ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA - အပိုင်း (၃)

မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA - အပိုင်း (၃)
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

● ကိုးကန့်နှင့် သံလွင်မြစ်အနောက်ဖက်ဒေသ
ဖုန်ကြားစင်းတို့အနေနှင့် သံလွင်မြစ်အနောက်ဖက်ကမ်းရှိ ဝ တပ်ဖွဲ့များကို  ၎င်းတို့သြဇာ အသုံးပြုပြီး သိမ်းပိုက်နိုင်ခဲ့သော်လည်း ရေရှည်မထိမ်းချုပ်နိုင်ခဲ့ပေ။ မူလအာဏာသိမ်းစဉ်က ဝ တပ်များလည်း ဝ နယ် CPB မှခွဲထွက်ပြီးနောက် ဝ တပ်အများစုမှာ ဝ နယ်သို့ ပြန်သွားကြသည်။ လင်ညီမိန်းနှင့် ဝ အနည်းစုသာကျန်ခဲ့ရာ ဒေသခံကချင် ရှမ်းအင်အားစု အများစုဖြင့်ဖွဲ့ထား သောတပ်များသာ သံလွင်အနောက်ခြမ်း၌ကျန်တော့ရာ ဒေသခံများ၏ ပုန်ကန်မှုကိုဆက်တိုက်ကြုံတွေ့ရတော့သည်။

မြစ်အနောက်ဖက်ကမ်းရှိ ဒေသခံကချင်တို့၏ ကိုးကန့်တို့အား အစောဆုံးပုန်ကန်မှုမှာ ၁၉၉၀ ဧပြီလတွင်ဖြစ်သည်။ သံလွင် အနောက်ဖက်ကမ်းရှိ ယခင် CPBတပ်ဖွဲ့ဝင်ဟောင်း ကချင်များက KIA အကူအညီဖြင့် ပုန်ကန်ကြခြင်းဖြစ်သည်။ ၎င်း ပုန် ကန်မှုကို MNDAA နှင့် အစိုးရတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ဝင်ရောက်ကူညီသော KIA များနှင့် MNDAA လည်း တလကြာမျှတိုက်ပွဲဖြစ်ပွားခဲ့သည်။ ၁၉၉၀ မေလကုန်တွင် KIA ဗဟိုခေါင်းဆောင်များနှင့် MNDAA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ အပစ်ရပ်နိုင်ခဲ့သည်။ ပထမအကြိမ်ပုန်ကန်မှု အရေးနိမ့်ပြီး ကချင်ခေါင်းဆောင်အချို့ KIA နှင့်ပူးပေါင်း သွားကြသည်။

သို့သော် ၁၉၉၂/၉၃ ကိုးကန့်သားချင်ဖြစ်ကြသော ယန်မူလျံ ယန်ပုန်အန်း ညီအကိုနှင့် ဖုန်ကြားစင်း ညီအကို ပဋိပက္ခဖြစ် သောအခါ အခွင့်ကောင်းယူ၍ ၁၉၉၅ တွင် သံလွင်မြစ်အနောက်ဖက် မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယား မုန်းဟောင် ဒေသတို့တွင် မုန်ဆာလ ဇော်လနှင့် လင်နမင်ခေါ် လင်ညီမိန်းတို့ဦးဆောင်၍ MDA မုန်းကိုးကာကွယ်ရေးတပ်အမည်ဖြင့် ခွဲထွက်နိုင်ခဲ့သည်။ ကိုးကန့်အဖွဲ့အနေနှင့် သံလွင်မြစ်အနောက်ခြမ်း ထိမ်းချုပ်ခွင့်လက်လွှတ်လိုက်ရတော့သည်။

မုန်ဆာလတို့အဖွဲ့လည်း ၂၀၀၀ ပြည့်နှစ်တွင် တပ်ဖွဲ့ချင်း သဘောထားကွဲလွဲမှုပေါ်အခြေခံ၍ မုန်ဆာလ ဇော်လတို့ အဖမ်းခံ လိုက်ရပြီး လင်နမင်နှင့် အင်အား ၁၀၀ ကျော်ခန့်မှာ မုန်လုန်ခေါ် ဟေမုန်လုန်၌ အစိုးရတပ်၏ ရှင်းလင်းခြင်းကိုခံခဲ့ရကာ MDA လည်း တစခန်းရပ်သွားခဲ့သည်။

အဆိုပါဒေသ၌ မြန်မာစစ်ဖက်ကပြန်လည်ချုပ်ကိုင်နိုင်သည်ဆိုသော်လည်း အပြည့်အဝမချုပ်ကိုင်နိုင်ခဲ့ပေ။ ထိုဒေသသည် မူလက KIA တို့လှုပ်ရှားခဲ့ရာဒေသဖြစ်ပြီး ၁၉၆၈ တွင် CPB ဝင်ရောက်လာပြီးနောက် ဖယ်ပေးလိုက်ရသောဒေသဖြစ်သည်။သို့နှင့် KIA တို့ ပြန်လည်ထိုးဖေါက်၍ တပ်မဟာ ၆ ဟူသော တပ်မဟာတစ်ခုဖွဲ့စည်းလာခဲ့ရာ ယနေ့အချိန်တွင် UPWC က အပြင်းထန်ကန့်ကွက်နေသည်ကို တွေ့ရပေသည်။

● မတည်ငြိမ်သောကိုးကန့်
ကိုးကန့်အဖွဲ့ဟာ ခွဲထွက်ပြီးတဲ့နောက် သံလွင်အနောက်ဖက်ခြမ်းကခွဲထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားနေခြင်းကြောင့်အပြင် ကိုးကန့်သားချင်း ပဋိပက္ခကြောင့်လည်း ကိုးကန့်အဖွဲ့တွင်း မတည်ငြိမ်ခဲ့ပေ။ ကိုးကန့်အဖွဲ့၏ မူလခေါင်းဆောင်ဟောင်းဖြစ်သူ ဖုန်ကြားစင်းတို့ညီအကို ကိုးကန့်အား ပြန်လည်ခေါင်းဆောင်လာပြီးနောက် ကိုးကန့်ခရိုင်တွင် တစတစ သြဇာအာဏာရှိ သော ယန်မူလျံ ညီ အကိုတို့ကြား အာဏာလုပွဲဖြစ်လာသည်။ CPB အရှေ့မြောက်ကာလက တပ်မဟာ နိုင်ငံရေးမှူးဖြစ်ခဲ့သော လီကျုံးချန်းက ယန်ညီအကိုနှင့် ပူးပေါင်းခဲ့သည်။

ဤပဋိပက္ခတွင် အစောပိုင်းက ယန်ညီအကိုများ အသာရခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်ညီအကိုများပြန်လည်နေရာရယူနိုင်ခဲ့ပြီး ယန်ညီအကိုများနှင့် လီကျုံးချန်းတို့ ကိုးကန့်မှစွန့်ခွာခဲ့ရသည်။ သို့သော် ဤပဋိပက္ခများအတွင်း ဖုန်ညီအကိုများ၏ ဆုံးရှုံးမှုလည်းမနည်းလှပေ။ ပထမအချက်ကတော့ သံလွင်မြစ်အနောက်ဖက်ကမ်းအား စွန့်လွှတ်လိုက်ရသည်။ ထို့ပြင် မြန်မာစစ်ဖက်မှ တပ်အချို့နှင့် လက်နက်ကြီးများ ကိုးကန့်ဒေသတွင်း ဝင်ရောက်နေရာယူသည်ကို ခွင့်ပြုလိုက်ရတော့သည်။ သို့သော် ၁၉၉၅ နောက်ပိုင်းတွင် ကိုးကန့်ဒေသ၌ ဖုန်ကြားစင်းတို့၏ခေါင်းဆောင်မှု ပြန်လည်တည်ငြိမ်ခဲ့သည်ဟု ဆိုနိုင် သည်။

● ကိုးကန့်နှင့်မူးယစ်ဆေးဝါး
တဖက်ကဆိုလျင် CPB ကို အကောင်းဆုံးဖြိုခွဲပေးနိုင်သည့် ကိုးကန့်အဖွဲ့အနေနှင့် အစောပိုင်းကာလများတွင် နဝတ၏ မျက်နှာသာပေးခြင်းကို အတော်လေးရလိုက်၏ ။ ထိုအချိန်ကာလများတွင်ကိုးကန့်အဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ရောင်းဝယ်မှု သယ်ဆောင်မှုများကို အတော်လေးတွေ့ခဲ့ရသည်။ လားရှိုး မန္တလေးမြို့များတွင် ဘိန်းဘိန်းဖြူနှင့် နောက်ပိုင်း တွင် ရာမခေါ် စိတ်ကြွဆေးပြားများ များစွာဖမ်းမိသည့်သတင်းများပေါ်ထွက်လာသော်လည်း ထိမ်းထိမ်းသိမ်းသိမ်း ဖြေရှင်းခဲ့ သည်ကိုတွေ့ရသည်။

တဖက်တွင်တွင် ဖုန်ကြားစင်းတို့က ဂျပန်၏အကူအညီနှင့် ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးရေးဆောင်ရွက်ခဲ့ပြီး ၂၀၀၉  မတိုင်မှီ ကိုးကန့်ဒေသတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ပြီဟု  ကြေငြာခဲ့သည်။ ကိုးကန့်ဒေသနှင့် မူးယစ်ဆေးဝါးပြဿ နာသည် အငြင်းပွားဖွယ်ရာပြဿနာအဖြစ် ရှိနေခဲ့သည်ဟုဆိုရပါမည်။

နိုင်ငံရေးအရဆိုလျှင် ကိုးကန့်အဖွဲ့မှကိုယ်စားလည်များသည် မြန်မာစစ်ဖက်မှကြီးမှူးကျင်းပသည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

● ၂၀၀၉ ကိုးကန့်
၂၀၀၉ ခုနှစ်သည် ကိုးကန်အတွက်လည်းကောင်း၊ ဖုန်ကြားစင်းတို့အတွက်လည်းကောင်း ကြီးမားသောအပြောင်းအလဲဖြစ်ခဲ့သည်။ မြန်မာစစ်ဖက်မှ အဆိုပြုသော BGF ဖွဲ့စည်းရေးကိုငြင်းပယ်သည့်အထဲတွင် ကိုးကန့်အဖွဲ့လည်းပါသည်။

တကယ်တမ်း ကိုးကန့်နယ်တွင်းသို့ မြန်မာစစ်ဖက်မှ အင်အားသုံး၍ ဝင်ရောက်ရှင်းလင်းသည်ကတော့ အခြားအကြောင်းပြ ချက်နှင့်ဖြစ်သည်။ တခုကတော့ မူးယစ်ဆေးဝါးစက်ရုံရှိသည်ဟူသောအကြောင်းပြချက်နှင့်ဖြစ်သည်။ ဒုတိယတခုကတော့ လက်နက်စက်ရုံရှိ၍ ဖြစ်သည်။ ထိုလက် နက်စက်ရုံမှ လက်နက်များအား တရုတ်ပြည်ရှိ အစွန်းရောက်အဖွဲ့များပေးပို့သည်ဟူသောစွဲချက်နှင့် တရုတ်အစိုးရဝန်ကြီးတစ်ဦးကတိုင်ကြား၍ အင်အားသုံးဖြေရှင်းရသည်ဟုဆိုသည်။

မြန်မာစစ်ဖက်မှ တပ်မ ၃ ခုခန့်အင်အားသုံး၍ဝင်ရောက်ရှင်းလင်းရာ အချိန်တိုအတွင်း ဖုန်ကြားစင်းတို့ ထိုဒေသမှ ဆုတ်ခွာ ပေးရသည်။ ဤသို့ ဖုန်ကြားစင်းတို့ အမြန်ဆုတ်ခွာလိုက်ရခြင်းမှာ အကြောင်း ၂ ချက်ရှိပုံရသည်။ တချက်မှာ တိုက်ခိုက်ရန် ပြင်ဆင်မှုမရှိ၍ဖြစ်ပုံရသည်။ ဒုတိယအချက်မှာ ၎င်းတို့မိသားစုဝင် အမျိုးသမီး ကလေးများ လွတ်ကင်းရာသို့ပို့ရန် ဦးစားပေး လိုက်ပုံရသည်။ ဤသို့ဖြင့် ကိုးကန့်စော်ဘွားအာဏာလက်လွှတ်ပြီး ကထဲက မြန်မာအစိုးရကို လက်နက်ကိုင်အံတုခဲ့သောအနှစ် ၅၀ နီးပါး ကိုးကန့်ဒေသကို ထိမ်းချုပ်နိုင်ခဲ့သော ဖုန်ကြားစင်းတို့ ကိုးကန့်ဒေသအား လက်လွှတ်လိုက်ရတော့သည်။

ထို ၂၀၀၉ တိုက်ပွဲကာလအတွင်း ကိုးကန့်များစွာ စစ်ဘေးဒုက္ခသည်အဖြစ် တရုတ်ပြည်ထံဝင်ပြေးကြသည်။ မြန်မာစစ်ဖက်က ကိုးကန့်ဒေသကိုထိမ်းချုပ်နိုင်ပြီး ကိုးကန့်များစွာ နယ်သစ်ပယ်သစ်သို့ ပြောင်းရွှေ့မှုအများအပြားဖြစ်ခဲ့သည်။ ကိုးကန့်အများစု ထောင်သောင်းချီ၍ မိုင်းလားဒေသသို့ ပြောင်းရွှေ့အခြေချသည်ဟု ဆိုသည်။ မိုင်းလားဒေသခေါင်းဆောင် စိုင်းလင်း၏ဇနီးဖြစ် သူမှာ ဖုန်ကြားစင်း၏သမီးဖြစ်သဖြင့် ကိုးကန့်တို့ပြောင်းရွှေ့အခြေချရန်လွယ်ကူခဲ့သည်ဟု ဆိုသည်။ အချို့ကတော့ ဝဒေသသို့ပြောင်းရွှေ့အခြေချကြသည်ဟု ဆိုပါသည်။ ထိုစဉ်ကထဲက ဖုန်ကြားစင်းမိသားစုမည်သည့်နေရာတွင် ပြောင်းရွှေ့အခြေ ချသည်ကို တရားဝင်ဖေါ်ပြခြင်းမရှိသကဲ့သို့ မည်သူ မည်သည့်အဖွဲ့အစည်းကလည်း ၎င်းတို့လက်ခံထားကြောင်း ဝန်ခံခြင်း မပြုခဲ့ပေ။

ဖုန်ကြားစင်းတို့နောက်မပါဘဲ မြန်မာစစ်ဖက်နှင့်ပူးပေါင်းသွားသူများလည်းရှိသည်။ ထိုသူများထဲမှ ပယ်စောက်ချိန်မှာ ကိုယ် ပိုင်အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးဖြစ်လာပြီး ဝေရှောက်ရင် လျူကော်ရှီးတို့မှာ ကိုးကန့်ဒေသ၏ လွှတ်တော်အမတ်များဖြစ် လာကြသည်။ ဝေရှောက်ရင်၏ညီ ဝေစမ်းမှာ ကိုးကန့် BGF ၏ တပ်မှူးဖြစ်လာပြီး ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီးအဖြစ် သတ် မှတ် ခံရသည်။ မြန်မာစစ်ဖက်နှင့်ပူးပေါင်းသူအချို့မှာ သူတို့၏အကျိုးစီးပွားနှင့် ဆိုင်ပုံရသည်။ မန္တလေး ၇၈ လမ်းအဝင် ဖက် တွင် Hotel Wilson ဟူသော ဟိုတယ်တခုရှိသည်။ ထိုဟိုတယ်မှာ ၂၀၀၀ ခုနှစ်ဆောက်လုပ်ပြီးစီးခါနီး၌ ၎င်းအဆောက် အဦးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် ရဲများအပြန်အလှန်ပစ်ခတ်၍ ဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။ ထိုစဉ်ကတည်းက ၁၀ နှစ်နီးပါး ဆက်လက်ဆောက်လုပ်ခွင့်မရခဲ့ပေ။ ၂၀၁၀ နောက်ပိုင်းမှ ၎င်းဟိုတယ် ဆက်လက်၍ အပြီးသတ်ခွင့်ရပြီး ဖွင့် လှစ်ခွင့်ရသည်ကိုတွေ့ရသည်။ ၎င်းဟိုတယ်၏ပိုင်ရှင်များမှာ ကိုးကန့်မှ ဝေရှောက်ရင် ဝေစမ်းတို့ညီအကိုဖြစ်သည်ဟုဆိုပါသည်။

၂၀၀၉ ကိုးကန့်စစ်ဆင်ရေးတွင် ချင်ရွှေဟော်လောက်ကိုင်တို့မှ ကိုးကန့်များ အိမ်များကိုပိတ်၍ တရုတ်ပြည်ဖက်ကမ်းသို့ သွားရောက်ခိုလှုံကြစဉ် အိမ်တိုင်းလိုလိုရှိ ပစ္စည်းများစွာ ပျောက်ဆုံးခြင်း ပျက်စီးဆုံးရှုံးခြင်များဖြစ်ခဲ့ကြသည်။ သို့အတွက် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာပြည်ရှိ တရုတ်လူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို မြန်မာအစိုးရမှ အကာကွယ်ပေးရန် တောင်းဆိုသည့် ကြေငြာချက်တရပ်ထုတ်ပြန်သည်ကို တွေ့ရသည်။

ဆက်လက်ဖေါ်ပြပါမည်။
Photo credit : irrawaddy