လင်းရီဝေ - Expiry Date (သက်တမ်းလွန် ရက်စွဲ)

 လင်းရီဝေ - Expiry Date (သက်တမ်းလွန် ရက်စွဲ)
(မိုးမခ) မတ် ၆၊ ၂၀၁၆

နံရံကခလုတ်ကိုဖွင့်ရင်
အလင်းတွေ ပွင့်ကျလာမယ် မျှော်လင့်မှုမျိုး
ဓာတ်ကြိုးကို ထိရင် ဓာတ်လိုက်မယ် သေချာမှုမျိုး
ငါတို့ဟာ နတ်မြင်းပျံတွေ
ခင်ဗျား ဘယ်လို စီးစီး
သွေးဟာ ဘယ်လိုမှ တိတ်မသွားမဲ့ အစီးမျိုးပဲ။

ငါတို့ဟာ ကျောင်းသားလေးတစ်ယောက်လို အိမ်စာတွေကိုယ်စီနဲ့
ပထဝီ… ခဲတံမှာ ခဲဖျက်ပါပါစေ
သမိုင်း… မင်နီ တစ်ချောင်းလောက်
ဘောဂ… လည်ပင်းမြုပ်နေပြီ
ကိုယ်မှာချို့တဲ့သမျှ စိတ်မှာစုနေတဲ့ အာဟာရတွေ
ဝမ်းမှာဟာခဲ့သမျှ ဘဝမှာဆာနေတဲ့ တောက်ပမှုတွေ
ခပ်ကြမ်းကြမ်းမှဆို ငါနဲ့ ကိုင်တုတ်ရုံပဲ ရှိသလို
ခင်ဗျားလည်း ခင်ဗျားနဲ့ ကိုင်ထုတ်ခဲ့တာပဲ။

လွန်လေပြီးသောအခါ
ခင်ဗျားလည်း ခင်ဗျားလမ်းနဲ့ ခင်ဗျား
မိဘပြည်သူများက
အစာအဆိပ်မသင့်ဖို့
ခင်ဗျားတံဆိပ်ကို လွှင့်ပစ်ကြပေလိမ့် ။        ။

လင်းရီဝေ