သစ်ကောင်းအိမ် - ရေခဲဖုတ်ကောင်

 
သစ်ကောင်းအိမ် - ရေခဲဖုတ်ကောင်
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၆
 

ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှနံ့နောက်လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးရာအေးကြောင်းရှာသလို
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့အပျော်တွေကို ပြန်ရေ

ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့ အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ

ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင်တောင့်ခဲ
နေရောင်မလာအောင်ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်

နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော် ပျော်ပါတယ်
လူ့သမိုင်းထဲငိုက်မြည်းသူ
ကျိုးလွယ် ဆတ်လွယ် မကောင်းမြင်ဝါဒီ စကားဝါကိုင်း

ကျနော်
အကောင်းမြင်ပါတယ်
အကောင်းပြည်ကြီးကိုပြန်သွားတယ်
အကောင်းပြည်ကြီးကပြန်လာတယ်

လှလှ
ဒုက္ခနဲ့တွေ့မှ ပိုလှမယ့်
ကျမနာမည်လှလှ။

သစ်ကောင်းအိမ်
(၂၄၊ ဒီဇင်ဘာ၊ ၂၀၀၉)