ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - အပိုင်း (၈)

 မောင်မောင်စိုး - တအန်း ပလောင် နှင့် TNLA - အပိုင်း (၈)
(မိုးမခ) မတ် ၁၊ ၂၀၁၆

● TNLA နှင့်တိုက်ပွဲများ
NCA လက်မှတ်ထိုးပွဲအပြီးနောက် NCA လက်မှတ်ထိုးရာတွင် မပါဝင်သည့်အဖွဲ့အချို့နှင့် မြန်မာစစ်ဖက်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြ သည်။ SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသ၌ အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလဆန်းထိ ပြင်းထန်သောတိုက်ပွဲ များဖြစ်ပွားခဲ့သည်။ KIA တပ်မဟာရှိရာ မိုးညှင်းတဝိုက်တွင် လေကြောင်းပစ်ကူများသုံး၍ အကန့်အသတ်နှင့် တိုက်ပွဲများ ဖြစ်ခဲ့သည်။

TNLA လှုပ်ရှားရာဒေသတွင် မြန်မာစစ်တပ်၏ ထိုးစစ်မှာ ဝမ်ဟိုင်းကဲ့သို့ ပြင်းထန်သည်မဆိုသာသော်လည်း အကန့် အသတ် နှင့်တော့မဟုတ်ပေ။ တပ်မ ၇၇/၈၈/၉၉ မှတပ်များသုံး၍ တောက်လျောက်လိုလိုနယ်မြေရှင်းလင်းရေး စစ်ကြောင်းများဝင် ရောက်ကာ တိုက်ပွဲငယ်များမပြတ်ဖြစ်ပွားနေခဲ့သည်ဟုဆိုရမည်။ သတင်းများအရ ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ၇ ရက်အတွင်းမြန်မာစစ်ဖက်နှင့် TNLA တို့ နမ့်ဆန် မန်တုန် ကျောက်မဲမြို့နယ်များအတွင်း တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ သည်ဟုဆိုသည်။ ၂၀၁၅ နိုဝင်ဘာလအတွင်းတိုက်ပွဲ ၂၂ ကြိမ် ဒီဇင်ဘာလအတွင်း တိုက်ပွဲအကြိမ် ၃၀ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။

တိုက်ပွဲငယ်များဖြစ်သဖြင့် တိုက်ပွဲတစ်ပွဲချင်းအကျအဆုံးမများသော်လည်း တစ်ပွဲလျင် တယောက်ကျ နှစ်ယောက်ကျနှင့် အမှည့်ချွေ ချွေနေသည့် တိုက်ပွဲများဟုဆိုနိုင်သည်။ သို့ဖြစ်ရာ TNLAလှုပ်ရှားရာဒေသများဖြစ်သော ကျောက်မဲ မိုးမိတ်မန်တုန် မိုးကုတ် နမ့်ဆန် သီပေါ နမ္မတူ လားရှိုး သိန္နီ ကွတ်ခိုင် နမ့်ခမ်း မူစယ် စသောမြို့နယ်များအတွင်း နေရာအနှံ့တိုက်ပွဲများဖြစ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် တိုက်ပွဲငယ်များဖြစ်သော်လည်း အချို့တိုက်ပွဲများကား ပြင်းထန်ပုံရသည်။ သတင်းများအရ မြန် မာစစ်ဖက်မှ လေကြောင်းပစ်ကူပေးခဲ့ရသည့် တိုက်ပွဲ ၆ ကြိမ်ရှိခဲ့သည်ဟုဆိုပါသည်။ မြန်မာစစ်ဖက်နှင့် TNLA တိုက်ပွဲဖြစ်ပွား နေသော ဒေသတွင်းသို့ RCSS တောင်ပိုင်းတပ်ဖွုဲ့များ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဝင်ရောက်လာရာ ထိုဒေသ၌ ရှုတ်ထွေးမှု ပိုမိုလာပေတော့သည်။

● SSPP/SSA နှင့် RCSS/SSA
၂၀၁၅ အောက်တိုဘာ ပထမပတ်တွင် နမ့်ဆန်နှင့် သီပေါအစပ် နှင့် ကျောက်ဖြူချောင်းတဝိုက်တွင် RCSS တောင်ပိုင်းတပ်များ စတင်ဝင်ရောက်လာသည်ဟုဆိုသည်။ RCSS/SSA သည် ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် လွယ်တိုင်းလျန်တွင် အခြေပြု သည့် ရွက်ဆစ်အဖွဲ့ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လှုပ်ရှားသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် SSPP/SSA လှုပ်ရှားသည်။ ၂၀၁၅ အောက်တိုဘာလဆန်းမှစ၍ SSPP ဝမ်ဟိုင်းဌာနချုပ်တဝိုက်တိုက်ပွဲများဖြစ်ပွားရာ မိုးမိတ် ကျောက်မဲမြို့နယ်အတွင်းရှိ SSPP/SSA တပ်အများစုကို ဝမ်ဟိုင်းဒေသကို ထောက်ကူပြုရန်ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ရာ ထိုနေ ရာမှ RCSS တပ်များထိုးဖေါက်ဝင်ရောက်လာသည်ဟု ဆိုသည်။ ထိုသို့ထိုးဖေါက်ဝင်ရောက်လာသည်ကို RCSS အနေဖြင့် မြောက်ပိုင်းရှိ SSPP ကို အကြောင်းကြားခြင်းမရှိ ဟု SSPP နှင့်နီးစပ်သောအဝန်းအဝိုင်းက ဆိုပါသည်။

RCSS အနေနှင့် NCA လက်မှတ်မထိုးမှီ မြန်မာစစ်ဖက်နှင့် တိုက်ပွဲအချို့ဖြစ်ပွားခြင်းရှိသကဲ့သို့ RCSS တပ်ဖွဲ့များကို ထိုင်းနယ် စပ် မုန်းထားဒေတွင်အခြေပြုရန် မြန်မာစစ်ဖက်က အဆိုပြုသည်ကိုထိုဒေသသည် RCSS တပ်ဖွဲ့အတွက် ကျဉ်းလွန်းသည်ဟု ငြင်းပယ်ခဲ့သည်များကိုလည်း ကြားခဲ့ရသည်။ သို့သော် အောက်တိုဘာ NCA လပ်မှတ်ထိုးမှုနှင့် မရှေးမနှောင်းမှာ RCSS တပ်ဖွဲ့များ ၎င်းတို့မူရင်းလှုပ်ရှားရာဒေသနှင့်ဝေးကွာသည့် ရှမ်းပြည်မြောက်ပိုင်းရှိ TNLA လှုပ်ရှားရာဒေသ သို့ဝင်လာခြင်းသည် မြန်မာစစ်ဖက်၏ သဘောတူညီချက် ရယူထားဖွယ်ရှိသည်ဟု ယူဆရပါသည်။

လက်ရှိ စဝ်ရွက်ဆစ်ခေါင်းဆောင်သည့် RCSS သည် မူလက SURA မိုးဟိန်းအဖွဲ့မှဖြစ်သည်။ ၎င်းတို့သည် ခွန်ဆာဦးစီးသည့် MTA နှင့်ပူးပေါင်းထားရာမှ ၁၉၉၆ ဇန္နဝါရီလ ခွန်ဆာနှင့် MTA တပ်ဖွဲ့ဝင်များလက်နက်ချရာတွင် ပါဝင်မသွားဘဲ စဝ်ရွက်ဆစ် ဦးစီးသည့်အဖွဲ့သည့် SURA အမည်ဖြင့်ပြန်လည်ရပ်တည်ခဲ့သည်။ ၁၉၉၆ စက်တင်ဘာလတွင် ရှမ်းအဖွဲ့အစည်းများ ညီညွတ်ရေး ရှမ်းတပ်မတော်တခုတည်းဖြစ်ရေးအတွက် ဆွေးနွေးတိုင်ပင်ရာတွင် ပါဝင်ခဲ့ကြသည်။ SSPP/SSA SURA နှင့် SSNA (ခွန်ဆာမှခွဲထွက်သည့် ဗိုလ်ကမ်းရွဲအဖွဲ့) စသည့် ရှမ်းလက်နက်ကိုင် ၃ ဖွဲ့ ပေါင်းစည်းရန် ကြိုးစားခဲ့ကြသည်။ ထိုသို့ ပေါင်းစည်းရေး မအောင်မြင်သည့်နောက် စဝ်ရွက်ဆစ်သည် ထိုင်းနိုင်ငံနယ်စပ် ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျန်တွင် အခြေပြုခဲ့သည်။ တပ်ကို SSA အဖြစ် ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံရေးအဖွဲ့အစည်းနာမည်ကို ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။

၂၀၀၀ ခုနှစ်စွန်းစွန်း၌ တာချီလိတ်အောက်ဖက် လွယ်လန်းဒေသရှိ အစိုးရ တပ်စခန်း ၇ ခုအား RCSS စဝ်ရွက်ဆစ်တပ်များက ထိုင်းနိုင်ငံ၏ ကျောထောက်နောက်ခံဖြင့် ဝင်ရောက်သိမ်းပိုက်ဖူးသည်။ သို့သော် ထိုစဉ် အစိုးရနှင့် နယ်မြေနားလည်မှု ယူထားသော UWSA ဝ တပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်သောကြောင့် RCSS တပ်များ စခန်းများကိုပြန်လည်စွန့်လွှတ်ကာ ပို၍ တောင်ပိုင်းကျသော လွယ်တိုင်းလျံသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ရသည်။

SSNA ကတော့အဖွဲ့ပျက်ပြီး ကျန်အချို့မှာRCSS နှင့် ပူးပေါင်းသွားခဲ့သည်။ ၂၀၀၅ ခုနှစ် ရှမ်းပြည်ရှိ နိုင်ငံရေးအဖွဲ့အစည်းများ ရှမ်းလက်နက်ကိုင်များ ပူးပေါင်းရေး ညီညွတ်ရေးကိုခေါင်းဆောင်လုပ်နေသည် စဝ်ဆေထင်နှင့် ခွန်ထွန်းဦးတို့ နှစ်ရာနှင့်ချီ သော ထောင်ဒဏ်ကျခံခဲ့ပြီးနောက် ရှမ်းနိုင်ငံရေးအဖွဲ့များ ရှမ်းလက်နက်ကိုင်တပ်များ ပေါင်းစည်းရေးမှာ ရပ်တန့်သွားခဲ့သည်။

မြောက်ပိုင်းရှိ SSPP/ SSA မှလည်း ၂၀၀၉ ခုနှစ်တွင် အစိုးရ၏သဘောထားအတိုင်း SSPP ခေါင်းဆောင်အချို့ဖြစ်သော လွယ်မောင်းနှင့် ကိုင်ဖတို့က စိန်ကျော့ ပသစ ကာလိ ပသစ အဖွဲ့များအဖြစ်ပြောင်းလဲသွားခဲ့ကြရာ ပသစ ဖွဲ့ရေးလက်မခံသည့် စဝ်ပန်ဖ ဦးစီးသည့်အဖွဲ့က ဝမ်ဟိုင်းတွင်အခြေပြု၍ SSPP/SSA ဆက်လက်ရပ်တည်ပြီးပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့်ရှမ်းပြည်မြောက်ပိုငမး ဝမ်ဟိုင်းအခြေစိုက် SSPP/SSA ဟူ၍ ဆက်လက်ရှင်သန်ခဲ့သည်။

SSPP သည် ၂၀၁၂ နောက်ပိုင်းအစိုးရနှင့် အပစ်ရပ်ရပ်လက်မှတ် biletral ထိုးထားသော်လည်း NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသောအဖွဲ့ဖြစ်သည်။ လက်ရှိ SSPP/SSA ခေါင်းဆောင်ပိုင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

နာယက စဝ်ဆေထင် စဝ်နောင်မိန်လုံဥက္ကဌ စဝ်ပန်ဖဒုဥက္ကဌ စဝ်ခေးတိုင်းအတွင်းရေးမှူး စဝ်ခွန်ဆိုင်းစစ်ဦးစီးချုပ် စဝ်ခင်မင် တို့ဖြစ်ကြသည်။

လက်ရှိ SSPP/SSA တပ်ဖွဲ့စည်းပုံမှာ ဌာနချုပ်ရှိရာ ဝမ်ဟိုင်း၌ တပ်မဟာ ၃၆ / ၇၂ / ၇၄ တို့ဖွဲ့စည်းထားပြီး မိုးမိတ် နောင်ချို ကျောက်မဲ သီပေါဂွင်၌ တပ်မဟာ ၆၁၂ လားရှိုး သိန္နီဂွင်တွင် တပ်မဟာ ၁၅၃ သီပေါ မိုင်းရယ် နမ့်လန်ဂွင်တွင်တပ်မဟာ ၁ တို့ဖြန့်ခွဲလှုပ်ရှားသည်ဟုသိရသည်။ထို့ပြင် အခြား တပ်မဟာ အချို့လဲရှိသေးပြီး ဝမ်ဟိုင်းအရှေ့ဖက်နှင့် တောင်ဖက်တွင် ဖြန့်ခွဲလှုပ်ရှားသည်ဟု ကြားသိရသည်။ SSPP/SSA ၏အင်အားမှာ ၅၀၀၀ အထက်ရှိနိုင်သည်ဟု ခန့်မှန်း တွက်ဆကြပါသည်။

RCSS/SSA ၏ခေါင်းဆောင်ပိုင်းမှာ အောက်ပါအတိုင်းရှိသည်ဟုသိရသည်။

ဥက္ကဌ စဝ်ရွက်ဆစ်၊ ဒုဥက္ကဌ ၁ စဝ်စိုင်းရီ၊ စစ်ဦးစီးချုပ် စဝ်ခေငင်းတို့ဖြစ်ကြသည်။ (မှတ်ချက် ဒုဥက္ကဌ ၁ နေရာ အပြောင်းလဲ ရှိနိုင်ပါသည်။) RCSS အင်အားမှာ ၆၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုပါသည်။

ဤသို့ ၂ ဖွဲ့ကွဲနေသော SSA တောင်ပိုင်းနှင့်မြောက်ပိုင်းအား ပြန်လည်ပေါင်းစည်းရန် ၂၀၁၃ နောက်ပိုင်းမှစ၍ ကြိုးစားခဲ့ကြ သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဤသို့ပေါင်းစည်းရေး ဆောင်ရွက်ရာတွင် SSPP ၏တပ်ပေါင်းစုရေးရာဌာနမှူးစဝ် စိုင်းထူးက အရေးပါသောနေရာတွင်ပါဝင်သည်ဟုဆိုသည်။ စဝ်စိုင်းထူးသည် SSPP တွင် ဝါစဉ်အရ တတိယအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး RCSS မှစဝ်ရွက်ဆစ်၏ လေးစားခြင်းခံရသူဖြစ်သည်ဟုဆိုပါသည်။ သို့သော် SSA ၂ ဖွဲ့ပေါင်းစည်းရေးကား ယနေ့တိုင်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ ပေါင်းစည်းရေးကို လိုလားသူများရှိသကဲ့သို့ ပေါင်းစည်းရေးကို မလိုလားသူများ နှောက်ယှက်ဟန့်တားနေသူများ ရှိနေဟန်တူသည်။

အဆိုပါ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုတွင် RCSS /SSA သည် မူလက ခွန်ဆာနှင့်ပူးပေါင်းထားသည့်အားလျော်စွာ မူးယစ် ဆေးဝါး ဘိန်းကုန်သွယ်မှုတို့ဖြင့် နာမည်ပျက်ရှိသည်ဟုဆိုနိုင်ပါသည်။ ယနေ့ခေတ်ကာလ၌မူ UBO မှ ဟန်ညောင်ဝေနှင့် ပူးပေါင်းနိုင်ခြင်း NCA လက်မှတ်ထိုးရာ၌ ပါဝင်ခြင်းတို့ကြောင့် ယခုနောက်ပိုင်း၌ စဝ်ရွက်ဆစ်၏မူးယစ်ဆေးဝါးကိစ္စများအား အနောက်တိုင်းမှ သိပ်ပြောခြင်းမရှိတော့သည်ကိုတွေ့ရသည်။ ထို့ပြင် ဘန်ကောက်ပို့စ်ပါသတင်းအရ NCA လက်မှတ်ထိုးရာ တွင်ပါဝင်သည့် စဝ်ရွက်ဆစ်တို့ ဆွစ်ဇာလန်နိုင်ငံသို့ပင် ယခုလပိုင်းများ၌ အလည်အပတ်သွားသေးသည်ဟု ဆိုပါသည်။

● SSPP နှင့် TNLA
မြောက်ပိုင်းရှိ SSPP/SSA နှင့် PSLF/TNLA တို့မှာမူ ယေဘုယျဆက်ဆံရေးကောင်းမွန်သည်ဟုဆိုနိုင်ပါသည်။ TNLA စဖွဲ့ စက SSPP မှ အကူအညီများပေးခဲ့သည်ဟုဆိုသည်။ SSPP တပ်မဟာ ၁ ၌ရှိသော ပလောင်အရာရှိများအား TNLA သို့ စေလွှတ်၍ TNLA ၏အုပ်ချုပ်ရေး စီးပွားရေးကိစ္စများအား ကူညီခဲ့သည်ဟုဆိုသည်။ ထို့ပြင် TNLA စဖွဲ့စက SSPP/SSA မှ လက်နက်အချို့ အကူအညီပေးခဲ့သည်ဟုဆိုပါသည်။ TNLA စဖွဲ့ကထဲက မြောက်ပိုင်း SSA ဟုခေါ်သော SSPP/SSA နှင့် ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးရှိခဲ့သည်။

TNLA နှင့် နယ်မြေချင်းဆက်စပ်မှုရှိနေသည်မှာ SSPP တပ်မ ၉၉၉ လက်အောက်ခံ တပ်မဟာ ၁ နှင့် ၆၁၂ တို့ဖြစ်သည်။ UNFC တွင်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များ ညီလာခံတွင်လည်းကောင်း အတူတကွပါဝင်သည့် မဟာမိတ်များဖြစ်သည့်အားလျော်စွာ ညှိနှိုင်းဖြေရှင်းမှုပြုနိုင်ကြသည်။ ၂၀၁၄ အကုန်က SSPP တပ်များ မိုးမိတ် မိုးလိုအထက် ပိုင်းဝင်ရောက်လှုပ်ရှားရာတွင် KIA/TNLA တို့အားအကြောင်းကြား၍ သဘောတူညီမှုယူခဲ့သည်ဟုဆိုသည်။ တစုံတရာ ပြဿနာကြီးဖြစ်ပွားခြင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်းများမတွေ့ရပါ။

ဤသို့လက်နက်ကိုင်တပ်ဖွဲ့ချင်း နယ်မြေဆက်စပ်နေသောနေရာများတွင် အောက်ခြေတပ် ဖွဲ့ချင်းပဋိပက္ခဖြစ်ပွားတတ်သည် မှာ ထူးဆန်းသည့်ကိစ္စတော့မဟုတ်ပေ။ အထက်အဖွဲ့အစည်းချင်းပြေလည်ပါက ပြဿနာဖြေရှင်းနိုင်သည်သာဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung