အဲလိုထူး - ဘုရားပွဲဈေး လျှောက်ခြင်း (အက်ဆေး)


အဲလိုထူး - ဘုရားပွဲဈေး လျှောက်ခြင်း (အက်ဆေး)
(မိုးမခ) မတ် ၅၊ ၂၀၁၆
 
ဘုရားပွဲဈေးလျှောက်ကြတယ်ဆိုတာ ဇာတ်ပွဲကြည့်တာ မဟုတ်ပါဘူး။ ဘုရားဖူးထွက်တာလည်း မဟုတ်ပါဘူး။ ဈေးဆိုင် တန်းတွေနဲ့ လမ်းဘေးခင်းကျင်းရောင်းချထားပုံတွေကို လျှောက်ကြည့်ခြင်းဖြစ်ပါတယ်။ အနည်းအကျဉ်း ဝယ်ချင်လည်း ဝယ်မှာပေါ့။ အစားအသောက်တချို့ ဝင်စားချင်လည်း စားမှာသောက်မှာပေါ့။ ဒီလောက်ပါပဲ ခေါင်းစဉ်အောက်မှာ ဒီလောက် ပဲ လုပ်လေ့လုပ်ထရှိကြပါတယ် ။

တပို့တွဲ တပေါင်းလတွေကို ဘုရားပွဲရာသီလို့ ပြောကြကောင်းပြောကြပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ အနီးဆုံးဘုရားပွဲတော် တွေထဲမှာတော့ မိုးကောင်းဘုရားပွဲကအစောဆုံး။ တပို့တွဲလဆန်းထဲမှာစတယ်။ ဇာတ် ကြီးတွေဝင်တဲ့ ဘုရားပွဲ ကြီးပေါ့။ ဘု ရားပွဲဈေးတန်းကို တီ (T) ပုံစံလုပ်လေ့ရှိတယ်။ မိုးကောင်းမှတ်တိုင်မရောက်ခင်ကနေ ရန်ကင်းတီတီစီကျောင်းပေါက်ဝနားထိတစ်ဘက်ခြမ်းမှာ ဈေးတန်းရှည် ကြီး။ တစ်ခါ မိုးကောင်းဘုရားပေါ်တက်တဲ့လမ်းတလျှောက်ကိုလည်း ဆိုင်ခန်းနေရာ တွေ ပေးထားသေးတယ်။ နံမည်ကျော်ဇာတ်သဘင်တွေဖြစ်တဲ့ ရွှေမန်းတို့ တင်မောင်ဆန်းမင်းဝင်းတို့ ဟန်ဇာမိုးဝင်းတို့က ပြလေ့ရှိတယ်။ အဲဒီကနေ သစ္စာလမ်းမ ကြီးအတိုင်း ဘယ်ကိုရွေ့သွားသလဲဆိုတော့ ဥက္ကလာပစေတီဘုရားပွဲ။ သူလည်း စည်ကားတာပဲ။ ဘုရားပွဲရက်ရဲ့ ညဦးပိုင်းတွေဆို ကာလမ်းတွေပိတ်လို့။ အဲဒီကပြီးတော့ အာနန္ဒာဘုရားပွဲ။ လမ်းကြောင်းက သံသုမာလမ်းမ ကြီးဘက်ချိုးသွားပြီ။ ဘုရားပွဲဈေးသည်တွေနဲ့ ဇာတ်သမားတွေအတွက်ကတော့ ပွဲကူးရတာအဆင်ပြေတာ ပေါ့။ အာနန္ဒ္ဒာဘုရားပွဲကတော့ စည်ကားမှုအားနည်းတယ်။ အတွင်းဘက်ကျတာကြောင့်လည်းဖြစ်နိုင်သလို နံမည်ကျော် ဘုရားမဟုတ်လို့လည်း ဖြစ်နိုင်ပါတယ်။ ဇာတ်ပွဲတွေပါတဲ့အခါပါပေမယ့် နံမည်ကျော်လူကြိုက်များ ဈေး ကြီးတာတွေပွဲမသွင်း နိုင်ပါဘူး။ ချားရဟတ်တောင် အလယ်အလတ်တန်းစားလောက်နဲ့ ပွဲတိုင်းပါ ရေမုန့် မုန့်သိုင်းခြုံ ကောက်ညှင်းကျဉ်တောက်နဲ့ ထမနဲသည်လောက်ပဲရှိတယ်။ နံမည်ထွက်ဖို့ကြိုးစားနေတဲ့ ဇာတ်အဖွဲ့လေးတစ်ခု ပါချင်ပါလိမ့်မပေါ့။ အဲဒီကနေရွေ့တဲ့ နောက် ဆုံးပိတ်က ကျိုက္ကဆံဘုရားပွဲက အစည်ကားဆုံးဖြစ်ပါလိမ့်မယ်။ တပို့တွဲလထဲရောက်သွားပါပြီ။

ဘုရားပွဲဘာလို့လျှောက်ကြလဲဆိုတော့ ဟုတ်တယ် များသောအားဖြင့်က ဘုရားဖူးဖို့မဟုတ်တာများတယ်။ ဘုရားပွဲရက်မှ မဟုတ်ပါဘူး။ ဘယ်ရက်မဆို ကျိုက္က္ကဆံဘုရားက  ည (၈) နာရီသာသာလောက်ဆို ပိတ်တယ်။ ဘုရားပွဲကလည်း အဲဒီအချိန် လောက်မှ ကျိတ်ကျိတ်တိုးစည်တာ။

အဝေးကလှမ်းအကြည့်မှာ ကျိုက္ကဆံဘုရားမုဒ်ဦးနီယွန်မီးတန်းက ဖျတ်ဖျတ်ရွေ့နေတယ်။ ဓါတ်ပုံလှမ်းရိုက်တာ စာလုံးထင်း ထင်းမရ။ စာကြောင်းအောက်မှာနေရာပေးထားတဲ့ ရေမုန့်သည် မုန့်သိုင်းခြုံသည် ထမနဲသည် ကောက်ညှင်းကျည်တောက် သည်တို့ရဲ့ စူးစူးကြည်ကြည်မီးသီးအားတွေက အပေါ်စာတန်းကိုတက်ဟပ်နေလို့ ရပ်စောင့်နေတဲ့ဆိုက်ကားတွေ ခပ်လှမ်း လှမ်း မှာအကဲခတ်နေတဲ့အငှားကားတွေ ဘုရားပွဲပြန်ခရီးသည်ကို သူ့အဆင့်နဲ့သူ မျှော်နေကြတယ်။ လူအုပ်ကတိုးမပေါက်။ မုဒ်ဦးတိုင်ခြေဘက်ကပ်တိုးရင်ချောင်မလားဆိုတဲ့စိတ်ကူးကိုဖျက်လိုက်ရတယ်။ ယောဂီဝတ်စုံနဲ့ အဖွားအိုနှစ်ယောက် ပလပ်စတစ်ခွက် ပြိုင်တူရှေ့ချပြီး ဝမ်းလျှားမှောက်နေတယ်။ အကြွေ ငါးဆယ်တစ်ရာနေရာယူထားတဲ့ခွက်ကို ခလုတ်တိုက် မိရင် မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား အမေးခံရကိန်းရှိတာနဲ့။

ဝင်ပေါက်ရဲ့ဘယ်ဘက်ခြမ်းက ဇာတ်ရုံနေရာဖြစ်ပါတယ်။ အသံအကျယ် ကြီးတွေ ထွက်ပေါ်နေတယ်။ နှစ်ခုသုံးခုရောပြီး ရန်ကုန်ကြည်ကြည်ဝင်း ဘူးသီးကျော်ဆိုပါတော့။ ဟန်ဇာမိုးဝင်းဇာတ်သဘင်ဆိုပါတော့။ မောကြည့်လိုက်တော့ မင်းသား ခေါင်းပေါင်းနဲ့က ပုံ ကြီးတစ်ပုံ ဘောင်းဘီရှည်နဲ့က တစ်ပုံ။ စောသေးလို့လားမသိဘူး။ လူဝင် လူထွက်က ကျဲကျဲပါးပါး။ ဘူးသီးကျော်ဆိုင်က ထိုင်စားတဲ့ ဝယ်သူ တစ်ဝိုင်း နှစ်ဝိုင်းအတွက် အကြော်မျိုးစုံကို အားသွန်ကြိုးပန်း တရှဲရှဲကြော်နေတယ်။ ပုဇွန်ထုပ်နီရဲရဲ ကြီးတွေများ ကွေးလို့။ အဲဒီအဝန်းအဝိုင်းထဲမှာ နှစ်ပေါင်းများစွာကတည်းက စိတ်ကူးထားတဲ့ ဓါတ်ပုံသုံးလေး ပုံရိုက်ချင်တယ်။ ကျန်တဲ့နေရာမှာလည်းရှိတတ်ပေမယ့် ဒီနေရာကသာ အနှစ်သာရအပြည့်ဝဆုံးဖြစ်နိုင်တာမို့ မလွဲပါဘူး။ ဇာတ်ရုံရှေ့ဘက်နားမှာတစ်ဆိုင် ဝင်ပေါက်ဘေးနားမှာတစ်ဆိုင်ရှိနေပါတယ်။ ဘုရားပွဲကွမ်းယာသည်လေးတွေပုံကိုလိုချင်တာပါ။

ဘုရားပွဲဈေးတန်းကို ရှေ့ဆက်မလျှောက်ဖြစ်ပဲ အဝင်ဝတင် ဘေးချိုးချလိုက်တဲ့သဘောမျိုး ဟိုကလှည့်ချောင်း ဒီကလှည့် ချောင်း အဆင်မပြေပါဘူး။ ကွမ်းယာသည်လေးမှာ လူတွေဝိုင်းနေတယ်။ ဖုန်းကင်မရာကိုဖွင့်ပြီး  ဖုန်းပြောဖို့နံပါတ်ရှာသလိုလို ဟိုလိုလိုနဲ့အောက်ချပြီး ခလုတ်တစ်ချက်နှိပ်ကြည့်တယ်။ ကွမ်းယာသည်လေးရုပ်တောင်မပါဘူး။ လိုချင်တာက နှုတ်ခမ်းနီ ပါးနီ မိတ်ကပ်တွေ မျက်လုံးအကြည့်တွေ။ ဒါနဲ့  ဇာတ်ရုံပေါက်ဝနားက ကွမ်းယာသည်ဆီလျှောက်ခဲ့တယ်။ သူက နှစ်ယောက် တောင်။ တစ်ယောက်က အဖော်ထင်ပါ့။ ကွမ်းသီးကူထည့်ပေး ပိုက်ဆံယူပိုက်ဆံအမ်း ဧည့်ခံ၊ သူ့ဆိုင် ပိုပြီးလူအုံနေတယ် ။ ဒါနဲ့ ဇာတ်ရုံထဲဝင်ချလိုက်တော့တယ်။

ပက်လက်ကုလားထိုင်တန်းတွေက လွှတ်တော်ခန်းမလို ကွေ့ဝိုက်ဝန်းရံထားပြီး အလယ်မှာ တန်ဘိုးသောင်းချီပေးရတဲ့ ဖျာနံပတ်တွေ၊ ရုံမခါသေးလို့ ဝင်ချင်ဝင်ထွက်ချင်ထွက်၊ ဟိုးအရင်ဇာတ်ရုံထက်ထူးခြားလာတာက အလယ်မှာ မော်ဒယ်ရှိုးပွဲလို လျှောက်လမ်းတစ်ခုရှိနေတာပဲ။ မင်းသားက သီချင်းဆိုရင်း ဒီလမ်းပေါ်လျှောက်လာမှာပေါ့။ ပရိတ်သတ်က ပန်းစီးပေးတဲ့လူနဲ့ ပိုက်ဆံချီးမြှင့်တဲ့သူနဲ့ ဒါမျိုးဖြစ်မယ်ထင်ပါ့။ ငယ်ငယ်တုန်းကတော့ ဇာတ်အဖွင့် အပျိုတော်မထွက်ခင်တီးတဲ့ မြန်မာ့ဆိုင်းဝိုင်း ကတစ်ဝက် ဒီဘက်ခေတ်ပေါ်တီးဝိုင်းက တစ်ဝက်တီးတဲ့တီးလုံးကို အရမ်းကြိုက်တာ။ အမှောင်ချလိုက်တဲ့ဇာတ်ရုံထဲမှာ တီး လုံးအတိုင်း ရောင်စုံမီးမောင်း ကြီးတွေက ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက်နဲ့။ အခုတော့ စောသေးတာမို့ ဇာတ်ရုံထဲက ပြန်ထွက်လာခဲ့တယ်။

ကွမ်းယာဆိုင်ရှေ့က လူမစဲသေး။ ဒီလောက်တောင်ရောင်းကောင်းနေလားဆိုပြီး ကိုယ်တိုင်ဝင်ဝယ်တော့မှ စောစောကတည်း က ရှိနေကြတဲ့သူတွေ ကွမ်းယာဝယ်စားပြီးမပြန်ကြသေးတဲ့သူတွေ။ ကိုယ်လည်း  ကွမ်းနှစ်ရာဖိုးလောက်ရင်းပြီး ကောင်မ လေးကွမ်းယာနေတုန်း ဖုန်းဆက်တင်ထဲက ကင်မရာကိုဖွင့်လိုက်တယ်။ ဖုန်းကိုမြောက်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ မြင်ကွင်းချိန်နေ တုန်း ကွမ်းယာခုံဘေးနားကပ်နေတဲ့ သံဃာပျိုတစ်ပါးကတားတယ်။ သူ့ပုံကထင်းထင်း ကြီးပါမှာ။ လိုချင်တာက ကွမ်းယာ သည်မလေးရဲ့ နှုတ်ခမ်းနီပါးနီနဲ့ လိုင်နာချယ်သထားတဲ့မျက်နှာပေး။ တောင်းတောင်းပန်ပန်နဲ့ ကွမ်းထုပ်ယူပြီးထွက်ခဲ့ရတယ်။

မီးချောင်းရောင်စုံနဲ့ ရဟတ် ကြီးပေါ်မှာလူမစုံသေး။ အောက်ခြေမှာပတ်ခြာလည်နေတဲ့ ကားရုပ် မြင်းရုပ်တွေပေါ်မှာတော့ ကလေးငယ်သုံးလေးယောက်။ မြေ ကြီးမှာဖြန့်ခင်ထားတဲ့ တိုလီမိုလီ တစ်ခုနှစ်ရာဆိုတာလည်း ဘယ်သူမှဝင်ရွေးတာမတွေ့ ဘူး။ ဒန်အိုး ကြီးတွေကို တောင်ပုံရာပုံထပ်ထားတဲ့ဆိုင်  သင်ပျူးဖျာတွေရောင်းတဲ့ဆိုင်က နှစ်ခန်းစာယူထားပေမယ့် အရောင်း အဝယ်အေးစက်စက်။ လူတွေကတော့ သွားသူ ပြန်သူ ကြပ်ညပ်နေတယ်။ မောင့်လက်ကိုတွဲကာဆိုတာတွေ အများ ကြီးတွေ့ရ တယ်။ အင်္ကျီဆိုင်ခန်း  ဘောင်းဘီဆိုင်ခန်းတွေကတော့ ဧရာမ ကြီးတွေပဲ။ မီးချောင်းတွေထိန်လင်းလို့။ များသောအားဖြင့်က ဈေးချိုတဲ့အပုံ ကြီးကိုပဲဖြဲရှာနေကြတယ်။ ပလပ်စတစ်ကော်နဲ့လုပ်ထားတဲ့ မီးဖိုချောင်အသုံးအဆောင်တွေလည်း တောင်ပုံ ရာပုံပဲ။ အဲဒါနဲ့ ဆက်လျှက်ကြွေထည်ပစ္စည်းရောင်းတဲ့ဆိုင်နားရောက်မှ လူတိုးတာကိုသတိထားတောင့်ခံရတော့တယ်။ မတော်  ကြွေပုဂံတွေပေါ်တက်နင်းမိရင်မခက်လား။ ဒီဘက်ခြမ်းမှာတော့ သနပ်ခါးတုံးရှည် ကြီးတွေကို ထင်းချောင်းတွေအလား ထောင်ထားတယ်။ ရှေ့မှာ သနပ်ခါးကျောက်ပြင်လည်း ချပေးထားလေရဲ့။ စစ် မစစ် စမ်းသပ်နိုင်တယ်ဆိုတဲ့သဘော။

အဲဒီဈေးတန်းရဲ့နောက်ဖက်ကျကျမှာ  အီလက်ထရိတ်ဂစ်တာသံစူးစူးရှရှနဲ့ ဒရမ်ရိုက်ချက် ဘုန်းချမ်းချမ်းကိုကြားနေရတယ်။ ရုံအလတ်စားတစ်ခုက ကန့်လန့်ကတွေလေထဲလွင့်လို့။ ကြောက်မက်ဖွယ်အတိပါပဲ။ ကြည့်မယ်ဆို ဝင်ထားလိုက် ကြည့်မယ် ဆိုဝင်ထားလိုက်နဲ့အော်နေတယ်။ လူကို ဗိုက်ခွဲ အူတွေအတွဲလိုက်အခွေလိုက်ထုတ်ပြတဲ့ပြကွက်မလာသေးဘူး လို့လော်စပီ ကာနဲ့အော်နေတယ်။ စိတ်ဝင်စားသူတချို့က ငေးငေးကြာင်ကြောင်ရုံပေါက်ဝမှာ။ ဖယောင်းတိုင်ကြီးကို ရေသန့်ဗူးဖြတ်ပိုင်းထဲထည့်ထွန်းထားတဲ့ ကွမ်းယာခုံတစ်ခုလှမ်းတွေ့ရတယ်။ မျက်လှည့်ပွဲရုံနဲ့ မလှမ်းမကမ်းဖြစ်ပြီး မှောင်ရိပ်နည်းနည်းကျနေ သလားလို့ နောက်ထပ်နှစ်ရာဖိုးကွမ်းထပ်ဝယ်ဖြစ်တယ်။ စိုအိအိ နှုတ်ခမ်းနီရောင်ထောင့်ကွေးကိုလည်း မိလိုက်တယ်။ အ သား ညစ်ညစ်ပေါ်တင်ထားတဲ့ မိတ်ကပ်ပြာနှမ်းနှမ်းရဲ့အနံ့ကိုလည်း ရလိုက်တယ်။ ကော့ဆေးနဲ့ကော့တွဲထားတဲ့ထောင့်ကပ်မျက်ဝန်းကိုလည်း သိမ်းဆည်းလိုက်နိုင်ပါတယ်။ သူ့အနားမှာလည်း အယ်လ်ကိုဟော ပြင်းအူအူအနံ့တွေ မွှန်ထူလို့။ ရီဝေ ဝေမျက်လုံးတွေနဲ့ တွယ်ကပ်နေကြတယ်။

မှတ်ချက်တစ်ခုအဖြစ်တေးထားပြီး HAPPY ZONE လား HAPPY WORLD လားမသိတဲ့ ဆိုင်အတွဲ ကြီးနားကပ်ခဲ့တယ်။ ပူ ပေါင်းတွေကို မျှားနဲ့ပစ်ဖောက်ကြတယ်။ ဘီယာဘူး အအေးဘူးတွေကို ကော်လက်ကောက်ကွင်းနဲ့ပစ်ပြီး စွပ်ကြတယ်။ ဗလာမပါကံစမ်းမဲဆိုတာတွေရောင်းတဲ့နေရာလည်း ဖြစ်တယ်။ ဘုရားရဲ့  ဒီဘက်အပေါက်ဝရောက်လာပြီပြောပါတော့။ ပိုက် ဆံအိတ် ပါပေါလောလောတွေ ပုံရောင်းနေတာလည်းတွေ့တယ်။ လမ်းဘေးဈေးသည်တွေကတော့ တန်းစီပြီး အများ ကြီးပဲ။ ကလေးကစားစရာသေနတ်မျိုးစုံနဲ့ ကားတွေကတော့ ဆိုင်ကြီး ကနားကြီးနဲ့။ အသုတ်အလုပ်ရောင်းတဲ့ဆိုင်တွေလည်းရှိ တယ်။ ကိုရီးယာအကင်တို့ ဝက်သားဒုတ်ထိုး ကြာဇံကြော်စားနေကြတာလည်း တွေ့တယ်။ အထွက်မုဒ်ဦးနားက ကွက်လပ် မှာတော့ ဖီလာဖနောင့် ပတ်စလွယ် လျှပ်စစ်မဟာနွယ်နဲ့ မိုက်နဲ့အော်ပြီး ခြင်းဝိုင်းတစ်ခုက ရပ်ကြည့်သူ ဆယ့်လေးငါးခြောက် ယောက်နဲ့။ သူ့ဘေးမှာ ပါတီ ကြီးတစ်ခုက ရံပုံငွေအတွက်အစားအသောက်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခုဖွင့်ထားတယ်။ နိုင်ငံရေးသီချင်းတွေဖွင့် ပင်နီတွေ ဥဒဟိုလှုပ်ရှားပြီး ရှေ့မှာတော့ စာအုပ်ဟောင်းရောင်းတဲ့အတန်းရှည် ကြီးက ဆိုင် ခန်းသုံးခန်းစာလောက်ရှိမလားပဲ။ စာအုပ်တွေက သုံးရာတန် ငါးရာတန်များတယ်။ လက်ကိုင်ပုဝါ မျက်နှာသုတ်ပုဝါရောင်းတဲ့ဒေါ် ကြီးတွေရှိသလို လင်ပန်းထဲဖယောင်းတိုင်လေးထွန်းပြီး နွားနို့ပူတင်းတစ်ဗူးကို  (၃၀၀) လို့ စာထောင်ထားပါတယ်။ ကြွေဗေဒင် လူဟောဗေဒင်ဆရာလည်းတွေ့တယ်။ အဆုံးမှာတော့ ဆိုက်ကား/စက်ဘီးအပ်တဲ့နေရာမှာ အာလေး လျှာလေး မူးသံ ရူးသံတွေကြားနေရပါတယ်။

ဘုရားပွဲဈေးတန်းက ဒီနေရာမှာဆုံးသွားပြီလို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် စိတ်ကအာသာမပြေသေး။ တစ်ခုခု လိုအပ်ကျန် ရှိနေသေးတယ်လို့ ခံစားနေရတယ်။ ရှေ့နည်းနည်းဆက်သွားပြီး လက်ဘက်ရည်ဆိုင်ထိုင်ရင်ကောင်းမလား။ ကိုယ့်နယ် မြေမဟုတ် ထိုင်နေကျဆိုင်လည်းမဟုတ် အချိန်အခါလည်းမဟုတ်တာကြောင့် ဆိုက်ကားတစ်စီးငှားလိုက်တယ်။ အပြင်ပတ်လမ်းကနင်းပေးဖို့ပြောရင်း အိမ်ပြန်ခဲ့တယ်။ ဘုန်း ကြီးကျောင်းဝန်းတွေချိတ်ဆက်ပြီး တစ်ဘက်ခြမ်းကတော့ ဘုရားအုတ်တံ တိုင်းပဲရှိတယ်။ လူကလည်း ပြတ်တိပြတ်ခြား၊သစ်ပင်ရိပ် ကြီးနားမှာ အုပ်စုတစ်ခု ဆွဲလားရမ်းလားတွေနဲ့။ အသံထွက်ကို နားစွင့်ကြည့်လိုက်တော့မှ မိန်းမလို ကျင့်ကျံနေထိုင်တဲ့မိန်းမလျှာတွေ။ ဆိုက်ကားတစ်စီးပေါ်က မိတ်ကပ်ထူလပျစ်နဲ့ အနံ့စူး စူးမိန်းမကို အမျိုးသားနှစ်ယောက်က ဘယ်လိုလဲ ညာလိုလဲတွေ မေးမြန်းနေလေရဲ့။ ရတနာလမ်းမ ကြီးကိုကျော်ချလိုက် တော့မှ ဘုရားပွဲအရောင်အဆင်းနဲ့ ဝေးကွာကျန်ရစ်ခဲ့တော့တယ်။ ကွမ်းယာထုပ်ကိုဖြည်စားမိတော့ အကြည့်နဲ့အတွေးက နောက်ကြောင်းပြန်။

အိမ်ပြန်ရောက်တော့ ဘုရားပွဲဈေးလျှောက်ခြင်း ခေါင်းစဉ်နဲ့အက်ဆေးတစ်ပုဒ်ကိုမြင်ကွင်းနဲ့ ခံစားမှုတွေအတိုင်း ဆက် တိုက်ရေး ချလိုက်တယ်။ သွေးပူတုန်းမို့လားမသိ ဝါကျတွေက ဟောတစ်ကြောင်း ဟောတစ်ကြောင်း။ ကွမ်းယာဆိုင်အဖွဲ့ အနွဲ့ကျတော့ အစစ်အမှန်က ဘယ်ကိုဦးတည်ရမှန်းမသိ။ စာတစ်ပုဒ်လုံးကို ဒါနဲ့ချုပ်ပြောနိုင်ဖို့ လိုအပ်ချက်တွေ ပြူထွက် လာတယ်။ ထစ်ထစ်ငေါ့ငေါ့။ ကွန်ပျူတာပိတ်ပြီး အိပ်ပစ်လိုက်ရတယ်။ ခေါင်းထဲမှာတော့ အတေးအမှတ်နဲ့။ ထင်သလို မဖြစ်ပါစေနဲ့ ဆုတောင်းရမလား။ ငါ့သုံးသပ်ချက် မှန်ကိုမှန်ရမယ်လို့ လက်သီးဆုပ်ရမလား မသိ။ အချိန်ခိုးတဲ့အနေနဲ့ အိပ်ချ လိုက်တော့တယ် ။

စိတ်ဆောင်လို့လား အိမ်မက်ထဲမှာ ဇာတ်လမ်းကဆက်သွားနေလို့လားမသိ။ နှစ်ချက်ခွဲ သုံးနာရီ ကြီးမှာ အသိဝင် မျက်လုံးပွင့် လာတယ်။ ဗိုက်ဆာသလိုလို စိတ်ဆာသလိုလိုရှိတာနဲ့ ဘုရားပွဲဈေးတန်းဆီပြန်ရောက်ခဲ့ရတယ်။ ရေမုန့်သည်ရှိနေသေးတယ်။ အဝင်ဝမှာ ကောက်ညှင်းကျည်တောက်ပိုင်းတွေကျန်နေသေးတယ်။ စားချင်တာ ဒါမဟုတ်ဘူးဆိုတဲ့ မသေမခြာမှုနဲ့ ကွမ်းယာ သည်ဆီဦးတည်လာခဲ့တယ်။ ဇာတ်ရုံထဲက နှစ်ပါးသွားသီးချင်းသံကြားတယ်။ ကွမ်းယာသည်ဘေးမှာ နှစ်ယောက်သုံး ယောက်ရှိနေတုန်း။ ဓါတ်ပုံရိုက်ဖို့ကြိုးစားတုန်းက အခြေအတင်ကြောင့် ဒီရုပ် ကြီးကိုမှတ်မိမယ်ဆိုရင် အဆင်မပြေနိုင်။ ထူး ခြားမှုလည်းဘာမှမတွေ့။ ညဥ့်နက်လို့ အားကျနေတဲ့မျက်ဝန်းမျိုးနဲ့ ဘေးလူကိုဧည့်ထောက်ခံနေတုန်း။ အဲ အမေလား၊ အ ဒေါ်လာမသေခြာတဲ့ အဖွား ကြီးတစ်ယောက်တော့ ကွမ်းယာသည်မလေးရဲ့နောက်မှာ ရောက်နေတယ်။ ကွမ်းမဝယ်တော့ပဲလှည့်ထွက်လာခဲ့တယ်။ ဇာတ်ရုံထဲကအသံထွက်ကလွဲပြီး ဘုရားပွဲတစ်ခုလုံး အသံတိတ်မတတ်။ ဘူးသီးကြော်ဆိုင်ကတော့ဗီဒီယိုကားပြထားတယ်။ အချိန်ဆွဲစားနေပုံပေါက်တဲ့ သုံးဆယ်ကျော်လောက် နှစ်ယောက်ရဲ့မျက်လုံးကလည်း   ကွမ်းယာသည် လေးရဲ့ ရင်ညွန့်မှာ။ ထားတော့ ကျိန်းသေ ကံမ မှတ်ချက်ချလို့မရ။ ရဟတ် ကြီးလည်း မီးချောင်းတွေထွန်းလင်းနေပေမယ့် မလည်ပဲရပ်တန့်နေပါပြီ။ အထည်ဆိုင်တွေကရှေ့ဖက်ကနေပြီး မိုးကားစ ကြီးတွေနဲ့ပိတ်လိုက်ပြီ။ လမ်းဘေးခင်းရောင်းတဲ့ဈေးသည်မှန်သမျှမရှိတော့။ တက်တူးထိုးတဲ့ဆရာတွေလည်း စောင်ခြုံပြီးကွေးနေကြပြီ။ မျက်လှည့်ပွဲဘေးက ကွမ်းယာသည် မှာ သေခြာသလောက်ရှိတယ်ဆိုတဲ့မှတ်ချက်နဲ့ ကွေ့ချလိုက်တော့ မီးရောင်လက်လက်ရှိနေသေးတယ်။ မျက်လှည့်ပွဲက တော့မတီးတာကြာပြီထင်ရဲ့။ မလျှော့လိုတဲ့စိတ်နဲ့ အနားတိုးကပ်သွားတော့ ထုံးအိုးတွေ ကွမ်းဗန်းတွေကို လက်ဆွဲခြင်းအ ဟောင်းထဲထည့်ပြီးသိမ်းနေပြီ။ ကွမ်းယာသည်မဟုတ်ဘူး။ ဦးလေး ကြီးတစ်ယောက်။ ကွမ်းလိုချင်လို့လားလို့ ကောင်မလေး ကလှမ်းမေးတယ်။ ဝယ်သူဟန်ပန်ရှိတာ ဒီတစ်ယောက်တည်းရှိနေတာဆိုတော့ အဖေ ခဏနေဦးလို့လည်း လှမ်းပြောတယ။ တကယ်ကိုဆွံ့အသွားမိပါတယ်။ မဟုတ်တန်းတရားတွေတွက်ဆထားမိလို့။ အဖေဆိုတဲ့ဦးလေးကြီးကလည်း လက်ဆွဲခြင်းကို ဘေးမှာရပ်ထားတဲ့ဆိုက်ကားပေါ်ပဲတင်ရမလိုလို ထုံးအိုးတွေပဲပြန်ထုတ်ရမလိုလိုဖြစ်နေတယ်။ မဟုတ်ဘူး ဆေးလိပ်ရဦး မလားလို့ပါ။ လွယ်ပါ့မလားပြန်ထုတ်လို့။ တကယ်တော့ မသိမ်းရသေးတဲ့ဆေးလိပ်ဗူးထဲက စီးကရက်နှစ်လိပ်ကို တစ်ရာနဲ့ ဝယ်ပြီးထွက်လာခဲ့တယ်။ နောက်ကြောင်းက ဦးလေးကြီး မီးခြစ်လို့ ပြောသံကြားပေမယ့် နောက်ပြန်မလှည့်တော့ပါဘူး ။ ဆေးလိမ်မှ မသောက်တတ်တဲ့ဟာ။ စီးကရက်နှစ်လိပ်ကို ဘယ်တစ်လိပ် ညာတစ်လိပ်လက်ကြားညှပ်ရင်း ဘုရားပွဲဈေးက ကြေကြေနပ်နပ် ကြီးအပြီးပြန်လာခဲ့တော့တယ်။

အဲလိုထူး