ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အိချယ်ရီအောင် (Myanmar Now) - အရင်တုန်းက ပညာရေးအခြေအနေမျိုးကို ပြန်ရောက်ချင်ပါတယ် (အင်တာဗျူး)

မကြာသေးခင်က ရန်ကုန်မြို့ Myanmar Now သတင်းအေဂျင်စီ ရုံးခန်းတွင် တွေ့ရသော ဒေါ်ထွေးထွေးတိုး  (ဓာတ်ပုံ - Myanmar Now)

အိချယ်ရီအောင် (Myanmar Now) - အရင်တုန်းက ပညာရေးအခြေအနေမျိုးကို ပြန်ရောက်ချင်ပါတယ် (အင်တာဗျူး)
(မိုးမခ) မတ် ၁၊ ၂၀၁၆

ယခုတွေ့ဆုံမေးမြန်းခန်းအား Myanmar Now မှ ရယူပါသည်။
 
ရန်ကုန် (Myanmar Now) – ဒေါ်ထွေးထွေးတိုးသည် စင်္ကာပူရှိ သြစတေးလျတက္ကသိုလ်တစ်ခုဖြစ်သော James Cook University မှ စီးပွားရေးဆိုင်ရာဘွဲ့၊ ပညာရေးဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့ပြီး စင်္ကာပူ PSB Academy တွင် စီမံခန့်ခွဲမှုလုပ်ငန်းအတွေ့အကြုံယူခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံသို့ပြန်လာပြီးနောက် ပညာရေးတွင်စိတ်အားထက်သန်သူ ဒေါ်ထွေးထွေးတိုးက ရန်ကုန်မြို့ရှိ နိုင်ငံတကာ အထက်တန်းကျောင်းတစ်ခုဖြစ်သည့် Myanmar International School Yangon (MISY) တွင် မန်နေဂျာတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာတက္ကသိုလ်တချို့ကို အာရှဒေသတွင်းရှိ ထိပ်တန်းတက္ကသိုလ်တို့နှင့် ပူးပေါင်းဖွင့်လှစ်ခြင်း ဖြင့် ကမ္ဘာ့အဆင့်မီပညာရေးဖြစ်လာစေရန်  လုပ်ဆောင်သင့်သည်ဟု MISY ကျောင်းတွင် စီမံခန့်ခွဲရေးနှင့် ပြင်ပဆက်ဆံရေး မန်နေဂျာ တာဝန်ယူထားသူ ၂၉ နှစ်အရွယ် ဒေါ်ထွေးထွေးတိုးက တိုက်တွန်းလိုက်သည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံရာတွင် ဒေါ်ထွေးထွေးတိုးက  အဆင့်မြင့်ပညာရေး၊ ပညာသင်စရိတ်ထောက်ပံ့မှု၊ မြန်မာကျောင်းသားတို့၏ အခက်အခဲတို့နှင့် ပတ်သက်ပြီး သူ၏ အယူအဆများကို ပြောပြထားသည်။

မေး - ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာပြည်ပညာရေးနဲ့ပတ်သက်ပြီး ဘာတွေ ပြောင်းလဲလာတွေ့ရလဲ။
ဖြေ - အခုနောက်ပိုင်း အထက်တန်းအဆင့် နိုင်ငံတကာကျောင်းတွေ များလာတာတွေ့ရပါတယ်။ အဲဒီကျောင်းတွေကလည်း ကမ္ဘာအဆင့်မီ အထက်တန်းပညာရေးတွေကို သင်ကြားပေးနေတာ တွေ့ရပါတယ်။ အဲဒါက တိုးတက်တာတစ်ခုလို့ ပြော လို့ရပါတယ်။

မေး - နိုင်ငံခြားက တက္ကသိုလ်တွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံက တက္ကသိုလ်တွေက ဘာတွေများလိုအပ်ချက်ရှိလဲ။
ဖြေ - စင်္ကာပူမှာ ကျွန်မလုပ်ခဲ့တဲ့ကျောင်းဆိုရင် ပုဂ္ဂလိကပိုင်တဲ့ကျောင်းပါပဲ။ အစိုးရပိုင်တဲ့ကျောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အဆင့်နဲ့သူတို့ ရှိပြီးသားဖြစ်တယ်။ အဲဒီကျောင်းကိုလာမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့က ဝင်ခွင့်က ဘယ် လောက်ထိမြင့်နေရမလဲဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ သူတို့ကျောင်းဆို သြစတြေးလျတက္ကသိုလ်နဲ့ ချိတ်ထားတာ။ စင်္ကာပူ အစိုးရကျောင်းကို မဝင်နိုင်တဲ့သူတွေက ဒီကျောင်းကိုဝင်လို့ရတယ်။ မြန်မာတက္ကသိုလ်တွေက နိုင်ငံတကာက အသိအမှတ်ပြု တဲ့ အဆင့်မဟုတ်ဘူး။  အဲဒါက ကွာခြားချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကောင်းတစ်ခုဖြစ်ဖို့ဆို တက္ကသိုလ်က သုတေသနအတွက် ဘယ်လောက်ထိပေးထားပြီးပြီလဲ၊ တက္ကသိုလ်မှာသင်တဲ့ ဆရာ၊ ဆရာမတွေရဲ့ တကယ်ရှိနေတဲ့ ပညာ ရေးကလည်း ကမ္ဘာ့အဆင့်မီလား။ စကားတစ်ခုရှိပါတယ်၊ “အကန်းက အကန်းကိုပဲ ဦးဆောင်နေသရွေ့ကတော့ ဘယ်တော့ မှ တိုးတက်နိုင်မှာမဟုတ်ပါဘူး” တဲ့။ ကလေးတွေကို ပညာသင်မယ့် ဆရာ၊ ဆရာမတွေအောင်ခဲ့တဲ့ ကျောင်းတွေကရော တကယ်ကမ္ဘာ့အဆင့်မီတဲ့ ကျောင်းတွေလားပေါ့။ သင်ပေးတဲ့သူကိုယ်တိုင်က အသိပညာတွေ အများကြီးရှိနေမှ သူတို့ပြန် သင်ပေးတဲ့ကလေးတွေကလည်း အသိပညာတွေအများကြီးရမှာဖြစ်ပါတယ်။ သင်မယ့်ဆရာတွေက အရမ်းတော်နေတယ် ထားဦး၊ သင်ရိုးညွှန်းတမ်း မပြောင်းသရွေ့ ရှိနေတဲ့ကလေးတွေက ဒီဟာပဲရမှာပါ။ တချို့ဆိုရင် နိုင်ငံခြားကနေ ဘွဲ့တွေအများ ကြီးရခဲ့ပြီး ပြန်လာလုပ်တဲ့အခါ သူတို့သင်ကြားခဲ့တဲ့ပညာနဲ့ မျှတတဲ့လစာမပေးနိုင်တဲ့ အခါမျိုးတွေမှာ မြန်မာပြည်မှာ အလုပ် မလုပ်တော့ဘဲ ပြန်ထွက်သွားတာမျိုးတွေ ရှိပါတယ်။ လစာကောင်းပေးမယ်၊ သင်ရိုးညွှန်းတမ်းကောင်းမယ်ဆိုရင် ဘယ်နိုင် ငံကဆရာပဲ ဖြစ်ဖြစ်လာသင်ပါတယ်။ ကမ္ဘာ့အသိအမှတ်ဘွဲ့ရထားပြီးသားလူတွေ လာသင်ပါတယ်။ သူတို့ကလည်း အခြား နိုင်ငံက အတွေ့အကြုံကို လိုချင်တဲ့အတွက် လာသင်ပါတယ်။

မေး - အစိုးရသစ်လက်ထက်မှာ ပညာရေးနဲ့ပတ်သက်ပြီး ဘာတွေစပြောင်းသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ - အစိုးရ အသစ်အနေနဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုက ဒီက တက္ကသိုလ်တစ်ခုခုနဲ့ ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီပညာရေး ဖြစ်လာအောင် လုပ်ဆောင်သင့်ပါတယ်။  ကမ္ဘာအဆင့်မီတက္ကသိုလ်တစ်ခုက ဒီကိုလာပြီးပေါင်းတယ်ဆိုရင် သူတို့အနေနဲ့က တော့ အဆင့်နိမ့်သွားစရာမရှိပါဘူး။ သူတို့သင်ရိုးညွှန်းတမ်းကို ဒီကျောင်းမှာ လာသင်မယ်၊ သူတို့ဆီက ဆရာတွေလည်း လာသင်မယ်ဆိုရင် မြန်မာနိုင်ငံက ဆရာတွေကလည်း အဲဒါကို လိုက်သင်နိုင်ဖို့အတွက် ကိုယ့်အရည်အချင်း ကိုယ့်ဘာသာ လိုက်မြှင့်လာမယ်။ ပေါင်းဖွင့်ခြင်းအားဖြင့် ဒီကတက္ကသိုလ်တွေ အရည်အသွေး မြင့်သွားပါမယ်။  အခု မြန်မာတက္ကသိုလ် ကဘွဲ့လက်မှတ်ဆို နိုင်ငံအများစုက အသိအမှတ်မပြုပါဘူး။ စင်္ကာပူကဆိုရင်လည်း ဒီကဘွဲ့လက်မှတ်ကို သာမန်အလုပ်လာ လုပ်ရင်တော့ အသိအမှတ်ပြုပေမယ့် အခြားအဆင့်မြင့်တဲ့ရာထူးကြီးတွေကိုရဖို့ကျတော့ အသိအမှတ်မပြုပါဘူး။ ဘာကြောင့် လဲ ဆိုတော့ ဘွဲ့က ကမ္ဘာကအသိအမှတ်ပြုထားတဲ့ တက္ကသိုလ်က ရထားတာမဟုတ်လို့ပါ။

မေး - ပူးပေါင်းမယ်ဆိုရင်  မြန်မာပြည်က ဘယ်တက္ကသိုလ်ကို အရင်ဆုံးလုပ်သင့်ပါသလဲ။
ဖြေ - ဆေးတက္ကသိုလ်နဲ့နိုင်ငံခြားဘာသာ တက္ကသိုလ်တွေကို အရင်ဆုံး ပြောင်းလဲသင့်တယ်။ Australian National University က ဆေးပညာဘွဲ့ နာမည်ကြီးတယ်။ အဲဒီလိုတက္ကသိုလ်တွေကို ဖိတ်ခေါ်သင့်ပါတယ်။ ဖိတ်မခေါ်ခင် ဒီမှာရှိတဲ့ တက္ကသိုလ်တွေ ပြန်ပြီးတော့ လှပအောင် ပြင်ဆင်ရပါမယ်။ မြန်မာနိုင်ငံအစိုးရတွေအနေနဲ့ တခြားနိုင်ငံက အစိုးရတွေကို သူတို့ဆီက တက္ကသိုလ်တွေ ဒီကတက္ကသိုလ်တွေနဲ့ ပူးပေါင်းလာဖွင့်အောင် တောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ စီးပွားရေး လုပ်သလိုပဲပေါ့၊ ပူးပေါင်းချင်တဲ့သူက ကိုယ်ကအကြောင်းကြားလိုက်တာနဲ့ ပူးပေါင်းမယ်၊ မပူးပေါင်းဘူး တစ်ခါတည်း ပြောပါ တယ်။  ပူးပေါင်းပြီးလာဖွင့်ဖို့ စိတ်မဝင်စားကြဘူး ဆိုတာတော့ မဟုတ်ပါဘူး။ စိတ်တော့ဝင်စားမယ်၊ သူတို့အနေနဲ့လည်း အခွင့်အလမ်းမသိလို့ ဘယ်လိုဝင်လာရမလဲ မသိလို့ပါ။

မေး -   ပူးပေါင်းဖွင့်တဲ့ တက္ကသိုလ်တွေမှာ ငွေကြေး မတတ်နိုင်တဲ့သူတွေ တက်လို့ရအောင် ဘယ်လိုများလုပ်သင့်ပါသလဲ။
ဖြေ - အမှတ်အရမ်းကောင်းတဲ့ ကလေးတွေကို အစိုးရက ပညာသင်စရိတ်ထောက်ပံ့တာမျိုးတွေ လုပ်သင့်ပါတယ်။ တချို့က လေးတွေက စာမှာတော့ သိပ်မတော်ဘူး၊ ဒါပေမဲ့ အားကစားမှာတော့ အရမ်းတော်တယ်၊ အဲဒီလိုကလေးမျိုးကိုလည်း အစိုးရအနေနဲ့ ပညာသင်ဆုပေးလို့ရပါတယ်။ ပညာလည်း သိပ်မတော်၊ အားကစားလည်း သိပ်မတော်တဲ့ ကလေးတွေကျ တော့ အစိုးရအနေနဲ့ ချေးငွေထုတ်ပေးသင့်ပါတယ်။ အစိုးရက ချေးငွေထုတ်ပေးထားတဲ့ အတွက် ချေးငွေယူတဲ့ ကျောင်း သားက အဲဒီကျောင်းမှာ ဘယ်နှစ်နှစ် အလုပ်ပြန်လုပ်ပေးရမယ်ဆိုတဲ့ ကတိစာချုပ် ချုပ်လိုက်တာမျိုးတွေ လုပ်လို့ရပါတယ်။

မေး - နိုင်ငံခြားက ကျောင်းသားတွေနဲ့ မြန်မာပြည်က ကျောင်းသားတွေ ဘာတွေကွာခြားသလဲ။
ဖြေ - ကျွန်မသင်တဲ့အခါမှာ ပုံမှန်အားဖြင့် ရိုးရိုးလေးလို့ပြောလို့ရတဲ့စာက မြန်မာပြည်က ကလေးတွေအတွက်က အရမ်း ကိုခက်ခဲနေတာကို တွေ့ရတယ်။ ၁ဝ တန်းအောင်ပြီးသား ကလေးတွေဖြစ်တဲ့အခါကျတော့ အမေရိကား က Grade -8 ကို စသင်ပေးတယ်။ ဒါပေမဲ့ သူတို့မလိုက်နိုင်တော့ Grade -5 ကိုပဲ ပြန်သင်ရပါတယ်။ Grade -5 သင်တာတောင် အစပိုင်းက တော်တော်ခက်ခဲခဲ့ပေမယ့် နောက်ပိုင်းကျတော့ တော်တော်လေး သိလာပါတယ်။ သူတို့က အလွတ်ကျက်ရတာကိုပဲ ကြိုက်တယ်၊ စဉ်းစားပါလို့ပြောရင် သူတို့မစဉ်းစားချင်ဘူး မလုပ်ချင်ကြဘူး၊ ငယ်ငယ်လေးကတည်းက (စာမေးပွဲမှာ) ဒါပါမယ်၊ ဒါကျက် ဆိုတာမျိုးတွေထဲမှာ အသားကျနေတယ်။ နိုင်ငံခြားမှာတော့ စာသင်ခန်းထဲမှာ ဆရာတစ်ယောက်တည်းက ပြောနေတာ မဟုတ်ဘူး၊ ကလေးတွေကလည်း ပါဝင်ဆွေးနွေးရတယ်၊ စဉ်းစားရတယ်၊  အလွတ်ကျက်ဖို့ အားမပေးဘူး။  မြန်မာပြည်မှာ အောက်ကနေပြန်စရမယ့် သဘောရှိတယ်။ အခုကျွန်မသင်နေတဲ့ အထဲမှာ ဘွဲ့ရထားပြီးသားတွေလည်း ပါတယ်၊ တချို့ ဆိုရင် အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဘာမှ မသိတဲ့အတွက် တော်တော်လေး အံ့သြမိတယ်။ နိုင်ငံခြားမှာက ဆရာမက သင်တာမှားနေရင် ကလေးက ပြန်ထောက်လို့ရတယ်။ ဒီမှာကအဲလိုမဟုတ်ဘူး မှန်တယ်ဆိုလည်း မပြောရဲဘူး၊ မှားတယ်ဆိုလည်း မပြောရဲဘူး။ ဘာပြောပြော ခေါင်းငုံ့ခံတယ်။

မေး - မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေ ဝင်ခွင့်က ဆယ်တန်းစာမေးပွဲ ရမှတ်အပေါ် မူတည်နေပါတယ်။ ဒါကို ဘယ်လိုမြင်သလဲ။
ဖြေ - ၁ဝ တန်းအမှတ်က ဘဝရဲ့ အဆုံးအဖြတ် မဖြစ်သင့်ပါဘူး။ ကျွန်မသူငယ်ချင်းတစ်ယောက်ဆို ဒီမှာ ဆေးကျောင်း တက်လို့မရတော့ အမေရိကားမှာ ရိုးရိုးကျောင်းကိုတက်တယ်။ နောက်ပြီး ဆရာဝန်လိုင်းဘက်ကို ပြောင်းပြီး ကျောင်းဆက် တက်တယ်။ အခုဆို နယူးယောက်မှာ ဆရာဝန်ဖြစ်နေပါပြီ။ ၁ဝ တန်းမှာ အမှတ်နည်းသွားလို့လည်း ဘဝကပြီးသွားတာ မဟုတ်ဘူးဆိုတာမျိုးတွေ ဖြစ်စေချင်ပါတယ်။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ အပြောင်းအလဲတစ်ခုခုတော့ လုပ်သင့်ပါတယ်။

မေး -  မြန်မာပြည်မှာ ပညာရေးနဲ့ပတ်သက်ပြီး ဘာတွေများ လုပ်ချင်သလဲ။
ဖြေ - မြန်မာပြည်က ပညာရေးကို အဆင့်မြင့် ပညာရေးဖြစ်အောင် လုပ်သွားမှာပါ။ ကျွန်မ ဖြစ်ချင်တဲ့ ကျောင်းနာမည်တော့ စဉ်းစားထားပါတယ်။ National University of Myanmar ဆိုပြီးတော့။ ကျွန်မ အမေခေတ်တုန်းက တခြားနိုင်ငံကလူတွေက မြန်မာပြည် တက္ကသိုလ်တွေမှာ လာတက်ရတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေပါတယ်။  မြန်မာပြည်ရဲ့ အရင်တုန်းက ပညာရေးအခြေအနေမျိုးကို ပြန်ရောက်ချင်ပါတယ်။ လွယ်တော့မလွယ်ပါဘူး၊ အဲဒီလိုဖြစ်ဖို့ကတော့ ၁ဝ နှစ်၊ အနှစ် ၂ဝ လောက် အချိန်ယူရပါမယ်။ ။