ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - စလုံးရေးစ



ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - စလုံးရေးစ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၆


ချစ်သူငယ်ချင်းတို့ရေ…

မနေ့ကမှ အလွန်စိတ်ဝင်စားဖို့ကောင်း၊ လေ့လာအတုယူစရာတွေ များပြားလှတဲ့ စကန်ဒီနဗီအန် (Scandinavian) ခေါ် နော်ဒစ်ဒ် (Nordic) နိုင်ငံတွေက ပြန်ရောက်ခဲ့တယ်။ နောက်မှ သွားရောက်လည်ပတ်ခဲ့တဲ့ အဲဒီနိုင်ငံတွေမှာ တွေ့ခဲ့မြင်ခဲ့ရတဲ့ အံ့မခန်းတိုးတက်မှုတွေကို ပြောပြတော့မယ်။

အခုတော့ အတိုင်းထက်အလွန် ဝမ်းသာကြည်နူး ပျော်ရွှင်နေကြတဲ့ မင်းတို့၊ နိုင်ငံသူနိုင်ငံသားတွေနဲ့အတူ ပြည်သူ့အစိုးရသစ်ကို အဝေးမြေကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ် (မနက်ဖြန် ဒီမှာရှိတဲ့ ရဲဘော်ရောင်းရင်းတွေနဲ့ အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲလုပ်ဖို့ရှိတယ်)။ ဒီနေ့ ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ တယောက်ပြီးတယောက် Congratulation လာလုပ်၊ သူတို့ဖတ်ရတွေ့ရတဲ့ နိုင်ငံတကာသတင်းတွေကို လာပြော၊ သိချင်တာတွေလာမေးနဲ့ တနေကုန် ဘာအလုပ်မှ မလုပ်ဖြစ်ဘူး။ မင်းတို့လည်း သတင်းတွေမှာ ဖတ်ရမှာပါ … ဒို့ပြည်သူတွေနဲ့အတူ ကမ္ဘာ့ပြည်သူပြည်သားအပေါင်း ဒို့နိုင်ငံရဲ့  သမိုင်းဝင် အပြောင်းအလဲအတွက် ဝမ်းမြောက်ဂုဏ်ယူနေကြတယ်ဆိုတာတွေ။

ဒါနဲ့… အခု ခေတ်သစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကိုကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခဲ့တဲ့ လွတ်လပ်ရေးအကြို မိန့်ခွန်းကို ပြန်သတိရမိတယ်။ ဗိုလ်ချုပ်ပြောသွားတာ မင်းတို့ မှတ်မိမှာပေါ့ “လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျနော် ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။” ဆိုပြီး အပျော်ကြိုက်၊ စိတ်လွတ်ကိုယ်လွတ် စည်းမဲကမ်းမဲ့ ပြုကျင့်ကြ၊ အလွယ်လိုက်ကြတဲ့ ဒို့လူမျိုးအကျင့်ဆိုးကို လွတ်လပ်ရေးကို ဘယ်လောက် သွေးချွေးအသက်တွေ ရင်းနှီးခဲ့ရ၊ ဘာတွေ ဆက်လက်ပေးဆပ် လုပ်ဖို့ကို ပွင့်ပွင့်လင်းလင်း သတိပေးပြောဆိုခဲ့တာ။

ဗိုလ်ချုပ်ပြောခဲ့ချိန်ထက် အခုက ပိုဆိုးနေသလို … နှစ်ပေါင်း (၆၀) နီးပါး စစ်အာဏာရှင် ချုပ်ပိတ်ထားခဲ့တဲ့ အမှောင်တိုက်ထဲမှာ ဒို့တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကောက်ကျပြီး လူတွေ အတော်လေး ဆင်းရဲဒုက္ခရောက်ခဲ့ကြသလို။ အဆိုးဆုံးက ခေါင်ကမလုံ … အုပ်ချုပ်မင်းလုပ်သူတွေက လောဘ၊ ဒေါသ ဖောက်ပြန်ခြစားမှုတွေနဲ့ ဒုက္ခဝဲဂယက်ထဲ နစ်မြုပ်နစ်မွန်းခဲ့တဲ့ လူထုကိုပါ စိတ်ပိုင်းဆိုင်ရာ ညစ်ထေးမှုတွေ စွန်းထင်းခဲ့တာကြောင့် ပြည်သူတွေလည်း “အူမ မတောင့်လို့ သီလမစောင့်နိုင်” အကျင့်သီလတွေပျက်၊ တော်တော်လေး စည်းမဲ့ကမ်းမဲ့ ဖြစ်ခဲ့ကြတာကို ငြင်းဖို့ခက်တယ်။

ဗိုလ်ချုပ်ပြောခဲ့သလို “လူတကာသွားတဲ့ လမ်းမပေါ် ဆေးတွေလှန်းကြ” … စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ၊ လမ်းဘေး သေးပေါက်ချေးပါ၊ လူမြင်ကွင်းမှာ ဟိရီသြတ္တပ္ပကင်းမဲ့ မဖွယ်မရာ ထင်ရာစိုင်း လုပ်ကြတာတွေကို ဒို့နိုင်ငံ ဒို့ပြည်သူတွေကြားမှာ တွေ့နိုင်တယ်။ ဒီအကျင့်ဆိုးတွေ ပြုပြင်ဖို့ အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုက်တွန်း၊ ကိုယ်တိုင်ထွက် အမှိုက်ကောက်တာတွေ လုပ်ပြခဲ့ပြီးတော့ ဒို့ပြည်သူတွေ တဦးချင်း၊ ကိုယ့်လမ်း၊ ကိုယ့်ရွာ ရပ်ကွက်မြို့ အလိုက် ဒါမျိုးလေးတွေတော့ ဖြေရှင်းလုပ်ကိုင်သွားနိုင်တဲ့လို့ လမ်းပြခဲ့တယ်။ ဒါကြောင့် လုပ်စရာတွေ တောင်ပုံယာပုံ လုပ်ရ၊ ပြဿနာ သောင်းခြောက်ထောင်ကို ဖြေရှင်းရမယ့် အစိုးရသစ်ကို အကုန်တောင်းဆို စောင့်မျှော်မနေသင့်ဘူး။ ပြီးတော့ ကောက်ရိုးမီး မဖြစ်ဖို့။

ငါတို့တတွေ တန်းဖိုးမဖြတ်နိုင်၊ မေ့မရနိုင်တဲ့ ပေးဆပ်မှုတွေနဲ့ ရရှိခဲ့တဲ့ ဒီပူပူနွေးနွေး အခွင့်အရေးကို ကိုယ်စွမ်းဥာဏ်စွမ်းအပြည့်နဲ့ (နောက်ကောက်ကျနေတဲ့) ဒို့တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း မိန့်ဆိုခဲ့တဲ့အတိုင်း “အတော့်ကို ကုန်းရုန်းလုပ်နိုင်မှ .. သုညကစပြီး အကုန်ပြန်ပြီးတော့ လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေ ခြေလှမ်းတလှမ်းလှမ်းရင် ကျနော်တို့က ခြေလှမ်း ငါးလှမ်း၊ ဆယ်လှမ်း လိုက်လှမ်းနိုင်မှ ... နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်မှ ညီတူတန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။”

တိုင်းချစ်ပြည်ချစ် ဗိုလ်ချုပ်အောင်ဆန်း ဒီလောက်ပြောခဲ့တဲ့ကြားက ဒို့နိုင်ငံ ဖရိုဖရဲ အခြေအနေ ရောက်ခဲ့တာ … လွတ်လပ်ရေးရတာနဲ့ တိုင်းရင်းသားတွေက သူတလူငါတမင်း ကွဲပြားမှုတွေဖြစ်ခဲ့၊ လွတ်လပ်ပြီးကာလမှာ ကိုလိုနီနယ်ချဲ့ ကို အသက်ပေး ရဲဘော်ရဲဘက်တွေ သွေးကွဲ၊ အာဏာရပါတီ အစိုးရတွင်းမှာ နိုင်ငံရေးအာဏာ ခြစားမှုတွေ၊ နောက်ကျောဒါးထိုးမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ၊ လက်နက်ကိုင်ပဋိပက္ခ စစ်မီးလျှုံတွေကြောင့် တိုင်းပြည် အစိတ်စိတ်အမြွာမြွာ ဖြစ်လာတဲ့ အခြေအနေကို ဒါးထမ်းသေနတ်ကိုင်ပြီး စောင့်ကြည့်နေတဲ့ ဗိုလ်နေဝင်း နဲ့ အခွင့်အရေးသမား သူ့နောက်လိုက်တွေ ရယူခဲ့တယ် မဟုတ်လား။ အဲဒီအချိန်ကစပြီး ဒို့ခြေလှမ်းတွေ ရပ်ဆိုင်း၊ ချုပ်နှောင်းခံရတယ်။

ပြီးတော့ ဒို့တတွေ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် အာဏာရှင်အဆက်ဆက်ရဲ့  ကိုယ်ကျိုးကြည့်၊ ဥာဏ်မဲ့လုပ်ရပ်တွေကြောင့် ဒို့တိုင်းပြည် … တချိန်က အာရှကျားဖြစ်မယ့် … နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်ပျက်စီးဆုံးရှုံး ကမ္ဘာ့အောက်ဆုံးအဆင့်ကို ရောက်ခဲ့ပြီး၊ လူတကာ တံတွေးခွက်ထဲ နစ်မွန်းခဲ့တဲ့ ဒို့ပြည်သူတွေ မပြောနဲ့ ကိုယ်ပိုင်အသိဥာဏ်၊ အစွမ်းအစနဲ့ ဘာမှမလုပ်တတ် ရှိသမျှ သယံဇာတတွေ (ဦးသိန်းစိန် စီးပွားရေးအကြံပေးတယောက်ရဲ့  မှတ်သားစရာ ဖြေရှင်းချက်က … ကျိန်စာသင့်နေတဲ့ သယံဇာတတွေ) ကို ထုတ်ရောင်းပြီး ကိုယ့်လူမျိုးကို ဗိုလ်ကျခဲ့တဲ့ အာဏာရှင်တွေတောင် တရုတ်ကြီးကို မျက်နှာချိုသွေးရ၊ မြောက်ကိုရီးယားကို ခိုးတွေ့ရ၊ အာဆီယံ နိုင်ငံတွေ၊ လူတကာကို အောက်ကျို့ ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ နိုင်ငံ၊ ခေါင်းဆောင်တွေ ဖြစ်ခဲ့တယ်။

ပြန်ပြောမယ်ဆိုရင် အခု စစ်အာဏာရှင်တွေ စွန့်ပစ်ခဲ့တဲ့ ငါတို့ လက်ဝယ်ရရှိတဲ့ တိုင်းပြည်အခြေအနေက အင်္ဂလိပ် ထားရစ်ခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေထက် အဆပေါင်းများစွာ ဆိုးဝါးတယ်ဆိုတာ မင်းတို့အမြင်ပဲ။ နောက်ပြီး ဒို့လက်ဝယ် ရရှိမှုက တင်းပြည့်ကျပ်ပြည့် မဟုတ်ဘူးဆိုတာ အားလုံးအသိ။ တိုင်းကျိုးပြည်ကျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ တပ်မတော် (ဘဝရှင်မင်းတရားကြီး အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေတဲ့ ၂၅% တပ်မတော်ကိုယ်စားလှယ်တွေ) က ဒို့ပြည်သူတွေနဲ့အတူ မရှိသေးဘူး။ ဘာမှ ပူးပေါင်းဆောင်ရွက်လိုမှုကို မတွေ့ရသေးဘူး … သူတို့အနေအထားက ပြန်ပေးဆွဲထားတဲ့ အကြမ်းဖက်သမားတွေနဲ့ အပေးအယူ လုပ်နေရသလို။ အစိုးရသစ် ဖြေရှင်းလုပ်ကိုင်ရမယ့် ပြဿနာတွေက ရှိတဲ့အင်အားနဲ့မမျှ ရှိနေတယ်။ ဒို့ပြည်သူတွေ အခုမှ သဲထိတ်ရင်ဖို ဇာတ်လမ်းကြီးကို ကြည့်ရတော့မလို …

ဒီတော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရအနေနဲ့ ကတိပေးပြောဆိုထားတဲ့အတိုင်း ရာနှုန်းပြည့် အဂတိ ခြစားမှုကင်းရှင်း၊ အစိုးရ ပါတီအတွင်း ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ ဦးစားပေး ဖြေရှင်းရမယ့် (တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး - အမျိုးသားရင်ကြားစေ့၊ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး) အလုပ်တွေကို သတိ၊ ကံဥာဏ်ဝီရိယ၊ ပြည်သူတွေ ဝိုင်းဝန်းပံ့ပိုးမှုနဲ့ ကုန်ရုံးလုပ်မှ တော်ရုံကြမယ်။

အဲဒီလို မလုပ်နိုင်ဘဲ ဦးနုအစိုးရလို ဖရိုဖရဲဖြစ် … မျက်ဖြူဆိုက် ဆရာကြီးအကြိုက်ဖြစ် … ကိုယ်ကျိုးကြည့် အခွင့်အရေးသမားတွေ (ဒလန် သူလျှို လက်ပါးစေ) ခြေထိုးဖန်တီးလာနိုင်တဲ့ ထောက်ချောက်၊ လှည့်ကွက်၊ သွေးထိုးမှု (ဘာသာရေး၊ လူမျိုးရေး) တွေကြောင့် နိုင်ငံရေးသမားတွေ ခြေလှမ်းမှား၊ မတူကွဲပြား ဒို့တိုင်းရင်းသားတွေ အမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးတွေ မတည်ဆောက်နိုင်ဘဲ တယောက်တပေါက်၊ သူတလူငါတမင်းဖြစ်၊ မျှော်လင့်ချက် တပုံတခေါင်းကြီးနဲ့ ပြည်သူ့အရေး ပြဿနာတွေကို ချက်ချင်းမဖြေရှင်းနိုင်လို့ ဆူဆူပူပူဖြစ်ကြရင်တော့ တိုင်းပြည်ချောက်ထဲကျတော့မှာမို့ ထိန်းသိမ်းလိုက်ရပါတယ်ဆိုတဲ့ ကယ်တင်ရှင်တွေ လက်ထဲ ပြန်ရောက်သွားနိုင်ဆိုတာ ဒို့တတွေ သတိထားစောင့်ကြည့်၊ သွေးဆူလွယ်တဲ့ ပြည်သူတွေကို တောက်လျှောက်သတိပေးသွားဖို့ အရေးကြီးတယ်။

နောက်ဆုံး အကြံပြုပြောချင်တာက မင်းတို့ကြားဖူးမှာပါ … အမေရိကန်သမ္မတကြီး ဂျွန် အက်ဖ် ကနေဒီ (John F. Kennedy) က သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ (၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၂၀) မှာ ပြည်သူတွေကို “My fellow Americans, ask not what your country can do for you, ask what you can do for your country." ပြောဆိုခဲ့တယ်။ သမ္မတကြီး ကနေဒီ ပြောခဲ့သလို ဒို့ပြည်သူ့သမ္မတကြီး ဦးထင်ကျော်ကိုယ်စား ပြောချင်တာက အခုမှ “စလုံးရေးစ“ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးတွေကို အင်တိုက်အားတိုက်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရတော့မယ့်အချိန်မှာ ဒို့တတွေ ကိုယ့်အချင်းချင်း မေးရပြောရမှာက “နိုင်ငံက မင်းကို ဘာလုပ်ပေးနေသလဲဆိုတာ မမေးနဲ့၊ ကိုယ်က နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို မေးကြည့်ပြီး” လုပ်နိုင်တာ၊ လုပ်သင့်တာတွေကို ကိုယ်စီတာဝန် အသိစိတ်ဓါတ်နဲ့ မိမိတို့ အသည်းနှလုံးကြားက မဲပြားတွေနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရကို ဝိုင်းရံပြီး ရှေ့ သို့ ခြေလှမ်းများစွာ အတူလှမ်းချီနိုင်ဖို့ ဒို့တတွေ ကြိုးစားလုပ်ကြရမယ်။

ကဲ ကောင်းပါပြီ ... နောက်မှာ ပြောချင်တာတွေ၊ ပြောသင့်တာတွေ ဆက်ပြောကြတာပေါ့။ မင်းတို့အားလုံး ရွှင်လန်းချမ်းမြေ့ပြီး တိုင်းကျိုးပြည်ကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး