တင်ဇော်လွင် - ပြောင်းလဲချိန်တန်ပြီ (တံဆိပ်ခေါင်းများ)

တင်ဇော်လွင် - ပြောင်းလဲချိန်တန်ပြီ (တံဆိပ်ခေါင်းများ)
မိုးမခ၊ ဧပြီ ၃၊ ၂၀၁၆

“ဦးလေးရေ … အစိုးရအသစ်၊ လွှတ်တော်အသစ်၊ ၀န်ကြီးအသစ်တွေနဲ့ ကျနော်တို့တော့ အတော် ဟန်ကျနေပြီပေါ့နော်”

“အေးပေါ့ကွ တို့တတွေ နှစ်ပေါင်းများစွာ အသက်ပေါင်းများစွာနဲ့ ရင်းနှီး စတေးပြီး ကြိုးစားခဲ့ကြတဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး အောင်ပြီကိုးကွာ”

“ဦးလေးနဲ့ ကျနော်နဲ့ လွန်ခဲ့တဲ့ ၉  နှစ်လောက်က (၂၀၀၇ ခုနှစ်လောက်က) ပြောခဲ့ကြတာ မှတ်မိနေသေးတယ်။ တို့တတွေ လွတ်လပ်တဲ့ အချိန်အခါကျမှပဲ တို့စိတ်ကြိုက် တံဆိပ်ခေါင်းတွေ ထုတ်နိုင်တော့မယ် ဆိုတာလေ”

“မှတ်မိပါ့ကွာ။ အင်း - ဘာလိုလိုနဲ့ ၉  နှစ်တောင် ရှိပြီပေါ့ကွာ။ မင်းလဲ အခုထိ လူပျို လူလွတ်။ ငါလဲ ရေဝေးနဲ့ ရေစက်မဆုံဖြစ်သေး။ ဒီမှာကြည့် - အသက်ကြီးပေးမယ့် မပျက်စီးသေးပါဘူးကွ။ ငါ့မှတ်ဥာဏ်တွေ ကောင်းပါသေးတယ်။ အဲဒီတုန်းက မင်းနဲ့ ငါနဲ့ ငြင်းကြ ခုန်ကြတာကို ခုထိ မှတ်မိနေပါသေးတယ်ကွာ။”

“ဒုတိယလွတ်လပ်ရေးတိုက်ပွဲ အောင်ပွဲခံတဲ့ အခါကျရင်၊ အထိမ်းအမှတ်တံဆိပ်ခေါင်းတွေ ထုတ်ဘို့၊ ဒီဇိုင်းတွေ စိတ်ကူးယဉ်ပြီး ကြိပြီး စဉ်းစားခဲ့ကြတာတွေလေ ဦးလေးရဲ့။ ဗိုလ်ချုပ်နဲ့ ဒေါ်စု ပုံထည့်ရင် ကောင်းမလား။ ခွပ်ဒေါင်းနဲ့ ခမောက်ပုံထည့်ရင် ကောင်းမလား ဆိုတာလေ။ ကဲ - အခုလည်း ဆက်ပြီး ငြင်းကြရအောင်”

“အင်း အခုတော ဆက်မငြင်းတော့ပါဘူးကွာ။ ဦးလေးကပဲ အရှုံးပေးပါတယ်။ ဘာဖြစ်လို့လဲ မင်းသိလား”

“ဟင့်အင်း ဦးလေး၊ ပြောပါဦး”

“အခု ကိစ္စက မင်းတို့လူငယ်တွေ လုပ်သင့်တဲ့ ကိစ္စ။ လုပ်နိုင်တဲ့ ကိစ္စ၊ ဆုံးဖြတ်နိုင်တဲ့ ကိစ္စကွ။ ငါတို့ လူကြီးတွေ ၀င်ပါဖို့ မလိုဘူး။ မဟုတ်ဘူးလား။ ဦးလေး ပြောတာ။ ကဲ - ဒီတော့ မင်းကြိုက်တာကို မင်းဘာသာ စိတ်ကြိုက်ရွေးပေတော့။ ဟား ဟား”

“ဟုတ်ကဲ့၊ ကောင်းပါပြီ ဦးလေရာ။ ဒါနဲ့ နိုင်ငံတကာမှကော အဲဒီလိုမျိုး ခေတ်အပြောင်းအလဲတွေ၊ အစိုးရအပြောင်းအလဲတွေ၊ သမ္မတ ၀န်ကြီးချုပ် အပြောင်းအလဲတွေမှာ အထိမ်းအမှတ်တံဆိပ်ခေါင်းတွေ ထုတ်လေ့ရှိသလား”

“ဟာ - ရှိပါပြီလားကွာ။ အများကြီးပေါ့။ အဲဒါတွေထဲက ဒီဘက်ခေတ်မှာ ကောင်းကောင်းမှီလိုက်ပြီး ဒို့အာရှတိုက်ထဲက ဦးလေးစိတ်ထဲမှာ မှတ်မှတ်သားသား ဖြစ်နေမိတာကတော့ ဖိလစ်ပိုင်နိုင်ငံကွ။  အာဏာရှင်အောက်မှာ နှစ်အကြာကြီး နေခဲ့ရတာကလဲ တို့နဲ့ တူတယ်။ လူထုက တခဲနက်ဖြုတ်ချပြီး လူထုကြိုက်တဲ့ ခေါင်းဆောင်ကို တခဲနက် ရွေးချယ် တင်မြှောက်ခဲ့တာလဲ တူတယ်။ ဒဲဒီခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့ တံဆိပ်ခေါင်းတွေ အများကြီး ထုတ်ဝေခဲ့တယ်ကွ။ အဲဒီထဲက တချို့ကို ငါ့တူ ဒီမှာကြည့်။ ဒါတွေက သမတအသစ် ကိုရာဇန် အကွီနို (Corazan Aquino) ရဲ့ ပုံတွေကို ဒီဇိုင်းလုပ်ပြီး ထုတ်ဝေခဲ့တာ၊ ၁၉ ၈၆ တုန်းက ရွေးကောက်ပွဲ အပြီးမှာ ”

ပုံ (၁)

ပုံ (၂)

၁၉ ၈၆ ဇွန် ၃၀၊ သမတသက်တမ်း ၆ နှစ်တကြိမ် လွှဲပြောင်းခြင်း

“ဟာ … ခန့်ခန့်ငြားငြားနဲ့။ အားရစရာကြီးပါလား ဦးလေးရာ”

“နောက်တခါ တောင်အာဖရိက (south africa) နိုင်ငံကို ကြည့်ဦး။ မင်း - နယ်ဆင်မင်ဒဲလား (Nelson Mandela) ကို သိတယ် မို့လား။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လေကွာ။ နှစ်ပေါင်း ၃၀ နီးပါး ထောက်ကျခံရပြီး ထောင်က လွတ်လာတော့ အစိုးရဖွဲ့နိုင်ခဲ့တယ်။ ၁၉၉၃ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ရရုံမက ၁၉၉၄ မှာ သမ္မတ ဖြစ်လာတော့ တိုင်းသူပြည်သားတွေက ဂုဏ်ယူဝင့်ကြွားစွာနဲ့ သမ္မတသစ် ကျန်းသစ္စာ ကျိန်ဆိုပွဲအထိမ်းအမှတ် တံဆိပ်ခေါင်းတွေ ထုတ်ခဲ့ကြတယ်ကွ။”

ပုံ (၄)

ပုံ (၅)
၁၉၉၄ မေလ ၁၀ ရက် နေ့ထုတ်

“ဟာ ဒါဆို ကျနော်တို့လည်း ထုတ်သင့်တာပေါ့နော်။ ထုတ်ကို ထုတ်ရမယ်”

“အေးပေါ့ကွ။ ထုတ်ရတော့မှာပေါ့။ ဒါမှ မင်းတို့ ငါတို့သမိုင်းမှာ တာဝန်ကျေတဲ့သူတွေ ဖြစ်တော့မပေါ့”

“အမေစု ဓာတ်ပုံနဲ့တော့ ထုတ်ချင်သား။ ဒါပေမယ့် အမေစုက အဲဒါကို ခွင့်ပြုပါ့မလား၊ ဦးလေးရာ”

“အေး။ အဲဒါတော့ ငါလည်း မပြောတတ်ဘူးကွ။ မင်းတို့ လူငယ်တွေ စုပြီး ပြောကြည့်ကြပေါ့ကွာ။  တို့တတွေရဲ့ ဆန္ဒကိုတော့ ငြင်းလိမ့်မယ်လို့ ငါတော့ မထင်ပါဘူး။”

“တကယ်လို့ အမေစုက သဘောတူပြီ ဆိုပါတော့။ အဲဒီအခါကျ ဘယ်လိုဓာတ်ပုံမျိုး သုံးရင် ကောင်းမလဲ ဦးလေး။ အမေစု ခမောက်ကလေးဆောင်းထားတဲ့ ပုံမျိုးဆိုရင် မဆိုးဘူး ထင်ပါတယ်နော်။ ဒါမှ မဟုတ် …”

“ကဲ ကြွ ကြွ ငါတူ။ အဲဒါကိုတော့ မင်းအမေစုနဲ့ တွေ့မှပဲမေးကြည့်ပေတော့ဟေ့”