ရန်ကြီးအောင်ဝင်း (တောင်တံခါး) - “ နေ့စဉ် ပိတောက်ပွင့်ပါစေ ”



ရန်ကြီးအောင်ဝင်း (တောင်တံခါး)  - “ နေ့စဉ် ပိတောက်ပွင့်ပါစေ ”

(သူ့ဖေစ့်ဘွတ်) မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၆

ပုံပြင်ကလေး တပုဒ်ပြောပြမယ်။

၁၉၆၀ ၀န်းကျင်လောက်တုန်းက မန္တလေးမြို့မှာ အထက်တန်းကျောင်းသူ သူငယ်ချင်း ၂ ယောက်ရှိခဲ့တယ်။ “မေ” နဲ့ “ခင်” လို့ ခေါ်ကြရအောင်။ ၂ ဦးစလုံးက စာပေ နဲ့ ဂီတကို အရူးအမူး စွဲလမ်းကြတဲ့ စာပေချစ်သူ၊ တေးချစ်သူတွေလို့ ဆိုပါတော့။

ရေဒီယိုမှာ သောတရှင်တို့လိုရာ တေးတွေကို အမြဲပဲ တောင်းကြ၊ တဦးကိုတဦး ရည်ညွှန်းကြနဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်ကလေးတွေပါပဲလေ။

တနေ့မှာတော့ သူငယ်ချင်း “ခင်” က ရပ်ဝေးတနေရာမှာနေတဲ့ နာမည်ကြီး သီချင်းရေးဆရာ၊ စန္ဒယားဆရာတဦးနဲ့ စာအဆက်အသွယ်ရခဲ့တယ်။ ငှက်ခါးစေတမန်ကလေးတွေ ရဲ့ စေစားချက်အရ စာလွှာကလေးတွေ ကို အပြန်အလှန်ရေးကြရင်း တမြို့စီ တနယ်စီ နေကြရပေမယ့် အဲဒီစန္ဒယားဆရာ နဲ့ “ခင်” တို့ တနေ့တခြား ရင်းနှီးလာကြတယ်။

နောက်တော့လည်း စာလွှာချစ်သူတွေပေါ့လေ။
စန္ဒယားဆရာဆီက လာသမျှ စာတွေကို “ခင်” က “မေ့” ကိုပါဖတ်ခိုင်းပြီး စာပြန်ဖို့ တိုင်ပင်ကြနဲ့ပေါ့။

ဒီလိုနဲ့ တခုသော သင်္ကြန်ကာလ၊ ပိတောက်တွေ တဝေေ၀ ပွင့်နေဆဲအချိန်မှာ “ခင်” နဲ့ စန္ဒယားဆရာ တို့ လူချင်းဆုံမိကြတယ်။ အဲဒီအချိန်တွေတုန်းကတော့ ချစ်သူချင်းဆိုတာ တယောက်မျက်နှာကို တစ်ယောက် ကြည့်နေကြရရင် ကျေနပ်နှစ်သိမ့်နေကြရတာပါပဲ။

သင်္ကြန်ပြီးတဲ့အခါကျတော့ နောင်နှစ်ခါ ပိတောက်တွေပွင့်ချိန်မှာ ကိုယ်ပြန်လာဦးမယ်လေ လို့ပြောပြီး စန္ဒယားဆရာလည်း နေရပ်ပြန်ပြီပေါ့။

လွမ်းနာကျနေတဲ့ သူ့သူငယ်ချင်း “ခင်” ကို မကြည့်ရက်တာကြောင့် ပိတောက်တွေပွင့်ရင် ပြန်တွေ့ကြရဦးမယ်ဆိုတော့ “နေ့စဉ် ပိတောက်တွေပွင့်ပါစေ” လို့ ဆုတောင်းပါလားကွယ် လို့ “မေ” ကပြောခဲ့တယ်။

ခင့် ချစ်သူ စန္ဒယားဆရာကို အလွမ်းပြေ သီချင်းကလေးတပုဒ် ရေးခိုင်းပါလားလို့ “မေ” က အကြံပေးခဲ့တယ်။

ဒီလိုနဲ့ “မေ” ရဲ့ “နေ့စဉ် ပိတောက်တွေပွင့်ပါစေ” ဆိုတဲ့ စကားကလေးက တေးသီဖွဲ့သူဆီကို ရောက်ခဲ့ပြီး၊ မေတ္တာဘွဲ့ ချစ်တေးကလေးတပုဒ် မွေးဖွားလာခဲ့ပြီ။

ချစ်သူတို့အတွက် ကိုယ်စားပြုတေးကလေးတပုဒ် ဖြစ်လာခဲ့တယ်။

…ပိတောက်ပွင့်ရက်ဝယ်
မောင်လာနေကျကွယ်
ဥသြတွေ တေးချိုဖွဲ့ရင် အရောက်လာမြဲမို့
ရာသီကာလတွေ…မိုး နွေ ဆောင်းများရယ်
ပြောင်းရွှေ့ကာ မရှိပါရင်ကွယ်
အချိန်တွေတိုင်းဟာ အမြဲတကယ်
ပိတောက်ပွင့်ရက်ပဲ ဖြစ်၍နေချင်တယ်…

နေ့စဉ် ပိတောက်ပွင့်ပါစေ
တေးရေး - စန္ဒယားချစ်မောင်
တေးဆို - အေ၀မ်းတင်တင်လှ
မူရင်း သီချင်းကို ရန်ကြီးအောင်ဝင်း (တောင်တံခါး) (ခ) ကျော်ကျော်ဝင်း စုဆောင်း မျှဝေသည်


http://vocaroo.com/i/s1IJu1VgfWgz

http://picosong.com/NZrg

https://my.pcloud.com/publink/show…

https://soundcloud.com/yangyiaung-win-taung-da…/a8msxoyounqk

http://www.youtube.com/watch?v=BrcPbqHDzRA