ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သော်တာသစ် - ကျား၊ မ လူမှုရေးရာ (ဂျဲန်ဒါ) နှင့် ဘာသာစကား

 
သော်တာသစ်  - ကျား၊ မ လူမှုရေးရာ (ဂျဲန်ဒါ) နှင့် ဘာသာစကား
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆

(မိုးမခမဂ္ဂဇင်း မတ်လထုတ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး)

လူတို့၏ အတွေးအခေါ်နှင့် ခံစားချက်အမြင်တို့သည် ဘာသာစကားများအပေါ်တွင် သက်ရောက်လေ့ရှိသည်။  အကြောင်းမှာ ဘာသာစကား (အရေး၊ အပြော) မပေါ်ပေါက်မီကတည်းက လူသားတို့၏ အတွေးကား ရှေ့သို့အရင်ရောက်နှင့်သည်။  အမေရိကန်နိုင်ငံ City University of New York က ဒဿနိကပါမောက္ခ Jesse Prinz က သူ၏ Beyond Human Nature (လူသားသဘာဝ အလွန်) စာအုပ်တွင် အတွေးနှင့် ဘာသာစကားတို့ ဆက်စပ်မှုကို ရှင်းပြပါသည်။  တိတိကျကျ ရေရေရာရာ သတ်မှတ်ထားသည့် စကားလုံးဟူ၍ မည်ကာမတ္တမရှိခင်ကတည်းက လူသားတို့သည် မိမိဆန္ဒရှိသည့်အရာကို အတွေးနှင့် ပုံဖော်လေ့ရှိပါသည်။

ဥပမာ - ကာတွန်းစာအုပ်များ၊ ကာတွန်းကားများတွင် တွေ့ရလေ့ရှိသည့် အတွေးနှင့်ပုံဖော်ခြင်း (Bubble Thought) မျိုးကို ဆိုလိုပါသည်။  ဆိုကြပါစို့။  သရက်သီး စားချင်သည်ဟု တွေးလိုက်မိလျှင် အတွေးထဲတွင် မိမိသည် သရက်သီးကို ကိုင်နေ လျက်သော်လည်းကောင်း၊ သို့မဟုတ် စားနေလျက်သော်လည်းကောင်း၊ သို့မဟုတ် သရက်ပင်ကိုလည်းကောင်း၊ သို့မဟုတ် သရက်သီးကိုလည်းကောင်း တခုခုကို ပုံဖော်မြင်မိသည်။  ထို့အတူ ရန်ကုန်ကို သွားဦးမှပဲ၊ စစ်ကိုင်းကို သွားဦးမှပဲဟု တွေး လိုက်မိလျှင် ၎င်းတို့နှင့် သက်ဆိုင်စပ်ဆက်ပြီး မိမိအပေါ်လည်း လွှမ်းမိုးမှုရှိသည့် ပုံရိပ် - ဥပမာ - ရွှေတိဂုံဘုရား၊ စစ်ကိုင်း တံတား စသည်တို့သည် အာရုံတွင် ချက်ချင်း ဖြတ်ခနဲပေါ်၍ ဖြတ်ခနဲပျောက်သွားတတ်သည်။ ဆိုလိုသည်မှာ လူတို့၏ အ တွေးနှင့်အတူ အတွေးထဲတွင် ပုံရိပ်များ ကပ်ငြိပါလျက်ရှိသည်။ စိတ်အစဉ်အဟုန်နှင့် ရွေ့သလောက် ပုံရိပ်တို့မှာလည်း ကိုယ်တိုင်ပင် သတိမထားမိလောက်အောင် တဖျတ်ဖျတ် ပြောင်းလဲနေသည်။

Jesse Prinz ၏ အဆိုအရ အချစ်၊ အမုန်း၊ စေတနာ အစရှိသော ဒြပ်မဲ့ စိတ္တဇနာမ် ခံစားချက်များဖြစ်ပေါ်လျှင်မူ မိမိ လို လားတုံ့ပြန်လိုသော အမူအရာဖြင့် ပုံဖော်တတ်ကြသည်ဟု ဆိုသည်။  ဥပမာ - “မဖြူကို ချစ်လိုက်တာ” ဟု တွေးလိုက်မိလျှင် မဖြူ၏ ပြုံးနေသော မျက်နှာကိုလည်းကောင်း၊ သို့မဟုတ် မဖြူကို ပွေ့ဖက်နေပုံကိုလည်းကောင်း၊ သို့မဟုတ် မဖြူလက်က လေးကို ဆုပ်ကိုင်နေပုံမျိုးသော်လည်းကောင်း မြင်မိတတ်သည်။  “စေတနာရှိလိုက်တာ” ဟု တွေးလျှင်လည်း တဖက်သား၏ ညှိုးငယ်သောအသွင် သို့မဟုတ် သနားကမားအသွင်၊ သို့မဟုတ် မိမိက စေတနာရှိ၍ မုန့်ကျွေးမည် စိတ်ကူးထား၍ ကိုယ် ကျွေးသည့် မုန့်ကို သူစားနေပုံ အစရှိသဖြင့် အတွေးနှင့်အတူ ပုံရိပ်သည် ထပ်ချပ်မကွာ လိုက်လာသည်။

ထိုသို့ မနောသန္တာန်တွင် စွဲထင်သည့် အတွေးပုံရိပ်အတိုင်း ဘာသာစကား (အရေး) အတွက် အခြေခံ အက္ခရာများ မပေါ်ပေါက်ခင်က လူတို့သည် ရုပ်ပုံများဆွဲ၍ ဆက်သွယ်ပြောဆိုခဲ့ကြရလေသည်။  ထို့ကြောင့် ဘာသာစကားသည် အတွေးပုံရိပ်ကို ဖော်ပြရန် တီထွင်ထားသော စာလုံးများဖြစ်၍ လူသားတို့၏ ခံယူချက်မှာ ဘာသာစကားအပေါ်တွင် လွှမ်းမိုး မှုရှိသည်ဟု ဆိုရခြင်းဖြစ်သည်။  ခံစားချက်တို့သည် ဘာသာစကားအပေါ် ထင်ဟပ်သည့်နည်းတူ ဘာသာစကားနှင့်ဘာ သာဗေဒ ဆင့်ကဲတိုးတက်ဖြစ်စဉ်တို့နှင့်အတူ မွေးဖွားလိုက်သော စကားလုံးများနှင့် သဒ္ဒါနည်းကျ တည်ဆောက်ထားသော စာကြောင်းများက လူသားတို့၏ အတွေးကို အပြန်အလှန် ဘောင်သွင်းလာကြပြန်သည်။

လူတို့နေ့စဉ် ပြောဆို ဆက်သွယ် ရေးသားနေသော စကားလုံးများမှာ လူသားတို့၏ ခံစားချက်က ယိုစီးကျလာသည့်အတိုင်း စနစ်တကျ ပြဋ္ဌာန်းဖွဲ့စည်းထားပြီး၊ ထိုစကားလုံးတို့ကတဖန် လူသားတို့အကြား အသိပညာ (Knowledge) နှင့် ပါဝါအာဏာ (Power) တည်ဆောက်ပေးမည့် အနက်အဓိပ္ပာယ်ကို ထပ်မံပုံဖော်ကြလေသည်။  သဘောမှာ အတွေး၊ ခံစားချက်၊ ခံယူချက်တို့သည် ဘာသာစကားကို မွေးဖွားပေးပြီး ဘာသာစကားသည်လည်း အတွေးနှင့် ခံယူချက်တို့ကို ဘောင်သွင်းခြင်း ဖြစ်သည်။  ဘာသာစကား၊ လူသား ပါဝါအာဏာနှင့် အသိပညာ ဆက်စပ်မှုအကြောင်းကို ဖော်ထုတ်ရာတွင် ပြင်သစ်ဒဿန၊ လူမှုဗေဒနှင့် စာပေဝေဖန်ရေးပညာရှင် Michel Foucault က ထင်ရှားပါသည်။

ကျား၊ မ ခွဲခြားမှုသည် ဘာသာစကားအပေါ်တွင်လည်း သက်ရောက်သည်ဟု ဆိုနိုင်ပါသည်။  သည်နေရာတွင် ပြင်သစ်၊ ဂျာမန်၊ စပိန်၊ ဂရိ၊ အာရဗီ အစရှိသော ဘာသာစကားများတွင် ဝေါဟာရအပေါ် လိင်ခွဲခြားမှုအပြင်၊ ဝေါဟာရ၏ အနက်ကို ဆန့်ထုတ်ရာတွင်လည်း သည်အရာကတော့ ကျားတို့၏ သဘောနှင့် ကိုက်ညီသည်၊ သည်အရာကတော့ မ တို့၏ သဘာဝဖြစ်သည်ဟူ၍ ခွဲခြားခြင်းလည်းပါဝင်သည်။  အမျိုးသားနှင့် အမျိုးသမီးတို့သည် ခန္ဓာကိုယ်အားဖြင့် ၎င်းတို့ကိုယ်စီ ကိုယ်င ပိုင်ဆိုင်ထားသော လိင်ယုဂ်များ မတူညီကြပါ။  ကျား၊ မ လူမှုရေးရာ (ဂျဲန်ဒါ) ဆိုသည်မှာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများအပေါ် အခြေပြုကာ ပညတ်များ၊ စံသတ်မှတ်ချက်များ တည်ဆောက်၍ နဂိုကွဲပြားနေသော လိင်အပေါ်တွင် ထပ်မံခွဲခြားခြင်းဖြစ်သည်။

ဥပမာ - ဘာသာစကားတွင် “ပန်း”၊ “တောင်တန်း”၊ “နိုင်ငံ”၊ “တပ်မတော်”၊ “နေ”၊ “လ”၊ အစရှိသော စကားလုံးများသည် သူ့ချည်းသီးသန့်ဆိုလျှင် သာမန်နာမ်ပုဒ်မျှသာ ဖြစ်သည်။  သို့သော် လူတို့၏ အတွေးသည် စကားလုံးအပေါ်တွင် သက်ရောက်မှုရှိသည့်အတွက် ၎င်းတို့ ခံစားရှုမြင်သည့်အတိုင်း စကားလုံးများနှင့် ကိုယ်စားပြုသောအခါ အမိမြေ၊ မိခင်နိုင်ငံ၊ အဖတပ်မတော် အစရှိသဖြင့် သုံးစွဲကြသည်။  နားခိုရာ၊ ခိုလှုံရာ၊ နိုင်ငံသားတို့ကို မွေးဖွားပေးရာအဖြစ် “အမိမြေ”ဟု တင်စားခြင်းဖြစ်ပြီး အကာအကွယ်ပေးခြင်း၊ ရဲဝံ့စွန့်စားခြင်းစသည့် အမျိုးသားတို့၏ ဂုဏ်သတ္တိများနှင့် ပြည့်စုံရာဟု ညွှန်းဆိုလိုသဖြင့် “တပ်မတော်” ကို အမျိုးသားများနှင့်သာ သက်ဆိုင်သော နာမ်အဖြစ် မှတ်ယူကြသည်။

ထိုနည်းတူ ပန်းနာမည်များသည် အမျိုးသမီးများအတွက် မှည့်ခေါ်စရာအမည်နာမဖြစ်လာတတ်သည်။ မစံပယ်၊ မခွာညို၊ မနှင်းဆီ အစရှိသဖြင့် ကိုယ်စားပြုကြသည်။  အမျိုးသားအမည် “မြတ်လေး” ဟု ပေးသည်မျိုးမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။  အလားတူ နေမင်းကို ကိုယ်စားပြုသည့် “သူရိန်”၊ ထို့ပြင် “အာကာ”၊ “ဝေယံ”၊ “ဝေဟင်”၊ “ရဲ” စသည်တို့သည် အမျိုးသား တို့အတွက် သီးသန့်ဖြစ်သကဲ့သို့ “စန္ဒာ”၊ “သီတာ” တို့သည်လည်း အမျိုးသမီးများအတွက် သီးသန့်မှတ်ခေါ် စရာဖြစ်သည်။

အရာဝတ္ထုအပေါ် ကျား၊ မ ခွဲခြား၍ ကိုယ်စားပြုရှုမြင်ပုံမှာ လူမျိုးတမျိုးနှင့်တမျိုး ကွာခြားနိုင်ပါသည်။  ဥပမာ - “နေ” ကို ဂရိ၊ ပြင်သစ်၊ စပိန် အစရှိသော နိုင်ငံများတွင် ပုလ္လိင်အဖြစ် သတ်မှတ်ထားပြီး “လ” ကို ဣထိလိင်အဖြစ် သတ်မှတ်ထားသည်။  အကြောင်းမှာ နေသည် ပို၍ အစွမ်းကုန်ထွန်းလင်းတောက်ပနိုင်စွမ်းရှိပြီး လမှာ နေက ပေးသော အလင်းဓာတ်ဖြင့်သာ ပြန်လည် ထွန်းလင်းရသည်။  သည်သဘောဖြင့် စကားလုံးအပေါ် လိင်ခွဲခြားခြင်း ဖြစ်တန်ရာ၏ဟု သုတေသီတို့ ယူဆခဲ့ကြ သည်။  သို့သော် ဂျာမန်နှင့် အာရဗီဘာသာစကားတို့တွင် “နေ” သည် ဣထိလိင်ဖြစ်၍ “လ” မှာ ပုလ္လိင်ဖြစ်သည်။ ၎င်းတို့၏ အတွေးတွင် “နေ” ကို မိခင်နှင့် ကိုယ်စားပြုပြီး မိခင်သည် ကမ္ဘာလောကကို အလင်းပြသူ၊ နေ့စဉ် ထွန်းလင်း၍ လမ်းပြ ဆောင်ကြဉ်းသူဟူသော သဘောဖြင့် ဣထိလိင်အဖြစ် သတ်မှတ်ဟန်ရှိပြီး “လ” မှာ နေလောက် မထွန်းလင်း၊ တခါတရံ ပျောက်၍ပင်သွားသည်၊ အမျိုးသားတို့၏ သဘောနှင့်တူညီသယောင်ဟူသော အယူဖြင့် ပုလ္လိင်အဖြစ် ခွဲခြားခဲ့ဟန်တူသည်ဟု မှတ်ယူကြပါသည်။

ဝေါဟာရအပေါ် ကျား၊ မ ခွဲခြားသော အခြားနည်းတခုမှာ အသံထွက်ရာတွင် အသံသာခြင်း၊ အသံပြတ်ခြင်း၊ အသံတိုခြင်း၊ ရှည်ခြင်း၊ မာခြင်း၊ ပျော့ခြင်းအပေါ် မူတည်၍ ခွဲခြားခြင်းဖြစ်သည်။  ဥပမာ - ပြင်သစ်ဘာသာစကားတွင် (le féminisme) ၏ အဓိပ္ပာယ်မှာ ဣတ္ထိလိင်ဟု ဆိုသော်လည်း အသံထွက်ရာတွင် အသံကိုဖိ၍တိုတိုပြတ်ပြတ် ထွက်ရခြင်းကြောင့် ၎င်းသည် ပုလ္လိင်နာမ်ဖြစ်သည်။  ထိုနည်းတူ (la masculinité) သည် ပုလ္လိင်ဟု အဓိပ္ပာယ်ရသော်လည်း သူ့ကို သဒ္ဓါနည်းအရ ဣတ္ထိလိင်နာမ်အဖြစ် စာရင်းသွင်းသည်။  အသံထွက်ရှည်ကာ အဆုံးသတ်သည် “အေး” သံဖြင့် ထွက်၍ အသံသာခြင်း ကြောင့်ဖြစ်သည်။

အသံထွက်၊ လေယူလေသိမ်းနှင့် စကားအဖြတ်အတောက်တို့ကို လေ့လာရာတွင် ချိုသာသိမ်မွေ့မှုကို အမျိုးသမီးများ၏ ဂုဏ်ပုဒ်ဟု သတ်မှတ်ထားသကဲ့သို့ မာကြောခြင်း၊ ပြတ်သားခြင်းကို အမျိုးသားတို့၏ မူပိုင်ဟန်အဖြစ် ခွဲခြားကာ မှတ်ယူကြသည်။  အမျိုးသမီးတို့သည် လူအများရှေ့တွင် စကားပြောလျှင် “ကျေးဇူးပြု၍” ဆိုသည်လိုမျိုး မကြာခဏသုံး တတ်ကာ လေပြေလေအေးနှင့် ဆိုတတ်ပြီး၊ (မြန်မာလူမှုနယ်ပယ်တွင်မူ “နော်”၊ “ပေါ့နော်” ဟု စကားအဆုံးသတ်တွင် ထည့်ပြောတတ်သည်)၊ တခါတရံတွင် အမေးစကား “ဟုတ်တယ် မဟုတ်လား”၊ “မဟုတ်ဘူးလား” စသည်တို့ဖြင့် အဆုံးသတ်တတ်ကြောင်း၊ စကားအလှတန်ဆာများ သုံး၍ ပြောတတ်ကြောင်း သုတေသနရလဒ်များက ဆိုသည်။

အမျိုးသားများကမူ ပို၍ပြတ်ပြတ်သားသားဖြစ်သည့် အဓိပ္ပာယ်မျိုးဆောင်သည့် စကားမျိုးသာ ဆိုတတ်ပြီး စကားပြောဆိုရာ တွင်လည်း စာကြောင်းတိုများသုံး၍ ရှင်းရှင်းလင်းလင်း ပြောဆိုသည်။  သုတေသနရလဒ်များက ဤသို့ထွက်ဆိုနေရခြင်းမှာ အမျိုးသား၊ အမျိုးသမီး လိင်ကွဲပြားမှုကြောင့် သူတို့ ပြောဆိုသည့်ဟန်ပန် ကွာခြားရခြင်း မဟုတ်ဘဲ စကားပြောဆိုရာတွင် မည်သို့ပြောဆိုသင့်သည်ကို လူ့အသိုင်းအ၀ိုင်းက ၎င်းတို့ငယ်စဉ်ကတည်းက ပုံစံခွက်ချ၍ သီးခြားစီ ပျိုးထောင်လိုက်ခြင်း ကြောင့် ဖြစ်သည်။

ထို့ပြင် လူသားတို့ မွေးဖွားလိုက်သော ဘာသာစကားတို့သည် လူသားတို့၏ အတွေး (အထူးသဖြင့် ကျား၊ မ ခွဲခြားမှု) ကို ပို၍ ခိုင်မြဲအောင် တွန်းအားပေးတတ်သေးသည်။  ဥပမာ - ဂုဏ်ရည်ပြနာမ၀ိသေသနဖြစ်သော “လှသော”၊ “ချစ်စရာကောင်းသော” ဆိုသည့်စကားလုံးမှာ အမျိုးသမီးများ၏ ရူပကာကို ဖော်ကျူးရာတွင် အသုံးပြုပြီး “ခန့်ညားသော”၊ “တည်ကြည်သော” စသည်တို့မှာ အမျိုးသားများကို ညွှန်းဆိုရန်အတွက် ဖြစ်သည်။  ထိုမှတဆင့် “ဖက်ပေါ် ဆူးကျရင်လည်း ဖက်ပဲ ပေါက်တယ်၊ ဆူးပေါ် ဖက်ကျရင်လည်း ဖက်ပဲ ပေါက်တယ်” ဆိုသော ဆိုရိုးများ၊ “သွေးနုသားနု ဒီမိုကရေစီ”၊ “အပျိုစင် ကျွန်း”၊ “အပျိုရည်ပျက်သွားသော မန္တလေးမြို့” စသော အသုံးအနှုန်းများနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ချစ်တင်းနှောသည့် ဇာတ်ဝင် ခန်းတွင် ပန်းကို ပျားက ၀တ်ရည်စုပ်သည့် သဏ္ဌာန်၊ ပန်းကို ခြေမွလိုက်သည့် သဏ္ဌာန်၊ ဖန်ခွက်၊ ပန်းအိုး ကျကွဲသည့် သဏ္ဌာန် တို့ဖြင့် နိမိတ်ပုံဆောင်လျက် အမျိုးသမီးတို့ကို ခွန်အားမဲ့သော အပြုခံ၊ ပြဋ္ဌာန်းခံအနေအထားကို ပိုမိုခိုင်မြဲစေအောင် တွန်းပို့ကြသည်။  တဦးနှင့် တဦး ရိုင်းပျစွာဆဲဆိုသည့် စကားလုံးများတွင်ပါ အမျိုးသမီးတို့၏ အသရေကို ထိခိုက်အောင် ပြုမူကြသည်။  အမျိုးသားအချင်းချင်း ဆဲဆိုသည်ဖြစ်စေ၊ အမျိုးသမီးအချင်းချင်း ဆဲဆိုသည် ဖြစ်စေ၊ ဆဲဆိုသော စကားအများစုတွင် အမေ၊ နှမ ကိုင်တုပ်ခြင်း၊ အမျိုးသမီး၏ လိင်ပိုင်းဆိုင်ရာကို စော်ကားခြင်းကသာ များလေသည်။

ဝေါဟာရအပေါ် လိင်ခွဲခြားမှုသည် အမျိုးသား၊ အမျိုးသမီးတို့၏ ရပ်တည်မှုအပေါ်ကိုပါ ထိပါးသက်ရောက်စေသည်။  ဥပမာ - ပြင်သစ်စကားတွင် “le professeur” (professor/ စာသင်ကြားသူ)၊ "le médecin" (physician/ဆရာဝန်)၊ "le policier" (police/ရဲ) စသည့်နာမ်များမှာ ပုလ္လိင်များသာဖြစ်သည်။  အမျိုးသားနှင့် အများစုသက်ဆိုင်ကြောင်း သဘောသက်ရောက်သည်။ ထို့ပြင် အင်္ဂလိပ်တွင် “Governor” သည် အုပ်ချုပ်သူ ဘုရင်ခံဟု အဓိပ္ပာယ်ရပြီး “Governess” သည် ကလေးသူငယ်ကို အနီးကပ် စောင့်ရှောက်သင်ကြားသူ ဖြစ်သည်။  “Gentlemen” သည် ဂုဏ်သရေရှိလူကြီးမင်း ဖြစ်သော်လည်း “lady” ဆိုသော အသုံးမှာ (၁၇)ရာစုက ပြည့်တန်ဆာများကို ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။  နောက်ပိုင်းတွင် ဂုဏ်သရေရှိ အမျိုးသမီးအဖြစ် တင်စားသုံးနှုန်းသော်လည်း ထိုစကားလုံးသည် အဆင့်မြင့်အလွှာကို အစဉ်အမြဲ မညွှန်းဆိုနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် “cleaning lady” ကဲ့သို့သော ခေါ်ဝေါ်မှုများရှိနေပြီး “cleaning gentlemen” မရှိသောကြောင့် ဖြစ်သည်။  “Statesman”၊ “Businessmen”၊ “Chairman” စသောစကားလုံးများသည်လည်း အမျိုးသားအုပ်စိုးမှု ပံ့ပိုးပေးနေပါသည်။

ကနေဒါနှင့် ဥရောပမြောက်ပိုင်းနိုင်ငံများသည် လိင်ခွဲခြားမှု ပြင်းထန်သော ဘာသာစကား အသုံးအနှုန်းများအကြောင်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏  (၂၄) ကြိမ်မြောက် အထွေထွေညီလာခံ (၁၉၈၇) တွင် စတင် တင်ပြဆွေးနွေးခဲ့ကြသည်။  ထို့နောက် ယူနက်စကိုအဖွဲ့၏ (၂၅) ကြိမ်မြောက် (၁၉၈၉)၊ (၂၆) ကြိမ်မြောက် (၁၉၉၁) နှင့် (၂၈) ကြိမ်မြောက် (၁၉၉၅) ခုနှစ်တို့တွင် ကျား၊ မ ခွဲခြားမှုကိုဖြစ်စေသော စကားလုံးများ မသုံးစွဲရေးနှင့် ၎င်းတို့အစား သင့်တော်မည့် အခြားစကားလုံးများကို အဆိုပြုခြင်းတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ဥပမာ- လူသားဟု ညွှန်းဆိုရာတွင် “Mankind” ဟူသော စကားလုံးအစား “People”၊ “Human beings”၊ “Men and women”၊ “Humankind” ဟူ၍လည်းကောင်း၊ လူ့စွမ်းအားအတွက် “Manpower” စကားလုံးအစား “Labour”၊ “Human power”၊ “Human Resources”၊ “Human Energy” ဟူ၍ လည်းကောင်း၊ ဥက္ကဌဟု ဆိုရာတွင် “Chairman” အစား “Chair”၊ “Chairperson” ဟူ၍လည်းကောင်း၊ ဓာတ်ပုံဆရာ “Camera man” အစား “Photographer” ဟုလည်းကောင်း၊ ပြောရေးဆိုခွင့်ရှိသူ “Spokeman” အစား “Spokeperson” ဟုလည်းကောင်း၊ အရောင်းစာရေး “Salesman/girl” အစား “Shop Assistant”၊ “Sales Assistant” ဟူ၍လည်းကောင်း၊ နိုင်ငံပြုပုဂ္ဂိုလ် “Statesman” အစား “Political leader” ဟူ၍လည်းကောင်း စသဖြင့် အစားထိုးစကားလုံးများသုံးစွဲရန် အကြံပြုခဲ့ကြသည်။

ဥရောပနိုင်ငံများ၏ လိင်ခွဲခြားမှုရှိသော ဘာသာစကားများတွင် ပြင်သစ်နိုင်ငံသည်လည်း ကျား၊ မ တန်းတူညီမျှရေးကို ရှေးရှု၍ ဘာသာစကားပြုပြင် ပြောင်းလဲမှု ရှေ့ဆောင်ပြုခဲ့သော နိုင်ငံများတွင် တခုအပါအ၀င်ဖြစ်သည်။  ၁၉၈၃ ခုနှစ်တွင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် နာမ်များတွင် ကျား၊ မ ခွဲခြားမှုမရှိစေရေး ဆောင်ရွက်ရန်အတွက် အစိုးရကော်မရှင် စတင်ဖွဲ့စည်းခဲ့သည်။  ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ၀န်ကြီး အိဗက်ရူဒီ (Yvette Roudy) က ကော်မရှင်ကို ဦးဆောင်ပြီး ပြင်သစ်ဣတ္ထိယ၀ါဒီစာရေးဆရာမ ဘန်နွိုက်ဂရော့ (Benoîte Groult) တို့ ပူးပေါင်းပါဝင်ကာ ပုလ္လိင်အဖြစ် သတ်မှတ်ထားသော အလုပ်အကိုင်များကို ဣတ္ထိယတို့နှင့်လည်း သက်ဆိုင်မှုရှိစေရန် ကြံဆခဲ့ကြသည်။  ကော်မရှင်က အဆိုပြုခဲ့ရာတွင် ဂျဲန်ဒါနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော နာမ်များ (Double Gender Nouns) နှင့် ဘာသာစကားအရင်းအမြစ်အပေါ် အခြေပြု၍ ကြံဆခြင်း (Derivations) တို့ပါဝင်သည်။

ဥပမာ - ဂျဲန်ဒါနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော နာမ်များဟု ဆိုရာတွင် “Professeur” (ပေါမောက္ခ/စာသင်ကြားသူ) နှင့် “Journaliste” (ဂျာနယ်လစ်) အစရှိသည်တို့ကို ပုလ္လိင်နာမ်များအဖြစ် သတ်မှတ်ပြီး ပုလ္လိင်ဆိုင်ရာ တခု၊ တကောင်၊ တယောက် အညွှန်းနာမ၀ိသေသန(Article) ဖြစ်သော  “Le"နှင့် ပူးတွဲ၍ “Le Professeur”၊ “Le Journaliste” ဟု သုံးနေခြင်းကို ဣတ္ထိလိင်ဆိုင်ရာအညွှန်းနာမ၀ိသေသနဖြစ်သော “La” နှင့်ပါ တွဲဖက်ကာ “La Professeur”၊ “La Journaliste” ဟူ၍ သုံးစေခြင်းဖြင့် စကားလုံးတလုံးတည်းကို လိင်နှစ်မျိုးစလုံးနှင့် သက်ဆိုင်အောင် စီမံခြင်းမျိုးဖြစ်သည်။ ဘာသာစကားအရင်းအမြစ်အပေါ် အခြေပြု၍ ကြံဆခြင်းတွင် လိင်နှစ်မျိုးစလုံးအတွက် ဝေါဟာရနှစ်မျိုးရှိအောင် တီထွင်ခြင်းကို ဆိုလိုပါသည်။

ဥပမာ - ကိုယ်စားလှယ်ဟူသော အလုပ်အကိုင်အတွက် “le délégué” (ပုလ္လိင်)၊ “la déléguée” (ဣတ္ထိလိင်) ဟူ၍လည်းကောင်း၊ သုတေသီဟူသော အလုပ်အကိုင်အတွက် “le chercheur” (ပုလ္လိင်)၊ “la chercheuse” (ဣတ္ထိလိင်) ဟူ၍လည်းကောင်း ကွဲပြားကြသည့်အတိုင်း မရှိသေးသော စကားလုံးများအတွက်လည်း ထပ်မံ ဖန်တီးခြင်းဖြစ်သည်။

မြန်မာဘာသာစကားတွင်မူ “အမျိုးသား” နှင့် “ပြည်သူ” ဟူသော ဝေါဟာရနှင့်စပ်လျဉ်း၍ ဆန့်ထုတ်တွေးမိပါသည်။  ပြည်သူပြည်သားဟူသော စကားရပ်ရှိပါလျက်နှင့် အုပ်ချုပ်ခံလူတန်းစားကို “ပြည်သူ” (အမနာမ်) အဖြစ်သာ သုံးစွဲရန် အားသန်ကြခြင်းနှင့်၊ “အမျိုးသားလွှတ်တော်”၊ “အမျိုးသားမဟာဗျူဟာ”၊ “အမျိုးသားညီလာခံ” အစရှိသည်တို့တွင် တနိုင်ငံလုံးရှိလူထုတရပ်လုံးကို လွှမ်းခြုံသက်ဆိုင်စေရန်နှင့် အမျိုးသားတို့ဦးဆောင်မှုများခြင်းကို ပြသရန် “အမျိုးသား” ဟူ၍ သုံးစွဲကြခြင်းပေလောဟု အတွေးဖြစ်မိပါသည်။  အထူးသဖြင့် (National Registeration Card) ကို နိုင်ငံသားစိစစ်ရေးကတ်ပြားဟု ပညတ်ထားရှိသော်လည်း ကတ်ပြားနံပါတ်မေးလျှင် “အမျိုးသားမှတ်ပုံတင်နံပါတ်” ဟုသာ အများအားဖြင့် ညွှန်းဆိုကြလေ့ရှိသည်။

ဆရာမောင်ခင်မင်(ဓနုဖြူ)၏ “အနက်တခုထက် ပို၍” ဆောင်းပါးတွင် အချို့သော ဝေါဟာရတို့၏ အနက်မှာ အကျဉ်း၊ အကျယ်လိုက်၍ တခုထက် အဓိပ္ပာယ်ပိုနိုင်ပါသည်ဟု ဆိုပါသည်။ ဥပမာ - ဆရာ ဟူသော အသုံးသည် ဆရာ၊ ဆရာမ နှစ်မျိုးစလုံးကို လွှမ်းခြုံမှုရှိသော အသုံး၊ အမျိုးသားဟူသော အသုံးသည်လည်း နိုင်ငံသားအားလုံးကို ညွှန်းဆိုသော အသုံး “အကျယ်” အဖြစ်ရှိသလို တဖက်ကလည်း ယောက်ျားများကိုသာ အထူးပြုသော အသုံး “အကျဉ်း” အဖြစ်လည်း ရှိနိုင်သည်ဟု ဆိုပါသည်။

အညွန်းခံရသည့်အရာသည် မည်သည့်သဘောကြောင့် အသုံး”အကျယ်” တွင် အကျုံးဝင်နေရသနည်း။  ဘာသာစကားဟူ သည် ဆိုခဲ့သည့်အတိုင်း လူတို့၏ တွေးတောယူဆချက်၊ ခံယူချက်၊ လူမှုနှင့် ယဉ်ကျေးမှုအမြင်များအပေါ်တွင် အခြေခံထားသည့်အတွက် ဝေါဟာရများ၏ အနက်ကို ဖွင့်ဆိုရာတွင် အနက်အဓိပ္ပာယ်အကျုံးဝင်မှု (hyponymy) ကို အသေးစိတ်လေ့လာသင့်ပါသည်။

သော်တာသစ်

မှီငြမ်း :

1. Burr, E. (2003). Gender and language politics in France. In M. Helinger, Gender across languages III: The de/construction of gender through language variation and change (pp. 119-139). Amsterdam: Benjamins.
2. Muses, C. (1999). Lionpath: The shamanic Lionpath for the Twenty-First Century . Retrieved from Why the Sun is Feminine and the Moon Masculine: http://www.lionpath.net/zwoelf.html
3. Prinz, J. (2012). Beyond Human Nature: . UK: Penguin.
4. UNESCO. (1999). Guidelines on Gender Neutral Langauge. Paris: the Unit for the Promotion of the Status of Women and Gender Equality, UNESCO.

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၃)၊ မတ်လ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)