ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွဋ်ခေါင်ဖြိုး - အပျိုစင်


ထွဋ်ခေါင်ဖြိုး - အပျိုစင်
(မိုးမခ) မတ် ၅၊ ၂၀၁၆

(၁)
ကျနော်တို့သူငယ်ချင်းတသိုက် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ ဘန့်နူရာတိုက်ခိုက်လေးတွင် ပေါင်းပြီးနေကြသည်။ စနေ-တနင်္ဂနွေ နေ့ဖြစ်သဖြင့် အိမ်မှာ လူစုံနေသည်။ အိပ်ရာထခါစ မနက်ခင်းဖြစ်သဖြင့် အိမ်ရှေ့ထိုင်ခုံပေါ်တွင် ထမင်းကြော်စားပြီး စကားထိုင်ပြောနေကြသည်။ တယောက်နှင့်တယောက် နောက်နေကြသည်။ ထမင်းကြော်ပြီးတော့ လဖက်ရည်သောက်သူ သောက်နှင့် ကော်ဖီသောက်သူ ရှုပ်နေသည်။ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတို့အိမ်နောက်ဖေးမှာ ဆေးလိပ်သွားသောက် ကြသည်။

ကျနော်တို့ပြန်လာတော့ ကျနော့်သူငယ်ချင်းလပြည့်က ခုံမှာထိုင်နေသည်။ ကျနော်တို့လည်း ၀ိုင်းထိုင်ကြသည်။ သူက ကျ နော်တို့နဲ့အတူလာနေတဲ့ သူငယ်ချင်း မိန်းကလေး။ သူ့အမေနဲ့လာနေသည်။ ပတ်ဝန်းကျင်တော့ သူ့ကို ယောကျာ်း ၃ ယောက်ကို တပြိုင်တည်းရထားသည်ဟု ပတ်ဝန်းကျင်မှာ နာမည်ကြီးနေသည်။

လပြည့်က "နင်တို့ကို ငါတိုင်ပင်စရာရှိတယ်” လို့ပြောပြီး ဘေးနားကို ပတ်ကြည့်လိုက်သည်။ “ဘယ်သူမှ လျှောက်မပြောနဲ့ဦး။ နင်တို့က ငါ့နဲ့အရင်းနှီးဆုံးတွေမို့တိုင်ပင်ရတာ။ ငါလည်း ဘာလုပ်ရမှန်းမသိဘူး။ မနက်တုန်းက ငါ့ညီမ တ၀မ်းကွဲ အိမ်ကို ရောက်လာတယ်နော်။ သူအထဲမှာ ငိုနေတယ်”

ငအောင်က “ဘာဖြစ်လို့ လဲ။ ရည်းစားနဲ့ ကွဲလာလို့လား” ဟု မေးခွန်းစလိုက်သည်။
ဂတုံးကလည်း “သူ့ဘာသာ သူငိုတာ ဘာဖြစ်လဲ။ ငါတို့နဲ့ဘာဆိုင်လဲ” ဟု မေးလိုက်သည်။
ကျနော့်အတွေးထဲမှာတော့ အလုပ်များပြုတ်သွားလို့လား… ပိုက်ဆံပျောက်သွားတာလား …. ဒါမှမဟုတ် အိမ်များလွမ်းနေ သလား …. သို့လောတွေ မျိုးစုံ။ ကျနော်လည်း နောက်ပြီးပြောလိုက်သည်။ “ဂတုံးနဲ့ ငအောင် တယောက်ယောက် အိမ်သာ ရှေ့မှာ မင်းတို့ထဲက တယောက်ယောက် ဖတ်နမ်းလိုက်လို့ ဖြစ်မှာပေါ့”

“နင်တို့ကလည်း ငါပြောတာကို ဆုံးအောင်နားမထောင်ဘူး။ ငါစကားပြောတာ မဆုံးခင် နင်တို့ဖြတ်ပြောကြတယ်။ ပြီးတော့ ကိုယ်ထင်တာတွေလျှောက်ပြောတယ်” ဟု လပြည့်က ကျနော်တို့ကို လှမ်းပြောလိုက်သည်။ ပြီးတော့ လေသံတိုးတိုးလေးဖြင့် နင်တို့ရှေ့တိုး “ငါပြောပြမယ်။ သူများလျှောက်မပြောနဲ့နော်….”

ကျနော်တို့လည်း ခေါင်းကို ရှေ့တိုးပြီးသူဘာပြောမလဲလို့ နားထောင်နေကြသည်။ သူက “ငါ့ညီမ မနေ့က ကျောင်းသားဆေး ခန်း (မယ်တော်ဆေးခန်း) နေမကောင်းလို့သွားတယ်။ သွားပြီး စစ်ကြည့်တော့ ဆီး-ပိုးတွေ့တယ်တဲ့။ အဲဒါနဲ့ သူကို ဆီးပိုးကို စစ်ရင်းတွေ့တာ သူ့မှာ ကိုယ်ဝန်ရှိနေတယ်တဲ့။ အဲဒါ ….”။

(၂)
ကျနော်တို့အားလုံး အသံတိတ်ဆိတ်သွားသည်။ ကျနော်တို့မှာ ရှင်းစရာ ပြဿနာတခု တိုးလာသည်။ ကျနော်တို့ကလည်း

“ဟေ့ကောင်… ဂတုံး… မင်းက သူ့ကို ကြည်နေတယ်ဆိုတော့ မင်းပဲဖြစ်ရမယ်။ ဒီရက်ထဲ မင်း ရည်းစားရနေပြီပြောတာ ….”

“ငအောင်နဲ့ ငဖြိုးဖြစ်မှာပေါ့။ ငါကတော့ ဟိုတခေါက်လာအိပ်တုံးက ဟောက်လို့ စိတ်မ၀င်စားဘူး။ နောက်ပြီး လပြည့်နဲ့ အမိုးပြောတာ သူအိပ်တာ ပန်ကာလိုပဲတဲ့။ ငါကတော့ ဝေးတယ်”

“ငါနဲ့တော့ မဆိုင်ဘူး။ ငါ့လက်က ဝေးတယ်” လို့ ငအောင်ကပြောလာသည်။

“ဟေ့ … ထွက်လာရင် DNA စစ်ကို စစ်မယ်။ မှန်တဲ့လူ ယူ … ဘယ်လိုလဲ…. မဲ့ဆောက်ဆေးရုံကြီးမှာ စစ်လို့ရတယ်နော်” ဟု ကျနော်က ပြောလိုက်သည်။

“စိန်လိုက်…. မင်းကတိနဲ့ မင်းနော်” ဟု ငအောင်နဲ့ ဂတုံးကပြောလာသည်။

“ရတယ် … ”ဟု ကျနော်က ပြောပြီး ကျနော်တို့ ၃ ယောက် လက်ချင်းထပ်ပြီး ကတိတည်ပါ့မည်အကြောင်း သစ္စာဆိုကြသည်။

လပြည့်က “နင်တို့ကလည်း ကလေးဖအေက ဘယ်သူလဲ။ နင်တို့ တယောက်ယောက်လက်ချက် ဖြစ်လို့ဖြစ်မှာပေါ့။ ငါမေး ချင်တာက ဘယ်လိုဖြေရှင်းရမှာလဲ” ဟု ပြောလာသည်။

ကျနော်တို့က ခေါင်းချင်းဆိုင်ပြီး “နင့်ညီမက ဘယ်လိုသဘောရှိလဲ။ မွေးမှာလား ဒါမှမဟုတ် ဖျက်မှာလား။ မွေးပြီးရင်ရော သူယူမှာလား။ မယူရင်တော့ ငါတို့ပဲ မွေးစားလိုက်မယ် ….” ဟု ကျနော်တို့က လပြည့်ကို မေးလိုက်သည်။

“ငါလည်း ဘာမှ သေချာမသိဘူး။ သူကတော့ ငိုနေတာပဲ… နင်တို့နဲ့ စကားပြောလို့ရအောင် ငါခေါ်လာပေးမယ်” ဟုပြောပြီး အခန်းထဲဝင်သွားသည်။

(၃)
လပြည့်နဲ့ သူ့ညီမ ကျနော်တို့ထိုင်နေသည့် ကျောက်ခုံအ၀ိုင်းလေးတွင် ၀ိုင်းထိုင်လိုက်သည်။ လပြည့်က ငဖြိုး “နင်ပဲ မေး လိုက်ဟာ …” ဟု ကျနော့်ကို ပြောလာသည်။

ကျနော်က “နင့်အမ ပြောထားလို့ ငါတို့လည်း တချို့ ကိုသိပြီးသွားပြီ။ အခု နင်ဘာလုပ်မှာလဲ၊ ဘယ်လိုဆုံးဖြတ်ထားလဲ။ ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောနော်” ဟု ကျနော်က သူ့ကို စကားစပေးလိုက်သည်။

“သမီး ဘယ်လိုဆုံးဖြတ်ရမလဲမသိဘူး အကိုရယ်။ သမီးရမ်းလည်း ရှက်တယ်။ သေချင်တာပဲသိတယ်” ဟု လပြည့်ညီမက ပြောလာသည်။

“ဒါဆို တခုလောက်မေးမယ်နော်။ ကောင်လေးကရော ဒါကိုသိပြီးပြီလား။ သူကရော တာဝန်ယူလား” ဟု ကျနော်က မေးလိုက်လိုက်သည်။

“သမီးမှာ ရည်းစားမရှိသေးဘူး”

“ဟင် ….” ဟု ကျနော် အသံထွက်သွားသည်။

“ဒါဆို ဘယ်လိုဖြစ်တာလဲ။ ညဖက်အိပ်နေတုန်း တယောက်ယောက်များ ….” ဟု ကျနော်က ဆက်မေးလိုက်သည်။

“သမီးရှက်လာပြီနော်။ သမီးဘာမှ မဟုတ်တာ မလုပ်ဖူးဘူး။ သမီးနေမကောင်းလို့ ….” ဟု သူကပြောပြီး ငိုလာသည်။

“ကိုယ့်ကို မိန်းကလေးလို သဘောထားနော်။ ဘာစိတ်မှမထားနဲ့။ မိန်းကလေး သဘာဝ ဘာတွေညာတွေရော ဖြစ်လား၊ အနံ့ တွေရော ခံနိုင်သေးလား၊ အစားအသောက်ပျက်လား ….” ဟု ကျနော်ကမေးလိုက်သည်။

“သမီး ဆေးဆရာကို ၂ ခါတောင် စစ်ခိုင်းတာ။ သူ့အတံမှာ အချောင်း ၂ ချောင်းပြတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က။” ဟု သူက ပြန် ဖြေလိုက်သည်။

ကျနော်မေးစရာ စကားကုန်သွားသည်။ စိတ်ထဲမှာတော့ တခုခုတော့လွဲနေပြီဟု သိလိုက်ရသည်။ “ဒါဆို ဆေးစစ်ပုံလေး ပြောပြပါလား” ဟု ကျနော်က မေးလိုက်သည်။

“သမီး ဆီးစစ်ဖို့ခွက်ကလေးပေးတော့ သမီးလည်း အိမ်သာထဲသွားလိုက်သည်။ ပြီးတော့နော် ဆီးကိုယူတာပေါ့။ အဲဒါ ခွက် ထဲကို မ၀င်ဘဲ အောက်ကိုကျသွားတယ်။ အဲဒါ သမီးလည်း အိမ်သာထဲက ဆီးကို ခပ်ပေးလိုက်တယ် ….” ကျနော် သူဘာ ပြောနေလဲ ကျနော်မကြား။ စိတ်ထဲမှာ မရယ်မိအောင် ထိန်းနေရေသည်။

“နင့်ညီမကို အိမ်ထဲပြန်ပို့လိုက်ဟာ လပြည့်။ ပြီးတော့မှ ဒို့တွေ စကားဆက်ပြောကြမယ်။ နင်တော့ ပြန်ထွက်လာခဲ့” ဟု ကျနော်က လပြည့်ကို လှမ်းပြောလိုက်သည် …..

ထွဋ်ခေါင်ဖြိုး
၀၂ မတ်လ ၂၀၁၆