ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA - အပိုင်း (၂)

 မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA - အပိုင်း (၂)
(မိုးမခ) မတ် ၂၀၊ ၂၀၁၆

● CPB နှင့် ကိုးကန့်
၁၉၆၇ မှစပြီး အရှေ့မြောက်စစ်ဒေသဖွင့်လှစ်ရန် ပြင်ဆင်နေသော CPB အဝေးရောက်ဗဟိုကော်မတီသည် ဖုန်ကြားစင်း ဦးဆောင်သော ကိုးကန့်ကာကွယ်ရေးအဖွဲ့စည်းရုံးသိမ်းသွင်းခဲ့ပြီး ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကိုးကန့်ဒေသအား ၄၀၄ စစ်ဒေသအဖြစ်သတ်မှတ်လိုက်ပြီး နိုင်ငံရေးမှူးအဖြစ် CPB မှ ရဲဘော်တင်ရီ ဒုနိုင်ငံရေးမှူးအဖြစ် CPB မှ ရဲဘော် ထွန်းလွင်တို့ကဆောင်ရွက်ကာ တပ်မှူး ကိုးကန့်ကာကွယ်ရေးမှ ဖုန်ကြားစင်းကတာဝန်ယူခဲ့သည်။ ဖုန်ကြားစင်းတို့သည် CPBနှင့်ပူးပေါင်းခဲ့သော်လည်း အခြားသူများကဲသို့CPB ပါတီဝင်ခြင်းမရှိဘဲ နောက်ဆုံးချိန်ထိ ဒီမိုကရေစီပုဂ္ဂိုလ်အမည်နှင့်ရပ်တည်ခဲ့သည်။

၁၉၆၈ ဇန္နဝါရီလဆန်းတွင် ၄၀၄ စစ်ဒေသ အင်အား ၂၀၀ ခန့်သည် လုန်ထန်ရှိ အစိုးရစစ်တပ်စခန်းအား စတင်တိုက်ခိုက်သိမ်းပိုက်ပြီးကိုးကန့်ဒေသသို့စတင်ဝင်ရောက်ခဲ့သည်။ ၁၉၆၈ နှစ်လယ်တွင် အင်အား ၈၀၀ ခန့်စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး ရင်း ၄၀၄၅ ရင်း ၄၀၄၆ ရင်း ၄၀၄၇ စသည့် တပ်ရင်း ၃ ရင်းဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၆၈ နှစ်ကုန်တွင် ရင်း ၄၀၄၈ ကို ဆက် လက်ဖွဲ့စည်းနိုင်ခဲ့သည်။ ဤသို့နှင့် ၁၉၇၀ ခုနှစ် ၃၀၃ စစ်ဒေသနှင့်ပေါင်း၍ အရှေ့မြောက်စစ်ဒေသဖွဲ့နိုင်ချိန်ထိ ၄၀၄ စစ် ဒေသတပ်များသည် ကိုးကန့်ဒေသတွင်း တိုက်ပွဲများစွာတိုက်၍ ကိုးကန့်ဒေသကိုသိမ်းပိုက်နိုင်ခဲ့သည်။

ထိုအချိန်ကာလက ဖုန်ကြားစင်းခေါင်းဆောင်သော ကိုးကန့်ကာကွယ်ရေးများ CPB နှင့်ပူးပေါင်းသွားသည့်အချိန်တွင် မြန်မာစစ်ဖက်နှင့်ပူးပေါင်းရပ်တည်သည့် ကိုးကန့်သားတဖွဲ့လည်းပေါ်လာသည်။ ၎င်းမှာ လော်စစ်ဟန်ဖြစ်ပြီး၎င်းတို့သည် လားရှိုး အခြေစိုက်ကာကွယ်ရေးအဖွဲ့ ဖွဲ့၍ မြန်မာစစ်ဖက်နှင့်ပူးပေါင်း၍ CPB နှင့်ကိုးကန့်ဖုန်ကြားစင်းတို့အား ရင်ဆိုင်ခဲ့သည်။ ခွန်ဆာ ခေါ် ကျန်ကျိဖူးသည် ထိုစဉ်က လော်စစ်ဟန်လက်အောက်မှ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

၁၉၇၀ နောက်ပိုင်း ၃၀၃နှင့် ၄၀၄ စစ်ဒေသ ၂ ခုပေါင်းချိန်၌ CPB သည် ကိုးကန့်ဒေသကိုထိမ်းချုပ်နိုင်လိုက်ပြီဖြစ်သည်။ ကိုးကန့်ဒေသတွင်း၌တပ်ရင်း ၄၀၄၆ သာချန်ထားပြီး ကျန်တပ်ရင်း ၃ရင်းသည် သံလွင်မြစ်အနောက်ဖက်ကမ်းသို့ ပြောင်း ရွှေ့ကာ မူလ ၃၀၃ မှတပ်များနှင့်ပေါင်း၍ ၁၉၇၀ မတ်လအတွင်း မုန်းပေါ်ရှိ ခမရ ၁၀၇ တပ်စခန်းအားလည်းကောင်း၊  ကြူ ကုတ်မှ ခလရ ၄၅ တပ်စခန်းအား၎င်း သိမ်းပိုက်ပြီး ထိုဒေသများအား CPB တို့ ၁၇ နှစ်ခန့်ထိမ်းချုပ်ခွင့်ရသွားခဲ့သည်။

ဤသို့ အရှေ့မြောက်စစ်ဒေသဟုပြောင်းလဲဖွဲ့စည်းပြီးနောက် ဖုန်ကြားစင်းသည် စစ်ဒေသ ဒုတပ်မှူးဖြစ်လာပြီး ဖုန်ကြားဖူး သည် တပ်မဟာ ၈တပ်မဟာမှူး ဖြစ်လာသည်။ ဤသို့နှင့် ဖုန်ကြားစင်းတို့သည်CPB အရှေ့မြောက်စစ်ဒေသ၏ တပ်မှူးများ ဖြစ်လာကြတော့သည်။

ထိုစဉ်ကာလက မြန်မာစစ်ဖက်၏ တပ်မ ၇၇/၈၈ / ၉၉ ဟူ၍ ၃ ခုရှိသည့် အနက် တပ်မ ၂ ခု သည် အဆိုပါစစ်မျက်နှာ၌ ရင် ဆိုင်ခဲ့ကြသည်။ ၁၉၇၀ ခုနှစ်တွင် လားရှိုး ကွန်လုံဒေသများတွင် မြန်မာစစ်ဖက်မှ မဟာဗျူဟာကွပ်ကဲရေးဌာနဖွင့်၍ ကွပ် ကဲခဲ့ရသည်။ ထိုစဉ် မဟာဗျူဟာမှူးမှာ ဗိုလ်မှူးကြီးစိန်မြဖြစ်ပြီး နောင် ၁၉၈၈ အရေးအခင်းပြီးနောက် နဝတ ဆန့်ကျင်ရေး ပြန်လုပ်ခဲ့သူဖြစ်သည်။

အရှေ့မြောက်စစ်ဒေသတပ်များ ကွန်လုံ ဟိုက်ကမ်းပါးတိုက်ပွဲပြီး ဝ နယ်အတွင်းသို့ ထိုးဝင်သွားပြီးနောက် ကိုးကန့်၏ အဓိကခေါင်းဆောင် ၂ ဦးဖြစ်သော ဖုန်ကြားစင်းနှင့် ဖုန်ကြားဖူးအပါ အခြားကိုးကန့်သားများသည်လည်း လိုက်ပါသွားကြ သည်။ ကိုးကန့်ဒေသကို အရှေ့မြောက်စစ်ဒေသလက်အောက်ခံ ကိုးကန့်ခရိုင်အဖြစ်ဖွဲ့စည်းခဲ့သည်။ ကိုးကန့်ဒေသ၏ ကာ ကွယ်ရေးအတွက် ကိုးကန့်ခရိုင်တပ်ကို ဖွဲ့စည်းထားခဲ့သည်။ ကွန်လုံ ဟိုက်ကမ်းပါးတိုက်ပွဲ နောက်ပိုင်း၌ ကိုးကန့်ဒေသသည် မြန်မာစစ်ဖက် ရော CPB ရောအလေး ထားစစ်ဆင်ရာဒေသ မဟုတ်တော့သဖြင့် စစ်ပွဲများနှင့် နှစ်ဆယ်နှင့်ချီ၍ ကင်းဝေး ခဲ့တော့သည်။

ဖုန်ကြားစင်းညီအကိုများ အနေနှင့် CPB ၏စစ်ဒေသ၌ တပ်မှူးများအဖြစ်တာဝန်ယူခဲ့သော်လည်း ကိုးကန့်ဒေသအုပ်ချုပ်ရေးနှင့် ခရိုင်တပ်တွင်သူ၏ ကာကွယ်တပ်မှ သူလက်အောက်မှသူများအား ဆက်လက်တာဝန်ပေးခဲ့သည်။ ၁၉၈၉ ပုန်ကန်မှုဖြစ် ပွားခါနီး ကိုးကန့်ခရိုင်နှင့် ခရိုင်တပ်ခေါင်းဆောင်များမှာ ယန်မိုလျန် ယန်ပုံအန်းညီအကိုနှင့် ပယ်စောက်ချိန်တို့ဖြစ်ကြသည်။

၁၉၇၉ ဗဟိုကော်မတီအစည်းအဝေးပြီး နောက် သံလွင်မြစ်အနောက်ခြမ်းကို မြောက်ပိုင်းဗျူရိုအဖြစ်ဖွဲ့စည်းခဲ့သည်။ ကိုးကန့် ခရိုင်ကတော့အရှေ့မြောက်စစ်ဒေသလက်အောက်ခံအဖြစ်ဆက်လက်ရှိခဲ့သည်။ သို့သော် CPB မြောက်ပိုင်းဗျူရိုနှင့် ကိုးကန့် ဒေသသည် သံလွင်မြစ်သာခြား၍ဆက်စပ်နေမှုကို ရှောင်လွှဲ၍ မရခဲ့။

၁၉၈၆/၈၇ စီစီဝမ်တာပန် ကျပြီးနောက် CPB မြောက်ပိုင်းဗျူရို၏ လက်နက်ခဲယမ်းဂိုဒေါင်မှ အရန် ခဲယမ်းအချို့အား ပို၍ လုံခြုံရာ ကိုးကန့်ဒေသသို့ပြောင်းရွှေ့ထားရှိခဲ့ကြသည်။ နောင်တွင် ပုန်ကန်တော့မည့် ကိုးကန့်တို့အတွက် ပံ့ပိုးခဲ့သကဲ့သို့ပင်
ဖြစ်ခဲ့ပေတော့သည်။

● ကိုးကန့်ခွဲထွက်မှု
၁၉၈၉ မတ်လတွင် ကိုးကန့်အဖွဲ့စတင်ပုန်ကန်သည်။ ကိုးကန့်အဖွဲ့ပုန်ကန်ခွဲထွက်မှုသည် အရှေ့မြောက် CPB ပြိုကွဲခြင်း၏ အစဖြစ်တော့သည်။ ကိုးကန့်ပုန်ကန်မှု ဖြစ်ပွားရန်အတွက်လည်း မြန်မာစစ်ဖက်ကိုယ်စား ဖုန်ကြားစင်းတို့နှင့် ဆက်သွယ်ရန် ဆောင်ရွက်ပေးခဲ့သူများမှာ ယခင်ကိုး ကန့်စော်ဘွားအနွယ် အောလစ်ယန် လော်စစ်ဟန်နှင့် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့ဖြစ်သည်ဟုဆိုပါသည်။ ဤသို့ဖြင့် အရှေ့မြောက်ဒေသ၏ CPB ပြိုကွဲမှုကို ကိုးကန့်တို့၏ ပုန်ကန်ခွဲထွက်မှုဖြင့် ၁၉၈၉ နှစ်ဆန်းတွင် စတင်ခဲ့တော့သည်။

ဤသို့ ကိုးကန့်တို့ခွဲထွက်မည့်အရိပ်လက္ခဏာကို CPB ဗဟိုမှ ကြိုတင်သိရှိခဲ့သည်ဟုဆိုသော်လည်း တားဆီးနိုင်ခဲ့မရှိခဲ့ပေ။ ကိုးကန့်တို့၏ ပုန်ကန်မှုသည် ကိုးကန့်ဒေသရှိ လောက်ကိုင်မှအစပြုသည် ။ သို့သော် ပုန်ကန်မှုကို ကိုးကန့်ဒေသတွင်သာမ ပြုလုပ်ခဲ့ပေ။ သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ CPB မြောက်ပိုင်းဗျူရိုလက်အောက်ရှိ အဓိဝတပ်များကိုပါစည်းရုံးကာ မြောက်ပိုင်းဗျူရိုနယ်မြေတခုလုံးပါ ထိမ်းချုပ်ရန်ပါကြိုးစားခဲ့သည်။

ဤသို့ ကိုးကန့်အဖွဲအနေနှင့် မြောက်ပိုင်းဗျူရိုနယ်မြေပါ သိမ်းသွင်းရန်ကြိုးစားခဲ့ခြင်းသည် ပုန်ကန်ခွဲထွက်သူ ကိုးကန့် အနေ နှင့် အကယ်၍ တစုံတရာလွဲချော်မှုရှိပါက ပန်ဆန်း CPB ဗဟိုနှင့် မုန်းကိုး CPB မြောက်ပိုင်း ဗျူရိုကြား ၂ ဖက်မညပ်စေရန် ရည်ရွယ်ပုံရသည်။ ထို့ပြင် သူတို့၏ သြဇာကို ချဲ့ထွင်လိုပုံလည်းရသည်။

အံ့သြစရာကောင်းသည့်အချက်မှာ ကိုးကန့်ဒေသလောက်ကိုင်တွင် ပုန်ကန်မှုစပြီး တပတ်ခန့်ကြာမှ မြောက်ပိုင်းဗျူရို ဌာန ချုပ်ရှိရာ မုန်းကိုးသို့အာဏာသိမ်းရန် ချီတက်လာခြင်းဖြစ်သည်။ သို့သော် ထိုတပတ်ကြာအချိန်ကာလအတွင်း CPB ဗဟိုရော မြောက်ပိုင်းဗျူရိုရော ကိုးကန့်တို့ လောက်ကိုင်တွင် စတင်ပုန်ကန်နေပြီကို မသိကြပေ။ လောက်ကိုင်အနီးရှိ တရုတ်တို့အနေနှင့် မသိစရာအကြောင်းမရှိပေ။ သို့သော် တရုတ်တို့ကလည်း CPB ကိုအကြောင်းကြားခြင်းမရှိ လက်ပိုက်ကြည့်နေကြသည်ဟု ဆိုရမည်။

သို့ဖြစ်ရာ ကိုးကန့်တို့စည်းရုံးမှုရရှိသွားသည့်ဝ တပ်ဖွဲ့များ မြောက်ပိုင်းဗျူရိုဌာနချုပ်ရှိရာ မုန်းကိုးသို့ချီတက်လာပြီး မုန်းကိုး အထက် ဘန်ဆတ်တောင်ကြောပေါ်သို့ရောက်မှသာ အာဏာသိမ်းပြီဟုသိတော့သည်။

ကိုးကန့်တို့သည် မြောက်ပိုင်းဗျူရိုရှိ အသစ်ပြန်လည်ဖွဲ့စည်းထားသော တပ်မဟာ ၁ ကို အသုံးပြုသွားခဲ့သည်။ ထိုစဉ် တပ်မ ဟာ ၁ ဒုတပ်မဟာမှူး ဝေရှောက်ရင် (နောင် ကိုးကန့်လွှတ်တော်အမတ်ဖြစ်လာသူ။ ထို့ပြင် ကိုးကန့် BGF တပ်၏တပ်မှူးဗိုလ်မှူးပြီးဝေစန်း၏အကိုဖြစ်သူ) သည် ၁၉၆၈ ခုနှစ် ၄၀၄ စစ်ဒေသဖွင့်စဉ်က ဖုန်ကြားစင့်၏ လက်ရင်းတပည့်များဖြစ်သည်။ ထို့ပြင် ဝ တပ်မှူးတစ်ဦးဖြစ်သူ လင်နမင် ခေါ် လင်ညီမိန်းအားစည်းရုံးနိုင်ခဲ့သည်။

ထိုစဉ်က CPB တပ်မဟာ ၁ သည် မုန်း ဟောင် တွင်အခြေစိုက်သည်။ ၎င်းဒေသသည် ကိုးကန့်ဒေသ ကုန်းကြမ်းနှင့် သံလွင် မြစ်သာခြားသည်။ ထို့ပြင် ထိုစဉ်က ၁၉၈၈ အရေးအခင်းအပြီးပြည်မကို ထိုးဖေါက်ရန်ရည်ရွယ်ချက်ဖြင့် CPB ဗဟိုမှ ဖွဲ့စည်း ခဲ့သော တပ်မဟာ ၈၈၈ သည် မြောက်ပိုင်းဗျူရိုမှဖြတ်၍ ပြည်မသို့ ထိုးဖေါက်ဆင်းရန် မြောက်ပိုင်းဗျူရို နယ်မြေ မုန်းယား မုန်း ဟောင်ဒေသသို့ရောက်နေချိန်ဖြစ်သည်။ အဆိုပါ ဝ တပ်ရင်းများကိုလည်း အရှေ့မြောက်စစ်ဒေသတွင် တပ်မှူးများ ပြုလုပ်ခဲ့ကြသည့် ဖုန်ကြားစင်း ဖုန်ကြားဖူးညီအကိုက စည်းရုံသိမ်းသွင်းနိုင်ခဲ့သည်။

အဆိုပါ တပ်မဟာ ၈၈၈ မှာ အသစ်စဖွဲ့စကာလဖြစ်ရာ တပ်မဟာ နိုင်ငံရေးမှူး ရဲဘော်စိုးချစ် (ကိုးကိုးကျွန်းပြန်) တပ်မဟာမှူး စိုင်းချစ်ညွန့် (ယခင်ရှမ်းတပ် ဗိုလ်ကမ်းရွဲတပ်မှ) တို့မှာ နိုင်ငံဖြတ်သန်းမှု တစုံတရာရှိကြသော်လည်း ဝ တပ်ရင်းများအပေါ် သြဇာမရှိကြပေ။ သို့ဖြစ်ရာ အဆိုပါဝ တပ်ရင်းများသည်လည်း ဖုန်ကြားစင်းတို့၏သြဇာအောက်သို့ ရောက်ရှိသွားတော့သည်။

ထိုစဉ်မြောက်ပိုင်းဗျူရိုအောက်တွင် တပ်မဟာ၂ မှ တပ်အချို့နှင့် ကွတ်ခိုင်ခရိုင်တပ်တို့ကျန်သေးသည်။ သို့သော် မြောက် ပိုင်းဗျူရိုခေါင်းဆောင် ဗဟိုကော်မတီဝင်များမရှိ။ ပန်ဆန်းသို့ အစည်းအဝေးသွားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် ကိုးကန့်တို့ အာဏာသိမ်းခဲ့ကြသည်။ သို့သော် မြောက်ပိုင်းဗျူရို ဌာနချုပ်ရှိ တပ်အချို့မှ ခုခံနေသဖြင့် အချိန် လေးငါးရက်ကြာမှ မုန်းကိုး ဌာနချုပ်ကို ကိုးကန့်တို့သိမ်းနိုင်ခဲသည်။ သို့သော် အချိန်တိုအတွင် မုန်းကိုး လက်နက်ဂိုဒေါင်အတွင်းမှ လက်နက်ခဲယမ်း မီး ကျောက်များအား မြောက်ပိုင်းဗျူရိုသစ္စာခံတပ်များကသယ်ထုတ်လိုက်နိုင်၍ ကိုးကန့်တို့ လက်နက်ဂို ဒေါင်တော့မရလိုက်ပေ။

ဤသို့ဖြင့် ကိုးကန့်တို့၏ ပုန်ကန်မှုသည် ကိုးကန့်ဒေသသာမက မြောက်ပိုင်းဗျူရိုနယ်လက်အောက်ခံတပ်များကိုပါသိမ်းသွင်းပြီး မြောက်ပိုင်းဗျူရိုလက်အောက်ခံ မုန်းကိုး ဖေါင်းဆိုင် မုန်းယားမုန်းဟောင်ဒေသကိုပါ သိမ်းပိုက်နိုင်ခဲ့သဖြင့် CPBအတွက် အထိနာခဲ့သည်။ ထို့နောက် ကိုးကန့်တို့သည် နဝတ အစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး နဝတအထူးချီးမြှောက်ခြင်းကိုခံခဲ့ရတော့သည်။ သို့နှင့်ကိုးကန့်ရှမ်းအထူးဒေသ ၁ ဟူ၍ စတင်ပေါ်ပေါက်ခဲ့တော့သည်။ ခွဲထွက်သည့်ကိုးကန့်အဖွဲ့အားလည်း MNDAA မြန်မာပြည်အမျိုးသားဒီမိုကရေစီမဟာမိတ်တပ် တရုတ်ဘာသာဖြင့် ထုန်မုန်ကျွင်းဟုပြောင်းလဲဖွဲ့စည်းလိုက်ကြသည်။

ဆက်လက်ဖေါ်ပြပါမည်။