ်ပြောချင်သည့် အကြောင်းအရာကို တိုတိုတုတ်တုတ် ထိထိမိမိ ပြောနိုင်ဖို့ လိုရင်း မဟုတ်လား။ အခုတော့ လား..ရား..ဝေါ်….အင်း စသည့် ဘာစကားတွေမှန်း မသိသည့် စကားတွေကို ခပ်ရွံ့ရွံ့ကြီးတွေ ပြောတာ သူက သိပ်စိတ်မရှည်။

နောက်တစ်ခုက အင်္ဂလိပ်စာ အရေးအသား။ သူက မေးခွန်းတစ်ခု ပြင်ထားသည်။ သူ့မေးခွန်းက မြန်မာလို စာစီပြီး ပရင့်ထုတ်ပေးထားသည်။ သူ့မေးခွန်းက “လုပ်ငန်းခွင်ထဲမှာ ဒီအလုပ်ကို လာလုပ်သွားတဲ့ ကန်ထရိုက်တာ A က မီးကြိုးတွေ သေသေချာချာ လုပ်မသွားဘူး။  ဒီအတွက် နိုင်ငံခြားသားဆီကို အီးမေးလ် သတင်းပို့ပါ။ (ပေးထားသော ဓာတ်ပုံများကို ယူသုံးနိုင်သည်။)” ဟု ဆိုကာ လိုအပ်သည့် ဓာတ်ပုံတွေ သူပေးထားသည်။ သူ့စိတ်ကူးက ကွန်ပြူတာ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သလား။ အင်္ဂလိပ်လို အီးမေးလ်ပို့နိုင်သလား။ ဒါဘဲ စမ်းသပ်ချင်သည်။ ထွေလီကာလီ၊ စီကာ ပါတ်ကုံး ဇာတ်ကြီး ဆယ်ဖွဲ့ စီကုံးဖွဲ့သလို အီးမေးလ်အရှည်ကြီး သူမမျှော်လင့်။ Very beautiful English writing ကို သူမမျှော်လင့်။ ရေးလာ အုံးတော့ သူလဲ ကောင်းကောင်း သိတာ မဟုတ်။ လိုရင်းကို လိုရင်းအတိုင်း ရေးတတ်လား၊ အီးမေးလ်နဲ့ ဆက်သွယ်နိုင်မလား ဒါကိုဘဲ သိချင်သည်။ တစ်ချို့က အဆင်ပြေသည်။ တစ်ချို့က အဆင်မပြေ။

အင်တာဗျူးတဲ့ သူတွေအထဲက ဆိုးဆိုးရွားရွားကြီး မဖြစ်သူ မှန်သမျှ သူ့သူဌေးနဲ့ ဒုတိယ အခေါက် အင်တာဗျူးဖို့ ထပ်ချိန်းပေးလိုက်သည်။ အင်တာဗျူးသည့် အလုပ် ပြီးပြန်တော့ မပြီးသေး။ သူတို့ စီမံကိန်းကြီးကို ပွင့်လင်းမြင်သာစွာ လုပ်နေပါသည်ဟု ဂုဏ်သတင်းကို လိုချင်ကြသော သူ့သူဌေးနှင့် သူဌေးများက စီမံကိန်းနှင့် နီးစပ်ရာ ရွာသူရွာသားများနှင့် တွေ့ဆုံစည်းဝေးပွဲ လုပ်ချင်ပါတယ်။ စီစဉ်ပါဟု ဆိုလာပြန်တော့ သူ့မှာ စီစဉ်ရပြန်သည်။ ကား၊ ခန်းမ၊ အစားအသောက်၊ ရေ၊ ဖိတ်မည့်သူစာရင်း၊ ဖိတ်ရမည့် မီဒီယာ သတင်းဌာနများ အားလုံးနဲ့ တိုင်ပင်သည်။ အားလုံးက ဘာမှ ခက်ခက်ခဲခဲ မဟုတ်။ သူဌေးဘာသာ I need three quotations. ဟု ဘယ်လိုဘဲ ဆိုဆို…This is our country. Not your country Boss..Trust me..ဆိုတာနှင့် သူ့သူဌေးကလဲ အသုံး စရိတ်အားလုံးကို လိုလိုလားလား လက်မှတ်ထိုးပေးသည်။ အခက်ဆုံးက သူ့စီမံကိန်းရှိသည့် တိုင်းဒေသကြီးမှ အစိုးရလူကြီးမင်းများ။

သူတို့ဘာသာ ဘာကောင်ကြီးတွေ ဖြစ်ရုံမကလို့ ဘယ်လိုဘဲ ခိုးထားလို့ ချမ်းသာ ချမ်းသာ သူ့အလုပ်အဆင်ပြေစေဖို့ ရိုရိုသေသေ လေးလေးစားစား သူကိုယ်တိုင် ဖိတ်စာ သွားပို့သည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ညွှန်မှုး အစရှိသည့် လူကြီးမင်းများနှင့် တွေ့ဖို့ ကွမ်းအငတ်ခံပြီး သူထိုင်စောင့်သည်။ ဖိတ်စာ ပေးပြီးပြန်တော့ လာမယ်လို့လဲ မပြော၊ မလာဘူးလို့လဲ မပြောတာ ဖွင့်ပွဲကျင်းပသည့် မနက်ခင်း အထိ။ ဒီဘက်က ဖိတ်ထားတာက သူတို့ သံအမတ်ကြီးတွေ ကိုယ်တိုင် လာမည်။ လူကြီးမင်းများကတော့ ငြိမ်ချက်သား ကောင်းသည်။ သူ့သူဌေးက “It’s not good man. Their diplomacy is gone.” ဟု ပြောတော့ သူက နည်းနည်းမှ မနာ။ သူမျှော်လင့်ပြီးသား အရာတွေ။ သူတို့ အကျိုးအမြတ်မရှိရင် ရေတောင် ၀၀လင်လင် ထမသောက်ချင်သည့် အုပ်ချုပ်သူတွေအတွက် သူက မျက်နှာပူစရာ မရှိ။

အင်တာဗျူးပေးစဉ်က လူတွေအတွက် ဒီလို လူတွေ ငါ့ဆီ လွှတ်ပြီး ဘာလို့အချိန်တွေ ဖြုန်းနေသလဲဟု သူ့ သူဌေးက သူ့ကို ဆူပူခဲ့သဖြင့် အင်တာ လာဗျူးသူတွေကို သူအားနာ မျက်နှာပူခဲ့သည်။ သို့ပေသိ အခုလို လာမယ်လဲ မပြော၊ မလာဘူးလဲ မပြော၊ ကိုယ့် ဒေသအတွင်းမှာ စီမံကိန်းကြီး လုပ်နေသည့် နိုင်ငံခြား ကုမ္ပဏီ၏ အခြေအနေကို သိနိုင်သည့် အရေးကြီး ပွဲတစ်ခုမှာ တာဝန်မယူ၊ ယူရကောင်းမှန်း မသိသည့် လူကြီးမင်းများအတွက် သူက ဘာအတွက်မှ မျက်နှာပူ အားနာ စရာ မရှိ။ ထို့ကြောင့် “I don’t know Boss..No wonder for me…anyway let’s try to explain how we are doing our project to the villagers. Forget about them Boss..” ဟု သူ့သူဌေးကို လူရင်းတွေ ပီပီ ခပ်တင်းတင်းဘဲ ဆိုခဲ့သည်။ ရွာသားတွေက တောသူတောင်သား လူရိုးတွေပီပီ အားရပါးရစားကြသဖြင့် ဒံပေါက်တွေ အစောကြီး ကုန်သွားသည်။ သူ့သူဌေးကို သူကိုယ်တိုင် ၀င်တောင်းပန်ပြီး ထပ်ပြီး ၀ယ်ကျွေးပါရစေ။ မင်းမကျွေးချင်ရင်လဲ ငါ့ဘာသာ ၀ယ်ကျွေးတော့မယ်ဟု ဂျီတိုက်ခဲ့ရသည်။

နောက်ထပ် ဆိုးတာတွေ ရှိသေးသည်။ အလုပ် စည်းဝေးပွဲကို ချိန်းထားသည့် အချိန်ကို ဘယ်တော့မှ မတိကျ။ အမြဲ နောက်ကျ ကြသည်။ သူနဲ့ သူ့သူဌေးက သွားစရာ၊ လုပ်စရာ အလုပ်တွေ ရှိသော်လည်း စည်းဝေးပွဲအတွက် သူတို့ နောက်ကျရသမျှကို ထိုင်စောင့်ရသည်။ ကားပိတ်တယ်လေ၊ ငါဖုန်းဆက်ပြီးပြီ။ လာနေပါပြီ ဟု သူက တတ်နိုင်သလောက် ဖာထေးပေမယ့် အများစုက အချိန်ကို မလေးစား။ အလုပ်တွေ အပ်ဖို့ ငါတို့နဲ့ လာတွေ့ပါ၊ မင်းတို့ လုပ်ထားတာ မှန်သမျှ လာရှင်းပြပါ။ PowerPoint လေးဖြစ်ဖြစ်၊ ဓာတ်ပုံလေး ဖြစ်ဖြစ် ပရိုဂျက်တာနဲ့ ထိုးပြီး လာရှင်းပြပါဟု ပြောထား၊ တိုက်တွန်း ထားသမျှက တကယ်လာတွေ့သည့် လူတွေက အင်္ဂလိပ်စကားကို အဖြစ်သော်မှ မပြောတတ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးမှာ ကိုယ့်အလုပ်တွေ ရဖို့ လာရောက် ရှင်းလင်း ပြသတာမှာ အင်္ဂလိပ်စကား မပြောတတ်ခြင်းအား သူက စိတ်ခု ချင်သော်လည်း သူ့သူဌေးက စိတ်ရှည်သည်။ မပြောတတ်လဲ ဘာဖြစ်သလဲ။ သူတို့ ဘာတွေ လုပ်ထားသလဲ ဆိုတာဘဲ မင်းကို ရှင်းပြပါစေ။ မင်း နားလည်သလောက် ငါ့ကို ပြန်ပြောပြပါဟု ပြောပေမယ့် ကိုယ်ဘာတွေ လုပ်ခဲ့လို့ လုပ်ခဲ့မှန်း မသိကြသည့် သူတွေ များသည်။

နိုင်ငံခြားက ပူပူနွေးနွေးပြန်လာပြီး ဟိုဟာလဲ စိတ်တိုင်းမကျ၊ ဒီဟာလဲ စိတ်တိုင်းမကျ၊ တွေ့သမျှ၊ မြင်သမျှ အကုန်မစွံ့ဆိုသည့် ဖင်ခေါင်းကျယ် စိတ်ထားမျိုး ငါထားများ ထားမိနေသလားဆိုသည့် သတိလေးဖြင့် သူ့ကိုယ်သူ ပြန်ကြည့်မိသည်။ စွံ့တာတွေလဲ ရှိပါသည်။ သူတို့ စီမံကိန်းကြီးအတွက် ပင်မ လျှပ်စစ်ဓာတ်အားကြိုးကြီးတွေ ဆွဲဖို့ အလုပ်ပေးထားသည့် ပြည်တွင်း ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာနှင့် သူနှင့် သူ့သူဌေးနှင့် စည်းဝေးပွဲလုပ်သည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့် နောက်ကျမှာကို ဖုန်းဆက်ပြီး အကြောင်းကြားသည်။ ရောက်လာတော့ ပကာသနမဖက် လူတွင်ကျယ် လုပ်ချင်သည့် ပုံစံတစ်ခုမှ မတွေ့ရ။ ရိုးရိုးအေးအေးကြီး။ အင်္ဂလိပ်စကားပြောတာလည်း တစ်လုံးခြင်း။ အချောင်လိုချင်၊ ဟိုကွေ့၊ ဒီပါတ် အဖြေ၊ ကတိ တစ်ခုမှ မပေး။ လုပ်နိုင် လုပ်နိုင်တယ်။ မလုပ်နိုင် မလုပ်နိုင်ဘူး ဒါဘဲ။ သူ့အင်္ဂလိပ်စကားလုံး အသုံးပြုပုံတွေက မသိရင် ရိုင်းချင်သလိုလို။ ဒါပေမယ့် သူ့သူဌေးက အဲဒီလူကြီး ပြန်သွားတော့ သူ့ကို ပြောသည်။ “I like that man. We can work with him for long time. Keep our good relationship with him.” ဟု သူ့ကို ညွှန်ကြားလာသည်။ အဲဒီလူကြီးက မြန်မာ့လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းမှာ ရာထူး အကြီးကြီးနှင့် ပင်စင်ယူထားသူ ဖြစ်သည်။ အန်ကယ်လ်က စစ်တပ်ကလာ တာလားဟု သူက လျှာရှည်မေးမိတော့ “မဟုတ်ပါဘူးကွာ။ ငါစကားပြောတာ ပြတ်တာ၊ ထင်သလို ပြောတတ်တာက အညာ သား၊ တောသားကိုးကွ” ဟု အဖြေပေးသည်။ သူရော အဲဒီလူကြီးပါ အားရပါးရ ရယ်ကြသည်။ အဲဒီလူကြီး ရယ်တာက သူတောသား၊ စကားပြတ်တာကို သူ့ဘာသာ သဘောကျပြီး ရယ်ခြင်း။ သူရယ်တာက ငါထင်တာ မှန်သားဘဲဟု သဘောကျသည့် ရယ်ခြင်း။ အချောင်မလိုချင်သည့် စိတ်၊ ပြတ်သားသည့် စိတ်၊ မကောက်ကျစ်သည့် စိတ်၊ မကွယ်ဝှက် တတ်သည့် စိတ် ဒီလိုစိတ်ထားမျိုးတွေ ရှိနေမှတော့ ဟိုက လာတာ မဟုတ်ဘူး။ ငါထင်တာ ဟုတ်တယ်ဟု သဘောကျသည့် ရယ်ခြင်း။

သူက ပညာရှင်လဲ မဟုတ်။ နိုင်ငံခြားက အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ မြန်မာနိုင်ငံကို ပြန်လာပြီး ကူညီကြပါဟု တိုက်တွန်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကြောင့် သူပြန်လာတာလဲ မဟုတ်။ ဒေါ်စုပြောတာ သူ့လို သာမန်လူကို ပြောတာ မဟုတ်။ သူ့ဘာသာ မပျော်တော့လို့ ဟိုက ပြန်လာခြင်းသာ ဖြစ်သည်။ ကြီးကြီးကျယ်ကျယ် စကားကြီး စကားကျယ်၊ အားလုံးဟာ..ကျွတ်..ကျွတ်..ကျွတ် စိတ်ထားမျိုး ထားဖို့ နေနေသာသာ သူ့ကိုယ်သူတောင် သနားနေရတာ အချိန်မလောက်။ သူသနားမိတာ တစ်ခုဘဲ ရှိသည်။ အားရအောင် ဖျက်ဆီးသွားကြသည့် လူကြီးမင်းများ၏ သံသရာ လားရာတစ်ခုကိုဘဲ သူက ကျွတ်…ကျွတ်..ကျွတ် ဟု သူ့ပါးစပ်က အသံထွက်မိသည်။

ဖိုးထက်