ဦးဝင်းတင်ကို လွမ်းတယ် နှင့် မောင်မိုးသူ

Photo - Yan Naung (Botahtaung)

ဦးဝင်းတင်ကို လွမ်းတယ် နှင့် မောင်မိုးသူ
မောင်မိုးသူ မော်ဒန်သတင်းဂျာနယ်၊ ၁၁ မတ်လ ၂၀၁၆
(မိုးမခ) မတ် ၁၂၊ ၂၀၁၆

၉ ရက်နေ့က မြန်မာသံတော်ဆင့် သတင်းဂျာနယ်ရဲ့ လေးနှစ်မြောက်အခမ်းအနားကို မောင်မိုးသူ တက်ရပါတယ်။ အတွဲဖော်တစ်ယောက်ပါမှ တက်နိုင်တာမို့ သမီးကို ချောဆွဲပြီး အခမ်းအနားကျင်းပရာ Royal Garden ကို လာခဲ့ပါတယ်။ ဆီးကြိုသူများကတဆင့် မောင်မိုးသူကို စားပွဲတလုံး၊ သမီးကိုစားပွဲတလုံး နေရာချပေးပါတယ်။

မောင်မိုးသူက တဖက်စားပွဲမှာ ထက်မြက်တို့၊ ဆောင်းဝင်းလတ်တို့၊ကိုစိန်တင်တို့ ရှိနေလို့ မရဘူးကွာ၊ စာရေးဆရာတွေနဲ့ လေပစ်ရအောင် သွားမှာပဲဆိုပြီး စားပွဲကူးခဲ့ပါတယ်။ လေပစ်လို့ မဖြစ်နိုင်ပါ။ သံတော်ဆင့်ရဲ့ မြန်မာ့ဆိုင်းတီးဝိုင်းအသံက ပြင်းထန်၊ မောင်မိုးသူတို့ စားပွဲက ရှေ့နားမှာကျတော့ ပိုဆိုးတာပေါ့။

ခဏနေတော့ ဧည့်ကြိုတဦးက ဦးတင်ဦးလာရင် ဦးတင်ဦးစားပွဲမှာ ထိုင်ပေးဖို့ပြောပါတယ်။ ဦးတင်ဦးလာတော့ လာခေါ်ပေါ့လို့ ပြောလိုက်ရတယ်။ ဦးတင်ဦး လာတော့ လာခေါ်ပါတယ်။ဦးတင်ဦးက ထိပ်စားပွဲ ဖိုးသောကြာနားမှာ သွားထိုင်ပါတယ်။

ဖိုးသောကြာဝင်လာတုန်းက မိုးသူနေကောင်းတယ်နော်လို့ နှုတ်ဆက်သွားခဲ့ပါတယ်။ ကောင်းတယ် သူငယ်ချင်းလို့ ပြန်ပြောခဲ့တယ်။အခုတော့ ဦးတင်ဦး၊ဖိုးသောကြာတို့ရဲ့ ထိပ်ဆုံးစားပွဲမှာ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရပါတယ်။ အဲသည်အချိန်မှာပဲ လူငယ်တဦးက ဦးတင်ဦး၊ဖိုးသောကြာနဲ့ မောင်မိုးသူတို့ ရင်ဘတ်မှာ ဖဲကြိုးအဝိုင်းကြီးတခု လာတပ်ပေးပါတယ်။ အဝါရောင်ဆိုတော့ ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းကို သတိရ၊ထောင်ထွက်တွေကို ကြိုတဲ့ ဖဲကြိုးဝါလားလို့လည်း စဉ်းစားမိ။

ပထမဆုံး အစီအစဉ်က ရတုပိုဒ်စုံကို ရီရီသန့်က သီဆိုပါတယ်။ ရီရီသန့်က မောင်မိုးသူဘေးက ဖြတ်ပြီး စင်ပေါ်တက်သွားတော့ ဆိုပြီး ပြန်အဆင်းမှာ မောင်မိုးသူကို နှုတ်ဆက်ပါတယ်။ ရီရီသန့်က အညာသူပါ။ ကိုလှထွတ် ဝိုင်းမှာ ဆိုကတည်းက ရင်းနှီးတာ။

ခဏအကြာမှာတော့ ၉၀ သက်တမ်းက နှစ်ဦး၊၈၀တန်း၊၅၀ တန်းက စာပေနယ်က ပုဂ္ဂိုလ်တွေ စင်ပေါ်တက်ရပါတယ်။ ၉၀ တန်း ဦးတင်ဦး တက်ရသလို ၈၀တန်း မောင်မိုးသူ တက်ရပါတယ်။ အားလုံးကို လက်ဆောင်အိတ်တွေပေး၊စုပေါင်းဓာတ်ပုံရိုက်ကြပြီး ဦးတင်ဦးက ဆုတောင်းစကား ပြောကြားပါတယ်။

ဦးတင်ဦးတို့ ၊မောင်မိုးသူတို့ဟာ သံတော်ဆင့်နဲ့ အမျိုးတော်သွားကြလို့ နှစ်ပတ်လည်ပွဲတွေ တက်နေရပါတယ်။ ဦးတင်ဦးက ပြည်သူ့ဆန္ဒနဲ့ တက်ရောက်လာတဲ့ အင်န်အယ်လ်ဒီ အစိုးရကို ဝိုင်းဝန်းဖို့၊ ငြိမ်းချမ်းရေး ၊တိုင်းပြည်တိုးတက်ရေးမှာ မီဒီယာများ ဝိုင်းဖို့ပြောပါတယ်။တစ်ချိန်တည်းမှာ ဦးတင်ဦးက သူ့ရဲ့ ရဲဘော်ကြီး၊ လုပ်ဖော်ကိုင်ဖက်ကြီး ဦးဝင်းတင်ကို သတိတရ လွမ်းတဲ့အကြောင်း ပြောပါတယ်။

ဦးတင်ဦး နဲ့ ဦးဝင်းတင်တို့ဟာ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် မတ်လ ၁၄ ရက်နေ့မှာ မွေးကြသူများ ဖြစ်ပါတယ်။ သည်နှစ် မတ်လ ၁၄ ရက်နေ့မှာ ဦးတင်ဦးက ၈၉ နှစ်ပြည့်မှာ ဖြစ်ပြီး ဦးဝင်းတင်သာ ရှိရင် ၈၆ နှစ်ပေါ့။ ဒါကြောင့် စောစောက အန်ကယ်ဦးဝင်းတင်က မတ်လ ၁၄ ရက်နေ့ ၊ ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားများနဲ့ ကျန်းမာရေးကူညီစောင့်ရှောက်တဲ့ အခမ်းအနားမှာ မလာဖြစ်တော့ဘူးလို့ ပြောခဲ့တာပါ။ သူ့မွေးနေ့မှာ ဘုရားတက်ပြီး အိမ်မှာပဲ မွေးနေ့လုပ်မှာတဲ့။

ဦးဝင်းတင်ဖောင်ဒေးရှင်းက အလှူပွဲတိုင်းမှာ ဦးတင်ဦးက မောင်မိုးသူနဲ့ တက်နေကျ ၊အခမ်းအနားသဘာပတိ လုပ်နေကျ၊ ဦးဝင်းတင် ရှိစဉ်က အခမ်းအနား သဘာပတိက ဦးဝင်းတင်၊ ဦးဝင်းတင် မရှိတော့ ဦးတင်ဦး သဘာပတိလုပ်နေကျပါ။ ဦးဝင်းတင် နေမကောင်း ဖြစ်ချိန်မှာ မောင်မိုးသူ သဘာပတိလုပ်ရသလို ဦးတင်ဦး မတက်ဖြစ်ရင်လည်း မောင်မိုးသူ သဘာပတိ လုပ်ရပါတယ်။

သည်နှစ် လက်ရှိ နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းသားဟောင်းကို လှူဒါန်းထောက်ပံ့တဲ့နည်းတူ ဆေးရုံပေါ်ရောက်နေတဲ့ တေးရေးတေးဆို ကိုနေဝင်းတို့ ကိုရဲလွင်တို့ကိုလည်း လှူဖို့ပြောလို့ လှူမယ်လို့ ဆုံးဖြတ်လိုက်ပါသေးတယ်။ ကိုနေဝင်းတို့ ကိုရဲလွင်တို့ဟာ အင်မတန် ထူးချွန်တဲ့ အနုပညာရှင်များ ဖြစ်ပြီး ကိုရဲလွင်ကိုတော့ မောင်မိုးသူ ထိုင်နေကျ မောနင်းစတားမှာ ပန်းရဲ့လမ်း ဂီတဖျော်ဖြေပွဲမှာ တွေ့နေကျ၊ ဆုံနေကျပါ။ အင်မတန် ချစ်စရာကောင်းပြီး သဘောလည်းကောင်းကြပါတယ်။ သူတို့ရဲ့ ရန်ပုံငွေပွဲ ပြည်သူ့ရင်ပြင်မှာ လုပ်တော့မှာ မောင်မိုးသူကို လာဖို့ခေါ်ထားသေး။

အကြောင်းတရားအားလုံးက ဦးဝင်းတင်ကို ဆက်စပ်နေပါတော့တယ်။ မကြာခင်ကပဲ ဘီဘီစီက အင်န်အယ်လ်ဒီက ဒုသမ္မတ တင်မြှောက်မယ်လို့ ကြားထားတဲ့ ပုဂ္ဂိုလ်အကြောင်း ဖုန်းဆက်မေးပါသေးတယ်။ မောင်မိုးသူက လူချင်းရင်နှီးပေမဲ့ သူ့အကြောင်းသိပ်မသိပါဘူးလို့ ပြောလိုက်ရပါသေးတယ်။

၁၀ ရက်နေ့ကျရင်တော့ ဒုသမ္မတများ တင်မြှောက်ကြရမှာ ဖြစ်ပါတယ်။ သည်တော့လည်း အားလုံးသိကြရမှာပေါ့။ တကယ်တော့ သည်တကြိမ်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ဟာပြည်သူလူထုရဲ့ တခဲနက် ဆန္ဒမဲတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းတင် စကားလုံးအတိုင်း တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဦးဝင်းတင်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှာပဲ အင်န်အယ်လ်ဒီအတွက် ဆွေးနွေးပွဲ၊ဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့အတူ အမြဲပါခဲ့သူ ဖြစ်ပါတယ်။

ဒီမိုကရေစီ အစိုးရသစ်ဖွဲ့စည်းတာကို ဦးဝင်းတင် မြင်ရရင် ဘယ်လောက်ဝမ်းသာလိုက်မလဲလို့။

သံတော်ဆင့်က လက်ဆောင်ပေးတဲ့ စာအုပ်တွေထဲမှာ သံတော်ဆင့်ကထုတ်တဲ့ ဟံသာဝတီဦးဝင်းတင်နဲ့ မောင်မိုးသူ စာအုပ်လည်း ပါပါတယ်။ ဦးဝင်းတင် ကွယ်လွန်သွားခဲ့တာ ဧပြီလထဲမှာ ဆိုရင် နှစ်နှစ် ပြည့်တော့မှာပါ။ ဦးဝင်းတင် ကွယ်လွန်သွားလေတော့ ဦးဝင်းတင် ဖောင်ဒေးရှင်း၊ ဒီလှိုင်း၊ မိုးမခ အစရှိတဲ့ တာဝန်တွေကို မောင်မိုးသူ လုပ်နေရပါတယ်။ သတင်းဌာနတွေရဲ့ မေးမြန်းမှုကိုလည်း ဖြေဆိုနေရသလို စာတွေလည်း ရေးနေရတာပေါ့။

ဦးဝင်းတင် နဲ့ မောင်မိုးသူတို့ဟာ သတင်းစာဆရာဘဝကပဲ ရင်းနှီးခဲ့ကြပြီး ပေါင်းသင်းခဲ့ကြတာပါ။ ဦးဝင်းတင်က မောင်မိုးသူထက် ခုနစ်နှစ် ကြီးပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ လမ်းပေါ် အတူထွက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာမှာလည်း အတူတူဖြစ်ကာထောင်ထဲမှာလည်း အတူတူနေရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အစိုးရသစ် ဖွဲ့စည်းရာမှာတော့မယ့် ကာလမှာ နှစ်နှစ်လောက် ကပ်လွဲသွားတဲ့ ဦးဝင်းတင်ကို ဦးတင်ဦး လွမ်းသလို သတိရသလို မောင်မိုးသူလည်း လွမ်းရ သတိတရ ဖြစ်နေရတာပေါ့။

ဦးဝင်းတင်ရဲ့ လက်ကျန်အလုပ်များကို လုပ်ရင်း လွမ်းနေရတဲ့ မောင်မိုးသူက ပိုပြီး သတိရတာပေါ့၊ လွမ်းတာပေါ့။

ဦးဝင်းတင်ကို လွမ်းတယ်နှင့် မောင်မိုးသူပါ။