ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - အမျိုးနှစ်သူများကို ဆန့်ကျင်ရှုတ်ချ



ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - အမျိုးနှစ်သူများကို ဆန့်ကျင်ရှုတ်ချ
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၆


ချစ်သူငယ်ချင်းတို့ရေ…

မင်္ဂလာနှစ်သစ်သင်္ကြန် ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းစည်းကားကားနဲ့ အားလုံးပျော်ရွှင်စွာ ရေကစားကြ၊ ဘုရားသွားကျောင်းတက် ဥပုပ်သီလ စောင့်တည်မှုတွေနဲ့ ပြီးဆုံးသွားတာကို တွေ့ရမြင်ရတော့ အဝေးမြေကနေ လွမ်းဆွတ်ဝမ်းမြောက်နေပါတယ်။ ဒို့ဆီမှာတော့ ပြီးခဲ့တဲ့အပတ် နေသာတဲ့ တနင်္ဂနွေနေ့ ရုံးပိတ်ရက်မှာ မြန်မာဘုန်းကြီးကျောင်းမှာ သက်ကြီးပူဇော်ပွဲ နဲ့ အလွမ်းပြေ သင်္ကြန်ပွဲလေးတခု လုပ်ခဲ့တယ်။

ဒီတခါ ငါပြောချင်ဆွေးနွေးချင်တာက လွန်ခဲ့တဲ့ရက်အတွင်းက ဖြစ်သွားခဲ့တဲ့ သတင်းတပုဒ်အကြောင်းပါ။ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လို နောက်ဆက်တွဲ တရားဥပဒေနဲ့အညီ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြေရှင်းလုပ်ကိုင်မလဲလို့ စောင့်ကြည့်နေတာ ဘာမှမကြားတာနဲ့ ငါ့အမြင်ငါ့အတွေးကို မင်းတို့ကို ရင်ဖွင့်တာပါ။ ငါ အမြဲပြောခဲ့သလို မင်းတို့ သဘောတူမတူ၊ မင်းတို့အမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြန်ပြောနိုင်ပါတယ်။

မင်းတို့လည်း ဒီသတင်းကို ဖတ်မိမှာပါ။ ရွှေတိဂုံဘုရားမှာ သမာအာဇိဝနဲ့ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းနေတဲ့ ခေါင်းရွက်ဗျပ်ထိုး မူစလင်ဈေးသည်တွေကို မျိုးချစ်ဘုန်းဘုန်းဆိုတဲ့ သင်္ယန်ဝတ်တွေ (မြတ်စွာဘုရားရဲ့  ချစ်ချင်းမေတ္တာ တရားဓမ္မတွေနဲ့ ဆန့်ကျင်လုပ်တဲ့ ဘုန်းကြီးတွေကို ခေါ်ဆိုခြင်း) က နိုင်လိုမင်းထက် ပြုကျင့်လိုက်တဲ့သတင်း။ သူတို့တွေရဲ့  အခြေအမြစ်မရှိ စွပ်စွဲချက်တွေ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေက တော်တော်လေး မင်းမဲ့စရိုက်၊ တရားမဲ့လွန်တယ်။ သူတို့ ဘယ်လို စွပ်စွဲချက်တွေနဲ့ ကျူးလွန်တယ်ဆိုတာ အားလုံးအသိဆိုတော့ မပြောတော့ဘူး။

ငါ့အနေနဲ့ သူတို့လုပ်ရပ်ထက် ပိုအံ့သြတုန်လှုပ်မိတာက ကမ္ဘာသိ ဒီဖြစ်ရပ်ကို ဒီနေ့အထိ ဘာသတင်းမှ မထုတ်ပြန်၊ မင်းမဲ့စရိတ် ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုကို အရေးတယူ ဆောင်ရွက်ဖြေရှင်း မလုပ်ကြတဲ့ ရန်ကုန်တိုင်း အာဏာပိုင်တွေ၊ သာသနာရေးဝန်ကြီး နဲ့ ပြည်သူ့အစိုးရကြီးတို့ ရေငုံနှုတ်ဆိတ်နေတဲ့ ကိစ္စ။

ဥပဒေအထက်မှာ ဘယ်သူမှ မရှိအောင် ပြုပြင်မယ့် ပြည်သူ့အစိုးရအနေနဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့လုပ်ရပ်တွေကို ကျောသားရင်သား မခွဲခြား - ဘုန်းကြီး၊ စစ်သား၊ နိုင်ငံရေးသမား၊ ဆိုက်ကားသမား - ပြစ်မဲ့ကျူးလွန်ခဲ့ရင် တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ အရေးကြီးတယ်။ ဒီမိုကရေစီစနစ်ဆိုတာ မျှတမှန်ကန်တဲ့ တရားဥပဒေနဲ့ အုပ်ချုပ်တဲ့စနစ်ဖြစ်ပြီး၊ ပြည်သူတဦးချင်း တူညီတဲ့ လူ့အခွင့်အရေး ခံစားရရှိရမယ်လို့ ဦးတည်ကြိုးပမ်းနေတဲ့ ပြည်သူ့အစိုးရအနေနဲ့ ဒီအရေးကိစ္စကို ချက်ချင်းဖြေရှင်းပေးရမယ်။

အခုလို မျိုးချစ်ဘုန်းဘုန်းတွေက သွေးတိုးစမ်းသဘော - ဘာသာရေးကို ခုတုံလုပ်ပြီး ကျောထောက်နောက်ခံမဲ့ (ဘာသာကွဲ လူနည်းစု) နင်းပြား လမ်းဘေးဈေးသည်လေးတွေကို ဝုန်းလိုက်တာကို ဘယ်သူမှ မဟမပြောကြတာက သူတို့ လုပ်ရပ်ကို ထောက်ခံသလိုဖြစ်နေပြီး၊ ဒီထက်ခြေလှမ်းကျဲ၊ ပိုဆိုးတဲ့ လုပ်ရပ်တွေကို မလုပ်လာဘူးလို့ ပြောနိုင်လား။ ပြီးတော့ အနိုင်ကျင့်ခံရသူတွေက ခေါင်းငုံမခံ တုံ့ပြန်လိုက်လို့ ဖြစ်သွားနိုင်တဲ့ မီးခိုကြွက်လျှောက် အခြေအနေကို ထည့်သွင်းစဉ်းစားသင့်တယ်။

ဒီဖြစ်ရပ်ကို တမျိုးကြည့်ရအောင် - အကယ်၍ ဗလီဘုရားကျောင်းရှေ့ နား ဈေးသွားရောင်းတဲ့ မိအေး ကို ဗလီဆရာက ဒီနားလာမရောင်းနဲ့ မောင်းထုတ်ကြည့်ပါလား။ မိအေး က သူကို ဗလီဆရာ၊ ဗလီကျောင်းက စော်ကားမော်ကား လုပ်လိုက်တယ်လို့ဆိုပြီး ဖွဘုတ်ကနေ ပလိစီချောက်ချက် ဖွလိုက်ရင် မိုးမီးလောင်ပြီပေါ့။ ဒါမျိုးဖြစ်အောင် သပ်လျှိုလုပ်မယ့် အုပ်စုတွေက မျိုးချစ်မျိုးစောင့် မျက်စိပိတ်နားပိတ် အော်နေသူတွေကို သွေးထိုးမြှောက်ပင့်နေတယ်ဆိုတာ မင်းတို့ အသိဆုံးပါ။

ငါကတော့ ဆရာကြီးဦးဝင်းတင် ပြောတဲ့အတိုင်း စစ်အာဏာရှင်တွေကို လုံးဝမယုံဘူး။ သူတို့က ဒို့ပြည်သူတွေရဲ့  ဒီမိုကရေစီ ခရီးကြမ်းကို အမြဲအနှောင့်အယှက်ပေးခဲ့ပြီး၊ တိုင်းပြည် ကမောက်ကမဖြစ်အောင်၊ ပြည်သူတွေ သွေးကွဲအောင် အခွင့်ဖန်တီး ကဖျက်ကယက်လုပ်ဖို့ ကြံစည်နေမှာ သေချာတယ်။ ပြည်သူ့အစိုးရအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းသာယာရေး ကြီးလေးတဲ့ တာဝန်ကြီးတွေကို အားစိုက်ဖြေရှင်း လုပ်ကိုင်နေချိန်မှာ အခုဖြစ်တဲ့ကိစ္စက ပြည်တွင်းစစ်ရပ်ဆဲရေးလောက် အရေးမကြီးဘူးလို့ အရေးတယူမလုပ်၊ လစ်ဟင်းလိုက်ရင် အပ်နဲ့ ထွင်းရမယ့်အစား၊ ပုဆိန်နဲ့ ပေါက်ရမယ့် အခြေအနေရောက်သွားမှ အားလုံး အတိဒုက္ခရောက်ပြီး၊ မြေခွေးအကြိုက် ဖြစ်သွားလိမ့်မယ်။

ဒို့ပြည်သူတွေကလည်း ဒီလို ဥပဒေမဲ့၊ တရားမဲ့ လုပ်ရပ်မျိုးကို ကျူးလွန်ဖောက်ဖျက်တဲ့ မည်သူမဆို၊ မျိုးချစ်ဆိုပြီး အမျိုးနှစ်နေသူတွေကို ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရှုတ်ချရမယ်။ ဒီလိုမျိုး နောက်ကြောင်းပြန်လှည့်ချင်သူတွေ အကြိုက်၊ သွေးထိုးအကွက်ဆင်ပေးတဲ့အတိုင်း အမှိုက်ကစ ပြာသာဒ် မီးလောင်မယ့် လုပ်ရပ်တွေကို ပြည်သူတွေက ရှောင်းရှားပြီး၊ ကျူးလွန်ဖောက်ဖျက်သူတွေကို ပြည်သူ့အစိုးရအနေနဲ့ အချိန်မီတားမြစ်၊ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရမယ်။

ပြန်ကောက်ပြောချင်တာက … မင်းတို့လဲ သိပါတယ် … စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ရှင်သန်ဖို့ - Democracy is a system of majority rule with respect to and protect minority rights. ဒီမိုကရေစီစနစ်ဆိုတာ အုပ်ချုပ်ရေးအာဏာကို လူများစုက ရရှိပြီး၊ လူနည်းစုတွေရဲ့  အခွင့်အရေးတွေကို လေးစား၊ ကာကွယ်ပေးရမယ်။ ပြီးတော့ တလောက ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတဲ့ "မျိုးချစ်စိတ်ဆိုတာဟာ ကိုယ့်ရဲ့အသိစိတ်ဓာတ်နဲ့ ကိုယ့်ဘာသာကိုယ်... ကိုယ့်ရဲ့အသိုင်းအဝိုင်းနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ရဲ့တိုင်းပြည်...အတွက် ကိုယ်တက်နိုင်သမျှ လုပ်တာဟာ မျိုးချစ်စိတ်ပဲ။ သူများကိုတိုက်ခိုက်ပြီးတော့... သူ့ထက်ငါ ချစ်တယ်ဟေ့လို့ ပြောတာနဲ့.. မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်သွားတာ မဟုတ်ပါဘူး။" ဆိုတာတွေကို ဒို့ပြည်သူတွေ အမှတ်ရ၊ လိုက်နာကျင့်ကြံပြီး တိုးတက်ဖွံ့ဖြိုး၊ လူတိုင်း တန်းတူညီတူ အခွင့်အရေးရရှိ၊ ငြိမ်းချမ်းပျော်ရွှင်စရာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဝိုင်းဝန်းတည်ဆောက်ကြဖို့ ကြိုးပမ်းရမယ်။

ကဲ ကောင်းပါပြီ ... နောက်မှာ ပြောချင်တာတွေ၊ ပြောသင့်တာတွေ ဆက်ပြောကြတာပေါ့။ မင်းတို့အမြင်လည်း ပြန်ပြောပါအုံး။ နှစ်သစ်မှာ တိုင်းကျိုးအများအကျိုး ပိုမိုစွမ်းဆောင်နိုင်ကြမယ့် ဥာဏ်ပညာကြီးမား အမြင်ကျယ်တဲ့ ကိုယ့်အမျိုးသူ့အမျိုးချစ်တဲ့ မျိုးချစ်တွေ ဒို့ပြည်မှာ များစွာပေါ်ထွန်းပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး