မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA - အပိုင်း (၆)


 
မောင်မောင်စိုး - ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA - အပိုင်း (၆)
(မိုးမခ) မတ် ၂၅၊ ၂၀၁၆

● ကိုးကန့်ပြဿနာ မည်သို့ဖြေရှင်းကြမည်နည်း
ကိုးကန့်ဒေသ၌ ၂၀၁၅ မေလကုန် ဇွန်လဆန်းမှ စစ်ပွဲအရှိန်လျော့ကျသွားခဲ့သည်။ တရုတ် စစ်တပ်နယ်စပ်ဒေသတွင် တပ်စွဲ ၍ရက်အကန့် အသတ်မရှိ စစ်လေ့ကျင့်ရေးလုပ်ခါ နယ်စပ်လေယာဉ်ပျံသန်းမှုပိတ်ပင်မှုသည် အရေးပါသော အကြောင်း အချက်တချက်ဖြစ်နိုင်သည်။ မည်သို့ဆိုစေ စစ်မီးကတော့ ခဏတာငြိမ်သက်သွားသည်။ သို့သော် ပြာပုံထဲတွင်မတော့ မီးကြွင်း မီးကျန်က ရှိဆဲဟုဆိုရမည်။

၂၀၁၅ ဒီဇင်ဘာလအတွင်း မော်ထိုက်အနီးကိုးကန့်အဖွဲ့နေရာယူထားသော တောင်ကုန်းတခုတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အလားတူ ၂၀၁၆ ဖေဖဝါရီလအတွင်း သံလွင်အနောက်ခြမ်း နမ့်ကျွမ်း မုန်းပေါ်လေးဒေသတွင်လည်း မြန်မာစစ်ဖက်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေးရဟတ်ယဉ် ၂ စီး စစ်ကူပေးခဲ့ရသည်။ ထိုတိုက်ပွဲ ၂ ပွဲသည် အတန်ငယ်ကြီး မားပုံရသည်။ ကျဆုံးဒဏ်ရာရ ဆယ်ဂဏန်းအထိရှိသည်ဟု မြေပြင်သတင်းများကဆိုကြသော်လည်း တရားဝင် သတင်းဌာန များမှ အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ထို့ပြင် လောက်ကိုင်ရှိ ဟိုတယ်တခု ပစ်ခတ်တိုက်ခိုက်ခြင်းခံရမှုနှင့် လောက်ကိုင်ရှိ ယာဉ်ရပ်နားစခန်းဗုံးကွဲများ ဖြစ်ပေါ်ခဲ့သေး သည်။ မည်သူ့လက်ချက်ဖြစ်သည်ကို မသိရသော်လည်း ဒေသတွင်၌ အတန်ငယ် မတည်ငြိမ်မှုရှိသေးသည်ဟု ဆိုနိုင်သည်။ သို့သော်အများပိုင်းအရမူ ငြိမ်သက်နေသည်ဟု ဆိုရပါမည်။

သို့သော်လည်း ကိုးကန့်ပြဿနာသည် ပြီးပြတ်သွားသောပြဿနာမဟုတ်။ ဖြေရှင်းရန်လိုအပ်နေသေးသည့်ပြဿနာဖြစ် သည်။ ကိုးကန့်အဖွဲ့ MNDAA ကတော့ TNLA/AA တို့နှင့်ပူးတွဲ၍ ၂၀၁၅ စက်တင်ဘာ ၁၀ ရက်နေ့က ကြေငြာချက်တရပ် ထုတ်ပြန်ထားသည်။ ၎င်းကြေငြာချက်တွင် NCA လက်မှတ်ထိုးရာတွင်ပါဝင်ရန် ငြင်းပယ်ခြင်းခံထားရသော ၎င်းတို့အဖွဲ့များ အနေနှင့် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှ တက်လာသောအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မျှော်လင့် ကြောင်းပါရှိသည်။

လက်ရှိ NLD အစိုးရသစ်အနေနှင့် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့အားလုံး ပါဝင်ရေးကိုဆောင်ရွက်သွားမည်ဟု ထုတ်ဖေါ်ပြောဆိုထားသည်။ သို့သော် ငြိမ်းချမ်းရေးလုပ်ဆောင်မှုများနှင့်ပတ်သက်၍ NLD အစိုးရသစ်၏လုပ်ဆောင်ချက် များသည် မြန်မာစစ်ဖက်၏ထောက်ခံမှုရယူရန် လိုအပ်ပေမည်။ မြန်မာစစ်ဖက်၏ထောက်ခံမှု မရရှိဘဲ အကောင်အထည်ဖေါ်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။

ကိုးကန့်ပြဿနာသည် မြန်မာစစ်ဖက်အတွက် ခါးသည်းသောပြဿနာဖြစ်နေပုံရသည်။ ကိုးကန့်အဖွဲ့နှင့်ပတ်သက်၍ လက် နက်ချရန်သာ တောင်းဆိုထားပြီးတွေ့ဆုံဆွေးနွေးရန် ငြင်းပယ်ထားသည်။ ကိုးကန့်တပ်ဖွဲ့၏ တိုက်ခိုက်မှုသည် အချုပ် အခြာအာဏာကိုထိပါးသည်ဟု ယူဆသကဲ့သို့ မြန်မာစစ်ဖက်၏ဂုဏ်သိက္ခာကိုထိပါးသည်ဟု ယူဆပုံရသည်။ ကိုးကန့်အဖွဲ့လက်နက်ချရေးဆိုသည့်တလမ်းသွားပေါ်လစီဖြင့် အလုပ်ဖြစ် မဖြစ်ကတော့ သေချာစဉ်စားရမည့်ပြဿနာဖြစ်သည်။ မည် သို့ဆိုစေ မြန်မာစစ်ဖက်အနေနှင့် မိမိ၏ဂုဏ်သိက္ခာနှင့်ပတ်သက်၍ အထိပါးမခံဟူသောအချက်ကို ဆုပ်ကိုင်ထားပုံရသည်ဟု ဆိုရပါမည်။

ကိုးကန့်အဖွဲ့ကတော့ လက်ရှိအချိန်တွင်တိုက်ခိုက်မှုများရပ်နားထားပြီး ဆွေးနွေးပွဲစားပွဲပေါ်သို့ရောက်ရန်ကြိုးပမ်းနေသည်။ ၎င်းတို့အနေနှင့် ၎င်းတို့အဖွဲ့၏ ရပ်တည်မှုတနေရာအတွက် ကြိုးပမ်းနေပုံပေါ်သည်ဟု ယူဆရသည်။၂၀၀၉ ခုနှစ်က မောင်းထုတ်ခံရသည့်အခြေအနေမျိုးနှင့်  ခေါင်းငုံ့မဝင်လိုသည့် သဘောထားကိုပြသခဲ့ပုံရသည်။ သူတို့၏ အမျိုးသားစိတ်အခြေခံပေါ်၌ သူတို့၏ရပ်တည်မှုတနေရာကို ရယူလိုပုံပေါ်သည်။


ထို့ပြင် ကိုးကန့်ပြဿနာ၌ နောက်ဆက်နွှယ်မှုတခုမှာ တရုတ်အစိုးရဖြစ်သည်။ တရုတ်တို့သည် ဟန်မျိုးနွယ် ကိုးကန့် တရုတ်တို့အား သူတို့၏ဆွေမျိုးသားချင်းအဖြစ်ကြည့်သည်။ တရုတ်တို့သည် သူတို့၏ဆွေမျိုးသားချင်းများ တိုက်ခိုက်ခံနေရ မှုကိုစိတ်ပူပန်သည်ဟုဆိုသည်။ မြန်မာအစိုးရအနေနှင့် ကိုးကန့်အဖွဲ့ကိုအသိမှတ်မပြုပါက သူတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေး ခြင်းမပြုက ပြဿနာမဖြေရှင်းနိုင်ဟုရှုမြင်သည်။ ၂၀၁၆ မတ်လ ၅ ရက်နေ့တွင် တရုတ်သံအမတ်က မြန်မာပြည်တိုင်း ရင်းသားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်ပြည်ဖက်သို့ ဗုံးများထပ်မကျလာစေဖို့မျှော်လင့် ကြောင်း ဆိုခဲ့သည်။ အကြောင်းမဲ့ဆိုပုံမဟုတ်ဟု ယူဆရ၏။ လက်ရှိကာလ၌ ရှမ်းပြည်မြောက်ပိုင်း၌ မြန်မာစစ်ဖက်မှ စစ်အင် အား များစွာချထားသည့်အပေါ် စိုးရိမ်မကင်းဖြစ်၍ ဆိုပုံရသည်။ ကိုးကန်အရေးနှင့်ပတ်သက်လျှင် ကိုးကန့်တို့အား သူတို့၏ ဆွေမျိုးသားချင်းအဖြစ် စဉ်းစားလုပ်ကိုင်နေသော တရုတ်တို့၏ တုန့်ပြန်လာနိုင်မှုကို ထည့်သွင်းတွက်ချက်ရန်လိုသည်။

သို့ဖြစ်ရာ ကိုးကန့်ပြဿနာသည် မြန်မာစစ်ဖက်အတွက် ဂုဏ်သိက္ခာပြဿနာ၊ ကိုးကန့်အဖွဲ့ MNDAA အတွက်ရပ်တည်မှု ပြဿနာ တရုတ်အစိုးရအတွက် ဆွေမျိုးသားချင်းပြဿနာဖြစ်သည်။ ကိုးကန့်ပြဿနာသည် သုံးပွင့်ဆိုင်ပြဿနာဟု ဆိုနိုင် သည်။ သိမ်မွေ့သော သံတမန်ရေးအခင်းအကျင်းပါ လိုအပ်သည်။ ပါဝင်ဆက်နွယ်နေသည့် ဘက် ၃ ဘက်စလုံး လက်သင့် ခံနိုင်သည့် ဖြေရှင်းမှုမျိုးလိုအပ်မည်ဟု ယူဆရပါသည်။

နိဂုံး
ကိုးကန့်ပြဿနာကို အားလုံးလက်သင့်ခံနိုင်သည့် ဖြေရှင်းမှုမျိုးရအောင်ဖြေရှင်းနိုင်ရေးသည် လက်ရှိ NCA တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးပါဝင်နိုင်ရေး ချက်ကျသည့်ပြဿနာဖြစ်နေသည်။ အလားတူ မြန်မာပြည်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တလျောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KIA/AA/TNLA/UWSA/NDAA/SSPP-SSA အဖွဲ့များ၏ပြဿနာကိုဖြေရှင်းရာ၌လည်း အရေးကြီးသည့် ကွင်းဆက်ပြဿနာဖြစ်သည်။ ထိုအဖွဲ့အားလုံးသည် တရုတ်နယ် စပ်တလျောက်တွင် တရုတ်နှင့် မကင်းနိုင်ကြသည်ကို အားလုံးလက်ခံထားကြသည်သာ ဖြစ်သည်။

မြန်မာပြည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာသည် ပြည်တွင်းရေးပြဿနာဖြစ်သည်ဆိုသော်လည်း ပြည်ပနိုင် ငံများ၏ လက်တန်ရှည်မှုကို ပစ်ပယ်စဉ်းစား၍ မရနိုင်ပေ။

အမေရိကန်နှင့် တရုတ်တို့၏ ဒေသတွင်းအင်အားပြိုင်ဆိုင်မှုသည် တောင်တရုတ်ပင်လယ်တွင်းသာမက မြန်မာပြည်တွင်းသို့ပါ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သည်ကို ဂရုပြုရန်လိုအပ်သည်။ ပြည်ပအင်အားကြီးနိုင်ငံတို့၏အင်အားပြိုင်ဆိုင်မှုနှင့် သေနင်္ဂဗျူ ဟာ ကြည့်မြင်အကွက်ရွှေ့မှုအောက်တွင် မြန်မာပြည် ကြားမညှပ်စေဖို့ လိုအပ်သည်။ ပြဿနာတခုချင်း၏ ထူးခြားချက်ကို ကြည့်ရန် ဆက်စပ်ရစ်နွယ်နေသော တခုလုံးကိုကြည့်ရန်လိုသည်။ ပြည်တွင်းစစ်ကြောင့် မွဲပြာကျနေသောတိုင်းပြည်ကို နောက်တကြိမ် စစ်ဒဏ်မပိစေရန်လိုအပ်သည်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာသည် သာမန်နိုင်ငံရေးပြဿနာ သက်သက်မဟုတ်။ လက်နက်ကိုင် တပ်ဖွဲ့များပြဿနာကို ဖြေရှင်းရေးလည်းဖြစ်သည်။ လက်နက်ကိုင်ထားသည့်တိုင်းရင်းသားစစ်သည် တစ်သိန်းနီးပါးခန့်၏ ပြဿနာဖြစ်သည်။ နှစ် ၆၀ ကျော်ကြာသည့် ပြည်တွင်းစစ်တွင် အမြစ်ပြတ်ချေမှုန်းရေးသည်လည်းကောင်း၊ အပြုတ် တိုက် ရေးသည်လည်းကောင်း အလုပ်မဖြစ်ခဲ့။ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။

လက်ရှိမြန်မာပြည်၏ နိုင်ငံရေးအရပြောင်းလဲရေးပြဿနာသည် ဒီမိုကရေစီရေး လူအခွင့်အရေးပြဿနာ သက်သက်မဟုတ် ပေ။ တိုင်းရင်းသားပြဿနာဖြေရှင်းရေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာဖြေရှင်းရေးလည်းဖြစ်သည်ဟု သုံး သပ်ရပါသည်။

ပြီးပါပြီ

● မှတ်ချက်
မိမိအနေနှင့် မိမိလက်လှမ်းမီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ငြိမ်းချမ်းရေးတည် ဆောက်နေသည့်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်၍ နားလည်ကောက်ချက်ချနိုင်စေကြရန်ရည်ရွယ်ပါသည်။ အဖွဲ့တိုင်း၏ သမိုင်းကြောင်းကို ပြည့်ပြည့်စုံစုံမတင်ပြနိုင်သော်လည်း ယေဘုယျ မိမိလက်လှမ်းမှီသမျှ တင်ပြခဲ့ပါသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အကြောင်းအား အပိုင်း ၄၆ ပိုင်းခွဲ၍ 27/1/2016 မှစ၍ ယနေ့အထိ ၄၆ ရက်တိတိ နေ့စဉ်နီးပါး တင်ပြခဲ့ရာတွင် စိတ်ပါဝင်စားစွာ ဖတ်ရှုကြသူများအားလည်းကောင်း၊ ဝေဖန်ထောက်ပြ အကြံပြုသူများအား လည်းကောင်း ကျေးဇူးတင်ရှိပါသည်။

အဆိုပါ ရခိုင် ကချင် တအန်းပလောင် ဝ အခါ ကိုးကန့်စသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့်ပတ်သက်၍ တ ဆက်စပ်ထဲဖတ်ရှုလိုပါက "Chronicles of Maung Maung Soe" page တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ထို page ကိုပြုလုပ်စီစဉ်ပေးသော Aung Ko ko နှင့် မိမိ ဆောင်းပါးအားလုံးနီးပါးအား ဓါတ်ပုံဒီဇိုင်း ပြုလုပ်သော Mungdungla Wawhkyung နှစ်ဦး (လူချင်းမတွေ့ဘူးသော FB မိတ်ဆွေနှစ်ဦး) အားလည်း ကျေးဇူးအထူးတင်ရှိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သော SSPP/SSA အကြောင်း ရေးသားဖေါ်ပြနိုင်ရန် ဆက်လက်ကြိုးစားသွားပါအုံး
မည်။

မောင်မောင်စိုး
ရန်ကုန်
16/3/2016