မောင်လူရေး - ဖွဲ့စည်းပုံ နင်းမိုင်း

မောင်လူရေး - ဖွဲ့စည်းပုံ နင်းမိုင်း
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆

ယနေ့နိုင်ငံရေးမျက်နှာစာတွင် သွားလေသူကျေးဇူးရှင်ကြီးထောင်ထားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမိုင်းတွေကို နင်းနေရ သည်။ တချို့လဲ ဖွဲ့စည်းပုံအခြေခံဥပဒေမိုင်းများကို ခါးပတ်မှာပတ်၍ အသေခံဗုံးခွဲနေကြသည်။ နင်းမိလို့ကွဲကွဲ သေချာဖောက် ခွဲခွဲ ကွဲရင်တော့ သေကျေထိခိုက်ရသည်ချည်း။ မိုင်းဗုံးထိပြီဆိုရင်တော့ ထိသမှ အလောင်းချင်းထပ်သွားအောင် ထိသလို ဒုက္ခိတတွေလည်း တပုံတခေါင်းကြီးကျန်ရစ်သည်။

ယနေ့ တနိုင်ငံလုံးအတိုင်းအတာအနိုင်ရဒီချုပ်နှင့် သူ့မြေသူ့ပြည်အနိုင်ရရခိုင်ပါတီတို့ ပြည်နယ်အစိုးရဖွဲ့စည်းရေးပြဿနာသည် ဖွဲ့စည်းပုံနင်းမိုင်းပြဿနာပင်ဖြစ်သည်။

တပြည်လုံးအနိုင်ရပါတီဥက္ကဋ္ဌဒေါ်စုသမတမဖြစ်ခြင်းသည်လည်း ဖွဲ့စည်းပုံနင်းမိုင်းပြဿနာဖြစ်သည်။ သူ့ပြည်နယ်မှာ အနိုင် ရပါတီ ပြည်နယ်အစိုးရမဖွဲ့နိုင်ခြင်းမှာလည်း ဖွဲ့စည်းပုံနင်းမိုင်းပြဿနာပင်ဖြစ်သည်။

ယင်းနင်းမိုင်းကို ယခုအခါ ပျော်ပျော်ကြီးတက်နင်းဖောက်ခွဲနေကြသည်ကို ဖေ့ဘွတ်တခွင် ပြဲပြဲစင်အောင် တွေ့နေရသည်မှာ သွေးချောင်းစီး မီးကန္တာဖြစ်သွားပြီး ယခုထိ ဒုက္ခပင်လယ်ဝေ ဘယ်လိုဖြေရှင်းရမှန်းမသိသည့် ရခိုင်အရေးအခင်းကိုဖြစ်ပွား စေခဲ့သည့် ဘီဘီစီဝက်ဆိုက်ဒ်က မြန်မာပြည်မြေပုံအကြောင်း ငြင်းခုံကြသည့်ကာလနှင့် တထပ်တည်းကျလာသည်ဟု ဆိုနိုင်သည်။

ယင်းမြေပုံတွင် တိုင်းနှင့်ပြည်နယ်များကို စာဖြင့်မညွှန်းဘဲ တိုင်းရင်းသားစုံတွဲများဖြင့်ညွှန်းသည်။ ယင်းသို့ညွှန်းရာတွင် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီစုံတွဲပုံထည့်လိုက်သည်။

ယင်းကိုအကြောင်းပြုပြီး ပထမ သမိုင်းကြောင်းငြင်းခုံကြသည်။ နောက် လူမျိုးရေး၊ ပီးတော့ ကိုးကွယ်ရာဘာသာ ငြင်းခုံကြ သည်။ နောက်ပိုင်းတွင် ရှုတ်ချဆဲရေးကြသည်။ အဲဒီနောက် တိုက်ခိုက်သတ်ဖြတ်သည့်အဆင့်ထိ ရောက်သွားပြီး ရခိုင်အ ရေးသည် မပြီးမဆုံးနိုင်အခြေအနေဖြစ်သွားပြီး ရခိုင်+ဘင်္ဂါလီငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအလွန်ခက်သွားသည်။

ယခုလည်း ဝန်ကြီးချုပ်ခန့်ခြင်းနှင့် အစိုးရဖွဲ့သည့်ပြဿနာအပေါ် ရေးကြသားကြသည်များမှာ ဆဲရေးခြင်း ရှုတ်ချခြင်း နှိမ့်ချ ခြင်းတွေချည်းဖြစ်နေသည်ကို တွေ့နေရသည်။ ထိုအထဲတွင် ရခိုင် မြန်မာ ကုလား ဆိုသည့်ဝေါဟာရများ လှိုင်လှိုင်ပါလာသည်။ ပြောရလျှင် အန္တရာယ်အနံ့ရလာပါသည်။ တဖန်အကျိုးသင့်အကြောင်းသင့်ပြောဆိုခြင်းမျိုးထက် ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာဟု အနိုင်ပိုင်းပြောဆိုသည်ကို ကြားရသည်။ ကိုယ်မကြိုက်သည့် မဖြစ်မနေပြင်ကိုပြင်ရမည်ဟု တတွတ်တွတ်ပြော ဆိုနေသော ဖွဲ့စည်းပုံကို အားပြုပြောဆိုခြင်းသည် အထူးသဖြင့် တိုင်းရင်းသားပါတီများ ဘယ်သောအခါမှ အစိုးရမဖွဲ့နိုင် အောင်ရေးထားသည့်အချက်ကို ကိုင်ဆွဲပြောဆိုနေခြင်းသည် တိုင်းရင်းသားတို့အပေါ် တော်တော်ကြီးမားသည့်သက်ရောက် မှုရှိ နိုင်သည့်အတွက် သတိပြုစေချင်ပါသည်။

မနေ့က သမတသစ်၏ညစာစားပွဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုမလုပ်ဖို့ဒေါ်စုကတားခဲ့သည်ဟု ဖတ်ရပါသည်။ အောင်ပွဲခံသလိုဖြစ်မှာစိုးလို့လို့ဖတ်ရပါသည်။ တဖက်ကလူတွေ စိတ်မသက်မသာမဖြစ်စေလိုသည့်သဘောပင်။

ဒီအခြင်းအရာကိုထောက်ချင့်ကြည့်လျှင် သူ့ပြည်နယ်မှာ အနိုင်ရသူတို့၏စိတ်ခံစားချက်ကို ပိုမိုနားလည်နိုင်လိမ့်မည်ထင်ပါသည်။ သူတပါးစည်းစိမ်နှိုက်ပြီး စည်းစိမ်ထုတ်ပိုက်ထားသူတွေ၏သောကကို နားလည်ပေးနိုင်လျှင် ကိုယ့်ဒေသစည်းစိမ် အနှိုက်ခံရပြီး စည်းစိမ်ပျက်ပိုက်ထားသူများ၏သောကကို နားလည်ပေးရန် မခက်ဟုထင်ပါသည်။

မောင်လူရေး
Photo credit : Irrawaddy