မင်းကိုနိုင် - နေမ၀င် ဆည်းဆာ

 
မင်းကိုနိုင် - နေမ၀င် ဆည်းဆာ
( သူ့ေ ဖ့ ဘု တ် ခ် မှ )
(မိုးမခ) မတ် ၂၈၊ ၂၀၁၆

တခုထဲသော ကောင်းကင်က
လေထီးခုန်လာတဲ့ မိုးစက်တွေအဖြစ်
သားသမီးတွေ ပြန်လာတယ်
ကမ္ဘာမြေပြင် အမေ့ရင်ခွင်ဆီ
.
ဟုတ်ပါ့
ညတုန်းက ကြယ်လေးတွေပေါ့
ခုတော့ မိုးစက်တွေ
ကလေးတွေက မျက်လှည့်လည်းပြတတ်တယ်
အမေ့ကို
.
ချင်းတွင်းနဲ့ သံလွင်ဟာ အမေ့လက်မောင်း
စစ်တောင်းက အမေ့ပေါင်
ဧရာဝတီက အမေ့ရင်ခွင်
ဘယ်မှာခိုဝင် မှေးချင်လဲ
.
ရှမ်းကုန်းမြင့်မှာ ဒုဌာဝတီ
မြေပြန့်ဆီမှာ မြစ်ငယ်မြစ်
ဟိုအောက် ဧရာဝတီမှာ
တော်ကြာ င၀န်မြစ်
တော်ကြာ ပုသိမ်မြစ်
တော်ကြာ တိုးမြစ်
တော်ကြာ ရန်ကုန်မြစ်
ကလေးတွေက မျက်လှည့်ပြတယ် အမေ့ကို ...။
.
ညမှာ ကြယ်လိုလင်းပြီး
နွေရက်မျိုးမှာ ရွှေလက်ချိုးကာ ကဖို့
တချို့က ပိတောက်ပန်းယောင်ဆောင်ပြီး ပြန်လာတယ်
တချို့က မုန့်လုံးရေပေါ်ထဲ ပဟေဠိဖွက်ဖို့ ပြန်လာတယ်
တချို့က အစွယ် တင်းပုတ်နဲ့ အရုပ်တွေကို တောက်ချဖို့
မှင်စွန်းတဲ့ လက်သန်းတွေအဖြစ်
တောင်တန်းတွေပေါ်ကျော်.. ပြန်လာတယ်
.
လိုသူတွေအတွက် ပိုသူတွေက မျှဝေဖို့
တချို့က စာအုပ်ခဲတံလေးတွေအဖြစ် ပြန်လာတယ်
လဲသူကို တွဲထူဖို့ လက်ရုံးများအဖြစ် ပြန်လာတယ်
အမိမြေအနှံ့ ခြေဆန့်ပြီးတဲ့အခါ
တခုထဲသော ပင်လယ်မှာ ပန်းဝင်ဖို့ ပြန်လာတယ်
.
သူတို့ဟာ တခုထဲသော ကောင်းကင်က လာတာပဲ
ခရီးကြမ်းပေမယ့်
တခုထဲသော ပင်လယ်မှာ အတူပန်းဝင်ကြမယ်

ပန်းဝင်မှာ ဖြစ်တယ်
နေမ၀င်ပါ
နေမ၀င် ဆည်းဆာပေါ့...။......။
.
-#‎မင်းကိုနိုင်
.
[ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ အနုပညာရှင်များ၏ နေမ၀င်ဆည်းဆာတွင် ရွတ်ဆိုခဲ့သောကဗျာ၊ ၂၆/၃/၂၀၁၆]
.
Photo: Dustinmain