ကိုအောင်မှို်င်း - ဒီထက်လျှော့ရရင် ကျူပ်ဟိုဟာဖြစ်တော့မယ် သူကြီးရ


ကိုအောင်မှို်င်း - ဒီထက်လျှော့ရရင် ကျူပ်ဟိုဟာဖြစ်တော့မယ် သူကြီးရ
(မိုးမခ) မတ် ၂၊ ၂၀၁၆

ကနေ့မြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျဉ်းတခုလုံးက စစ်တပ်ကိုလက်ညှိုးထိုးပြီး လူထုအပေါ် နိုင်လိုမင်းထက် ပက်ပက် စက်စက် ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ကာလလို့ ပြောရမလိုဖြစ်နေပါပြီ။ စစ်တပ်ကလည်း အသံတွေ ဟန်ပန်တွေနဲ့ပါ အလိုတူ အလိုပါတွေလို လုပ်နေတဲ့လုပ်ရပ်တွေဟာ တိုင်းပြည်ရဲ့အနာဂါတ်ကို စစ်ဖိနပ်နဲ့ နင်းခြေဖျက်ဆီးဘို့ ခြိမ်းခြောက်နေသလို ဖြစ်နေပါတယ်။

(တရားမျှတမှုမရှိတဲ့ အခြေအနေတရပ်မှာ နှုတ်ဆိတ်နေမယ်ဆိုရင်ဖိနှိပ်မှုဘက်က ရပ်တည်တယ်လို့ သတ်မှတ်ရလိမ့်မယ်။ နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ အဆိုအမိန့်ပါ)။

ကျနော်တို့ တိုင်းပြည်အနာဂါတ်အတွက် နှုတ်ဆိတ်နေလို့မဖြစ်တော့ပါ။ ကနေ့မြန်မာ့နိုင်ငံရေးပြဿနာဟာ NLD ပါတီတခု တည်းရဲ့ပြဿနာလို့ ကောက်ချက်ဆွဲမယ်ဆိုရင် အဲဒီကောက်ချက်ဟာ အတော်နလပိန်းတုံးဆန်ပါလိမ့်မယ်။ မြန်မာတနိုင်ငံ လုံး တိုင်းရင်းသားပြည်သူလူ ထုအားလုံးအတွက် သေရေးရှင်ရေးပြဿနာလို့ ကျနော်တို့ပြောချင်ပါတယ်။ သဏ္ဍာန်အရကြည့် ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီရပြီလို့ ပြောနိုင်မှာပါ။ အစိုးရအဖွဲ့ရှိတယ်။ လွှတ်တော်ဆိုတာရှိတယ်။ တရားသူကြီးချုပ်ဆိုတာ လည်းရှိတယ်။ တိုင်းဒေသကြီးတွေမှာလည်း ကိုယ်ပိုင်အစိုးရ၊လွှတ်တော်၊ တရားသူကြီးချုပ် စသဖြင့်ရှိနေကြပြန်ပါတယ်။ ဒါကိုပြည့်စုံတဲ့ ဒီမိုကရေစီအခင်းအကျဉ်းလို့ ပညာရှင်ဆိုသူအချို့ကလည်း စစ်တပ်အလိုကျ ပြောဆိုနေချိန်ဖြစ်ပါတယ်။ ခက် တာက အနှစ်သာရအရ တခုမှဒီမိုကရေစီလက္ခဏာမဆောင်တာ ဖြစ်ပါတယ်။

သမ္မတဆိုသူကလွှတ်တော်ကို အာမမခံဘူး။ စစ်တပ်က သမ္မတကို အာမမခံဘူး။ တရားသူကြီးချုပ်က လွတ်လပ်တဲ့ တရားစီ ရင်ရေးကို အာမမခံဘူး (သမ္မတက သူ့ကိုခန့်တဲ့အတွက် သမ္မတကိုဘဲ အာမခံတယ်)။ အချို့ဝန်ကြီးအဖွဲ့တွေက သမ္မတကို အာမမခံဘူး(ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန)။ သူတို့က ကာချုပ်ကခန့်ထားလို့ ကာချုပ်ကိုဘဲ အာမခံတယ်။ လွှတ်တော်မှာ ယူနီဖေါင်းဝတ်စစ်သား၂၅ ရာခိုင်နှုန်းက လူထုကရွေးချယ်တာမဟုတ်ဘဲ လွှတ် တော်ထဲ ဇွတ်ဝင်ထိုင်နေတယ်။ သူတို့က ကာချုပ်ဆိုတဲ့ပုဂ္ဂိုလ်ကို အာမခံတယ်။ ကျနော်ဆိုလိုချင်တာ မြန်မာနိုင်ငံဒီမိုကရေစီရပြီဆိုတဲ့ အနှစ်သာရက ပြောရမယ်ဆိုရင် “မျောက်ပြ ဆန်တောင်း” နေသလိုဖြစ်နေတာပါ။ ဒီမိုကရေစီဆိုတဲ့သဏ္ဌာန်ကိုပြ ပြီး စစ်တပ်က တဖက်လှည့်အုပ်ချုပ်နေတာလို့ဘဲ ပြောရတော့မှာပါဘဲ။ ဒီအတွက် အချုပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘဲဖြစ်ပါတယ်။

ကနေ့ လူထုကပြတ်ပြတ်သားသား စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့အနေနဲ့ NLD ကိုမဲပေးရွေးချယ်လိုက်တဲ့အခါ၊ စစ်ဗိုလ် ချုပ်တွေရဲ့အကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွား ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာနေတော့တာပါဘဲ။ လွှတ်တော် မှာ စစ်သားတွေ အထိုင်အထများလာတာ တွေ့နေရတယ်။ အစိုးရဟောင်းကပုဂ္ဂိုလ်တွေ တပဲရရ တမတ်ရရ အလုအယက် ခိုးဆိုးလုယက်နေတဲ့လုပ်ရပ်တွေလည်း ပေါ်ပေါ်ထင်ထင်ဖြစ်လာနေတယ်။ အစိုးရဟောင်းက လွှတ်တော်သစ်ကို “ငါ့စကား နွားရ” ဥပဒေမဲ့စကားတွေနဲ့ စိမ်ခေါ်လာနေတယ်။ ထင်ထင်ရှားရှားဥပမာတခုအနေနဲ့ပြောရရင် တနိုင်ငံလုံး နွားတွေမိတ် လိုက်သလို ၀ရုံးသုန်းကား လုယက်ရမ်းကားနေတာကို အစိုးရအနေနဲ့ ထိမ်းသိမ်းပေးဘို့နဲ့ ဒီလုပ်ရပ်အချို့နဲ့ပတ်သက်ပြီး ပါ ၀င်ပတ်သက်တဲ့ဝန်ကြီးဌာနတွေအနေနဲ့ လွှတ်တော်လာရောက်ရှင်းပြဘို့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ဖီဆန်တာဟာ အ တော် အရုပ်ဆိုးအကျဉ်းတန်စေပါတယ်။ ဒီကိစ္စအတွက် ဖြေရှင်းတဲ့အကြောင်းပြချက်က ပိုလိုတောင် အရုပ်ဆိုးစေတယ်လို့ ကျနော်တော့ထင်တယ်။ လွှတ်တော်ကြီးတခုလုံး လမ်းဘေးအမှိုက်ပုံထဲ ရောက်သွားသလိုခံစားရတယ်။ ဒါဟာ လုပ်သင့်တဲ့ ကိစ္စလား။

ပထမဆုံးပြောချင်တာက နိုင်ငံတော်သမ္မတရဲ့  တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေ ပုဒ်မ၂၀၃ မှာ အခုလိုအတိအလင်းဖေါ်ပြထား ပါတယ်။ “ပုဒ်မ ၂၀၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရ မည်။”  ရှင်းရှင်းလင်းလင်းရေးထားတာဖြစ်ပါတယ်။ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အာမခံရမည်ဆိုတာ တည်ဆဲ ပြည်ထောင်စုလွှတ်တော်ကို ဆိုလိုတာဖြစ်တယ်ဆိုတာ လူတိုင်းနားလည်လွယ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကို ဝေ့လည်ကြောင် ပါတ် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်မဟုတ်လို့ သမ္မတက တာဝန်ခံစရာမလိုဘူးဆိုတဲ့ အကြောင်းပြချက်ကတော့ အတော့်ကိုစိတ်ပျက်စရာကောင်းသလို စစ်အစိုးခေတ်တလျှောက်လုံးလုပ်နေတဲ့ ဥပဒေတွေကို လိုသလိုအသုံးချခြင်တဲ့ အ တွေးအခေါ်တွေကလာတာလို့ ကျနော်ထင်တယ်။ ဥပဒေက ပထမတွေ ဒုတိယတွေ တတိယတွေကို ရည်ညွန်းတာမဟုတ်ဘဲ တည်ဆဲပြည်သူ့လွှတ်တော်ကို တည်ဆဲသမ္မတက တာဝန်ခံဘို့ဖြစ်ပါတယ်။ ဒီကိစ္စက ရာဇ၀တ်မှုမြောက်ပါတယ်။ ပတ်သက် တဲ့ ၀န်ကြီးတွေကို တရားစွဲနိုင်တယ်ဆိုတာ သတိပေးလိုပါတယ်။

NLD ပါတီအနေနဲ့ အာဏာလွှဲပြောင်းရေးအဆင်ပြေဘို့ အလျှော့ပေးနေတာတွေကို ရပ်တန်းကရပ်ဘို့ ကျနော်တို့တောင်း ဆိုပါတယ်။ အခုလတ်တလောတွေ့နေတာက စီးပွားရေးကဏ္ဍမှာလဲ ဆီးသီးဗန်းတွေ အလုအယက်မှောက်နေကြသလို အုပ် ချုပ်ရေးပိုင်းတွေ နိုင်ငံရေးပိုင်းတွေမှာပါ အလွန်အကျွံလျှော့ပေးနေတာဟာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ အကျိုးစီးပွားကို သူခိုးဓားပြတွေလက်ထဲထိုးအပ်နေသလို ဖြစ်နေပါတယ်။ ဒါဟာ အခုအတွက်လည်းမကောင်းသလို အနာဂါတ်အတွက်လည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အတုယူစရာကောင်း တွေမဟုတ်တာသေချာပါတယ်။ ကျနော်တို့ရွာက ကိုဘခက်နဲ့ မယ်မြဇာတ်လမ်းလေးတပုဒ်ပြောပြလိုပါတယ်။

ကျနော်တို့ရွာမှာ အရက်သမားကိုဘခက်နဲ့ ဒေါ်မယ်မြဆိုတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်။ သူတို့မှာ ၇ နှစ်အရွယ်သားလေး နဲ့ ၁၁ နှစ်အရွယ် သမီးလေးတယောက်ရှိပါတယ်။ ကိုဘခက်ဟာ အပေါင်းအသင်းတွေနဲ့ နေ့ရှိသရွေ့ မူးယစ်သောက်စားရမ်း ကားနေသူဖြစ်သလို ဟိုလူကို ရိုက်လိုက် ဒီလူကိုထိုးလိုက်နဲ့ ရွာရဲ့ချဉ်ပတ်လဲဖြစ်ပါတယ်။ မူးမူးနဲ့အိမ်ပြန်လာရင်လဲ ဒေါ်မယ် မြကို အမြဲဆိုသလို ရမ်းလေ့ရှိပါတယ်။ တခါတလေ အပေါင်းအသင်းတွေကိုပါ အိမ်ခေါ်အရက်ဝိုင်းလေ့ရှိပါတယ်။ အဲဒီရက် တွေဆို ဒေါ်မယ်မြတို့မိသားစုအတွက် ငရဲကျနေသလို ခံစားကြရပါတယ်။ ဒေါ်မယ်မြတို့မိသားစုစားမဲ့ဟင်းတွေ အရက်နဲ့ မြည်းလိုက်လို့ ငပိနဲ့စားရတဲ့ထ္မင်းပွဲတွေလည်း အကြိမ်မနဲပါဘူး။ ကိုဘခက်အရှိန်နဲ့ အရက်သမားတွေက ဒေါ်မယ်မြကို ဟို ဟာယူပေးစမ်း ဒီဟာယူပေးစမ်းဆိုတာကတမျိုး၊ အမြည်းသုတ်ပေးဦး ဆားပေါ့တယ် ငံပြာရည်ယူခဲ့စမ်းဆိုတာကလဲတမျိုး ပေါ့ဗျာ။ ကိုဘခက်အပေါင်းအသင်းတွေထဲက ကြာကူလီငတိုးဆိုရင် ဒေါ်မယ်မြကို ထိကပါး ရိကပါးပြောတာဆိုတာ လုပ်တာ တွေလဲ အကြိမ်ကြိမ်ပါ။ လင်နဲ့မယားလဲဖြစ်ပြန် သားသမီးလေးတွေရဲ့နောင်ရေးလဲရှိပြန်ဆိုပြီး ဒေါ်မယ်မြတယောက် ကိုဘ ခက်ကို သီးခံပေါင်းသင်းနေခဲ့ရတာ နှစ်ပေါင်းဆယ်ချီလဲရှိခဲ့ပါပြီ။

ဒီနေ့တော့ ဒေါ်မယ်မြတယောက်ဒေါသကို ဘယ်လိုမှမထိမ်းသိမ်းနိုင်အောင်ပေါက်ကွဲခဲ့ရပါတော့တယ်။ ကိုဘခက်နဲ့အဖွဲ့  အိမ်မှာအရက်လာသောက်ရင်း တယောက်က သားငယ်စာဖတ်နေတာကို သူသွားတဲ့လမ်းကိုပိတ်ရမလားဆိုပြီး ခြေထောက် နဲ့ကန်လိုက်တာကို မြင်လိုက်ရတဲ့ ဒေါ်မယ်မြတယောက် မထိမ်းသိမ်းနိုင်အောင် ဒေါသတွေပေါက်ကွဲထွက်ခဲ့ရတော့တာပါဘဲ။နံရံမှာထောင်ထားတဲ့ ငှက်ကြီးတောင်ဓားကို ကောက်ဆွဲလိုက်ပြီး မဲမဲမြင်ရာခုတ်တော့တာပါဘဲ။ အရက်သမားအစည်း အရုံးလဲ ရှေ့ ပေါက်နောက်ပေါက် ဘေးပေါက်ပါ မကျန် ခုန်ချတဲ့လူချ ဒိုင်ပင်ထိုးတဲ့လူထိုး ဂျွမ်းပစ်သူပစ်နဲ့ သူကြီးအိမ်ရောက်ကုန်ကြပါတော့တယ်။ မကြာမီမှာ သူကြီးတပည့် ကိုတွတ်တယောက် ဒေါ်မယ်မြအိမ်ရှေ့ရောက်လာပြီး “ဟဲ့ မယ်မြ နင့်ကို သူကြီးက သူ့ဆီခုလာခဲ့” လို့လာပြောတော့တာပါဘဲ။ ဒေါ်မယ်မြလဲ သားရောသမီးပါ လက်ဆွဲပြီး သူကြီးအိမ်သွားခဲ့ပါတယ်။

ရောက်ရောက်ခြင်းသူကြီးက “မယ်မြ  လင်နဲ့မယား အပြန်အလှန်လျှော့မှပေါ့ဟ” လို့လဲ ပြောလိုက်ရော ဒေါ်မယ်မြပြန်ပြော လိုက်တာကတော့  “ ဒီထက်လျှော့ရရင် ကျူပ်ဟိုဟာဖြစ်တော့မယ်သူကြီးရ”  တဲ့။

ကနေ့ကျနော်တို့နိုင်ငံအခြေအနေလဲ ဒီအတိုင်းဖြစ်နေပါပြီ။ NLD  ပါတီအနေနဲ့  အာဏာချောမွေ့ စွာလွဲပြောင်းနိုင်ရေးအတွက် လူဆိုး သူခိုးတွေကို အလျှော့ပေးရင်းပေးရင်း “ဒီထက်လျှော့ရင် တိုင်းပြည် ဟိုဟာဖြစ်တော့မယ် သူကြီးရ” လို့ပြောရတော့မဲ့ ကိန်းပါဘဲဗျာ။

ကိုအောင်မှိုင်း
၁.၃.၂၀၁၆