အောင်ခိုင်မြင့် - ကောင်းကင်သစ်မှာ သာတဲ့လ

အောင်ခိုင်မြင့် - ကောင်းကင်သစ်မှာ သာတဲ့လ
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

ငြိမ်းချမ်းရေး လရောင်ချစ်သူတွေရဲ့အနာဂတ်သစ်
စိမ်းလန်း မျှော်လင့်ခြင်း ကောင်းကင်သစ်
သက္ကရာဇ်နှစ်သစ် အိမ်မက်ကို ထုဆစ်နေတယ်..။

လှိုင်းထန်ခဲ့ ခေတ်ပင်လယ်ကို အတူဖြတ်သန်းရ
အမြင်ကျယ်တဲ့ ရဲရင့်ကြယ်တွေ ပွဲလယ်တင့်လှ
ရင်ခုန်သံခြင်း ထပ်တူကျလို့ မြို့ပြတွေ ပြိုင်တူကတဲ့ ည..။

မြိုသိပ်ထားတဲ့ ဒဏ်ရာတွေ ပြည့်နှက်
ညအမှောင်ကို ထမ်းပိုးထားတဲ့ ကျေးလက်
ဘ၀ပျက် ထရံပေါက်က လရောင်ကို ချောင်းမကြည့်ချင်တော့ဘူး..။

ထောင်နံရံနဲ့ တောတောင်တွေ နောက်ကွယ်မှာ
မပျောက်မကွယ် ယုံကြည် ပေးဆပ်၊ ထာဝရ မဟောင်းတဲ့အဖြစ်အပျက်
ဝမ်းသာလို့ ကျတဲ့မျက်ရည်မို့ လူမြင်ခံရဲတယ်..။

မြစ်ဆိုတာ နောက်ပြန် မစီးဆင်းဘူး
ချစ်ပေမဲ့ အဝေးက ခိုးကြည့်နေရသလိုမျိုးမို့ 
မျိုးချစ်အဝေးရောက်နေသူတွေ အနီးအနားပြန်ရောက်
မတ်တပ်ရပ်နေသူတွေ သိက္ခာနဲ့ ထိုင်ကြ
တဘ၀လုံးရှုံးနေသူတွေ ပြိုင်တူပြုံးကြတော့
ငါတို့အားလုံး မီးတောင်လို ပေါက်ကွဲခဲ့ဘူးတယ်..။

လှောင်ချိုင့်ထဲက ငှက်ဖြစ်ခဲ့ဘူးတယ်..။
မီးပွိုင့်မှာ မီးနီမိတဲ့ကားလို ရပ်တန့် ခဲ့ဘူးတယ်..။
ခုတ်လှဲခံသစ်ပင်လို အိမ်မက်တွေ အမြစ်က အနှုတ်ခံခဲ့ဘူးတယ်..။

စိတ်ညစ်စရာတွေ ခဏခဏ မပြောင်းမလဲဖြစ်နေလို့ 
ဖြစ်နိုင်ရင် ကောင်းကင်ကိုတောင် အသစ်လဲချင်တဲ့ ကောင်လေ..။

ခေတ်အဆက်ဆက် သူရဲကောင်းဝိဥာည်တွေကို ဂုဏ်ပြုချင်လို့ 
အမိမြေ အလံတော်ကို အမြင့်ဆုံး လွှင့်လိုက်ပါ
အဖိနှိပ်ခံ တောင်တန်းများ ဦးထုပ်တွေချွတ်ပြီး အလေးပြုကြပါ
နိုင်ငံတော်သီချင်းကို နှလုံးသားနဲ့မြစ်များ သံပြိုင်သီဆိုနေကြတယ်..။

အောင်ခိုင်မြင့်
၂ ဧပြီလ ၂၀၁၆