လင်းသက်ငြိမ် - တာဝန်


လင်းသက်ငြိမ် - တာဝန်
(မိုးမခ) မတ် ၁၄၊ ၂၀၁၆

မြန်မာပြည်အထက်ပိုင်းတနေရာက ကျွန်တော်တို့ရဲ့မြို့လေးမှာပေါ့။ ကျွန်တော်နေတဲ့ရပ်ကွက်ရဲ့ဘုရားပွဲမှာ လုံခြုံရေးတာဝန် ယူရန်အတွက် တာဝန်ဆိုတဲ့ လက်ပတ်များကို ဝေငှပေးထားပါတယ်။

အဲ့ဒီမှာ လူမိုက်လိုလို ဘာလိုလိုနဲ့ လူစွာကော၊ တကယ်​ရိုးသားတဲ့လူတွေကော ရောနှောပြီး လက်ပတ်တွေပတ် တုတ်တွေ ကိုင်ပြီး ပွဲလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြပါတယ်။ သတိထားမိတာက တာဝန်ဆိုတဲ့လက်ပတ်ပတ်ထားတဲ့ လူတွေ က မြောက်ကြွမြောက်ကြွဖြစ်နေကြပြီး၊ လက်ထဲကတုတ်ကို တဆဆ လုပ်နေကြတာပဲဖြစ်တယ်။

သူငယ်ချင်းအချင်းချင်း လှမ်းနှုတ်ဆက်တာတောင်သူတို့က မျက်နှာထားတင်းတင်းနဲ့ ခပ်တည်တည်လုပ်နေတော့ ရယ်စရာ ကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်။ သူတို့နားကပ်လိုက်ရင် အရက်နံ့ကလည်း မွန်ထူနေတာပဲ။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ မုန့်နဲ့ ဇာတ်စင်ရှေ့ လူလုံးပြရတာကိုလည်း သူတို့တွေနှစ်ခြိုက်ကြတဲ့အရသာဖြစ်မယ်ထင်ပါတယ်။ အလွန်ရုပ်ဆိုးတဲ့ ကိစ္စကတော့ တာဝန်ဆိုတဲ့လက်ပတ်ကိုပွဲလုံခြုံရေးအတွက်၊ ရန်ဖြစ်မှု၊ ဆူပူမှုတွေမဖြစ်ပေါ်စေရေးအတွက် ပေး ထားပေမယ့် တခုခုဖြစ်တာနဲ့ သူတို့ကအရင်ဆုံးဦးအောင် ဝိုင်းရိုက်ကြခြင်းပဲဖြစ်ပါတယ်။

တာဝန်ဆိုတာကို အလွဲသုံးစားလုပ်ပြီး စိတ်လွတ်ကိုယ်လွတ်ရမ်းကားခွင့်လို့ သူတို့တွေ ထင်မြင်နေတယ်လို့လည်း ကျွန်တော် မြင်မိပါတယ်။

တာဝန်​​ပေးအပ်​သူနဲ့ဲ့တာဝန်ယူသူများသည် တာဝန်ရဲ့အဓိပ္ပါယ်နဲ့ တာဝန်အကြောင်း တိတိပပနားလည်ဖို့ လိုအပ်ပါတယ်။ လိုင်စင်ရရမ်းကားခွင့်လို့သတ်မှတ်ပြီး တာဝန်ဆိုတဲ့အပေါ်သာယာမှုတွေကို ကျွန်တော်တို့ဆန့်ကျင်ရှုတ်ချရပါမယ်။

တာဝန်နှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့လက မြို့လေးရဲ့ညတည လမ်းဘေးလက်ဖက်ရည် ဆိုင်တဆိုင်မှာ ရဲရှစ်ယောက်ခန့်က သူတို့ဆိုင်ကယ်တွေကို လမ်းဘေးမှာရပ်ပြီး လက်ဖက်ရည်ထိုင်သောက်နေကြတယ်။ သူတို့ထိုင်​​သောက်​ပြီး နာရီဝက်​​လောက်​မှာ လူနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်က ရပ်ထားတဲ့ရဲတွေရဲ့ဆိုင်ကယ်ကို ဝင်တိုက်မိသွားတယ်။ စီရပ်​ထားတဲ့ရဲတွေ ရဲ့ ဆိုင်ကယ် ၃ စီးလောက် လမ်းပေါ်လဲသွားတာပေါ့။ ဝင်တိုက်တဲ့ဆိုင်ကယ်က မောင်းမပြေးပါဘူး၊ ဆိုင်ကယ်ကို ရပ်နေ တဲ့အချိန်မှာ ဆိုင်​ထဲကပြေးထွက်​လာကြတဲ့ရဲတွေက သူတို့ကိုတွန်းကြထိုးကြပြီး လက်ထိပ်တွေခတ်ကြ ပုံစံထိုင်ခိုင်းကြတယ်​၊ မြို့လယ်ခေါင်မှာပါ။ ဆိုင်ကယ်တိုက်မိတဲ့ကိစ္စက လူကို ကိုယ်ထိ လက်ရောက်လုပ်ရန် ဥပဒေမရှိပါ၊

ပုံစံထိုင်ခိုင်းပြီး၊ လက်ထိပ်ခတ်ရန်ဥပဒေမရှိပါ။ ဥပဒေဘက်တော်သားဆိုတဲ့ လူတွေက ပေါ် ပေါ်ထင်ထင်ကြီး လူ့အခွင့်အရေး ချိုးဖောက်နေတာကိုမြင်​နေရ​ပေမယ့်​ ကျွန်တော်အပါအဝင် ဘယ်သူကမှ ဝင်မတားဆီးရဲကြပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေမှာတာဝန်ရဲ့အရေကိုခြုံပြီး ကိုယ့်အတ္တကို ရှေ့တန်းတင် စိတ်တိုင်းကျထင်တိုင်းကြဲနေကြတာတွေက အထင်းသားပေါ်လွင်​နေ ပါတယ်။

တာဝန်ကျဆရာဝန် ကျား/မက ဆဲဆိုကြိမ်းမောင်းတာကို ပြည်သူတွေခံခဲ့ရတယ်။ တာဝန် ကျဂိတ်စောင့်ရဲ့ ရင့်သီးမှုတွေကို ပြည်သူတွေခံခဲ့ရတယ်။ တာဝန်ကျရဲရဲ့ရိုင်းစိုင်းမှုကို ပြည်သူတွေ ခံခဲ့ရတယ်။ တာဝန်ဆိုတဲ့တံဆိပ်လက်ပတ်ရင်ထိုးတွေက စော်ကားခွင့်လိုင်စင်လား၊ ယုတ်မာရိုင်းစိုင်းခွင့်တံဆိပ်လား၊ တာဝန်​ဆိုတာလက်မရွံ့လူမိုက်​​တွေ​ရဲ့အမှတ်အသားလား။

ရထားများ၊ ကားများမှာ တာဝန်အရစစ်ဆေးကြတဲ့သူတွေက ခရီးသည်တွေရဲ့အိတ်တွေကို အကုန်လုံးမွေနှောက်ဆွဲထုတ်ပြီး ထွက်သွားကြတယ်။ တည်းခိုခန်းမှာ ပြည့်တန်ဆာကိုခေါ် ပျော်ပါးပြီး​တော့မှ ပိုက်ဆံမပေးချင်တော့ ကဒ်ပြားကိုထုတ်ပြပြီး ခြိမ်းခြောက်တတ်​တဲ့တာဝန်အရများ။ အရက်ဆိုင်ထဲ အရက်ဝင်သောက်ပြီး ပြဿနာရှာတတ်ကြတဲ့တာဝန်အရများ။ ကစား ဝိုင်းမှာ ငွေတောင်းနေကြတဲ့ တာဝန်အရများ။ သစ်ကားကိုလမ်းမှာတားပြီး ငွေတောင်းနေကြတဲ့ တာဝန်အရများ။

တာဝန်ဆိုတဲ့တံဆိပ်ကပ်လိုက်တာနဲ့ လုပ်ပိုင်ခွင့်တွေရသွားတဲ့အနေအထားကို ကျွန်တော်တို့ သိရခံစားကြရတယ်။ တာဝန်ဆိုတဲ့တံဆိပ်ကိုသူခိုးတွေဆီကပ်ပေးလိုက်တာနဲ့ သူခိုးဟာ ခိုးချင် တိုင်းခိုးလို့ရပြီလား။ တာဝန်ဆိုတဲ့တံဆိပ်ကို လူမိုက်တွေဆီ ကပ်ပေးလိုက်တာနဲ့ လူရိုက်ချင်တိုင်း ရိုက်လို့ရပြီလား။ လောလောဆယ်တော့ တာဝန်အရတွေနဲ့ တာဝန်ဆိုတဲ့တံဆိပ်တွေဟာ လူစိတ် မရှိကြတာကို အတိုင်းသားကြီးတွေ့နေကြရတယ်မဟုတ်လား။

 လင်းသက်​ငြိမ်