ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းနှစ်နှစ်ပြည့် အောက်မေ့အမှတ်တရပွဲကျင်းပပြုလုပ်
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းနှစ်နှစ်ပြည့် အောက်မေ့အမှတ်တရပွဲကျင်းပပြုလုပ်
          ဟန်သစ်နိုင်၊ မိုးမခ၊ ဧပြီ ၂၂၊ ၂၀၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းနှစ်နှစ်ပြည့်အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဧပြီ ၂၀ရက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော် ဝင်နှင်းဆီခန်းမ( သီရိခန်းမ)တွင် ပြုလုပ်ကျင်းပခဲ့သည်။
          အခမ်းအနားကိုစတင်ဖွင့်လှစ်ရာတွင် တက်ရောက်လာသောလူအပေါင်းမှ နိုင်ငံတော်အား အ လေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအဆက်ဆက် အသက်ပေပေးလှူခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းအား သတိဂုဏ်ပြုသောအားဖြင့် ၈ စက္ကန့်ငြိမ်သက်ခြင်း၊ ဘဝတစ်သက်သာကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ပြီး ပြည် သူဘက်မှမားမားမတ်မတ်ရပ်တည်ခဲ့သော မြန်မာ့နိုင်ငံရေးမီးရှူးတန်ဆောင် သံမဏိသူရဲကောင်းကြီး ဟံသာဝတီဦးဝင်းတင်အား အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် ၈ စက္ကန့်ငြိမ်သက်ခြင်းဖြင့် အခမ်းအနားဖွင့် လှစ်ခဲ့သည်။
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်နာယကကြီး ဦးတင်ဦးမှ ဟံသာဝတီဦးဝင်တင် အတွက် ဂုဏ်ပြုစကားပြောကြားရာတွင် ဦးဝင်းတင်သည်  ပြောင်မြောက်သောအတွေးခေါ်အရေးအသား များဖြင့် ပြုစုပျိုးထောင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်တိုင်းပြည်လုံးအတိုင်းအတာအထိ ဆောင် ရွက်လှုံ့ဆော်ခဲ့ပြီး စာပေလောကတခုလုံးကိုပါ အကျိုးပြုစေခဲ့သောပုဂိုလ် ဖြစ်ကြောင်း၊ တိုင်းပြုပြည် ပြု ကြိုးပမ်းမှုတွင် အသိပေးရေးသားနိုင်စွမ်းရှိခဲ့သော စာများကြောင့် နှစ်ရှည်လများအပြစ်ဒဏ်များ ခံသွားခဲ့ရ ကြောင်း၊ ထောင်မှလွတ်မြောက်ပြီး ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကိုလည်း ထူထောင် ခဲ့ကြောင်း၊ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အပင်ပန်း အနစ်နာခံပြီး ဆောင်ရွက်ခဲ့သောပုဂိုလ် အတွက် နောင်လာနောင်သား များ အမှတ်တရအဖြစ်သိရှိစေရန် မြန်မာနိုင်ငံ၏ နေရာတခုတွင် ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် ပန်းခြံလေးတစ်ခုပြုလုပ် အကောင်ထည်ဖော်ရန် စီစဉ်နေကြောင်းများပြောသည်။
          ဆက်လက်ပြီး “သတင်းစာလောက၊ မီဒီယာလောကက ဖိတ်လို့ ဆုံတိုင်းမှာ ရှေးဦးပထမ ကျနော်ဟာ ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ ကျေးဇူးတရားတွေကို အတိုချုံးပြီးတော့အနည်းငယ်ပြောပြီးမှ သူ့ကိုဂုဏ် ပြုပြီးမှ ကျနော်ဆက်လက်ပြောစရာရှိတာများ ပြောပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ခေါင်းဆောင် ဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်ဟာ အသက်ရှင်သန်လျက်ရှိနေသေးတယ်” ဟုပြောသည်။
          ထို့နောက် ဟံသာဝတီဦးဝင်းတင်နှစ်နှစ်ပြည့်အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ၇၄၊ ၇၅၊ ၇၆ မှ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့မှ အသီးသီးပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။
          ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းနှစ်နှစ်ပြည့်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ စာရေးဆရာကြီးများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများ ၄၀၀နီးပါးတက်ရောက်ခဲ့ကြသည်။