တူမောင်ညို - ကျောင်းသားတွေ မလွန်ဘူး

(ယခင်အစိုးရအဆက်ဆက်များအတွက် စောငို၏ ၂၀၁၁ တုန်းက ကာတွန်းပါ)

တူမောင်ညို - ကျောင်းသားတွေ မလွန်ဘူး
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၆


ကျောင်းသူကျောင်းသားလူငယ်တွေဟာ ရိုင်းစိုင်းသူတွေ မဟုတ်သလို၊ ရန်လိုသွေးဆာနေတဲ့သူတွေလည်း မဟုတ်ပါဘူး။

သူတို့ပြောတာဆိုတာတွေထဲမှာ လွန်လွန်ကျွံကျွံရိုင်းရိုင်းပြပြစကားလုံး တစ်လုံးမှ မပါပါဘူး။ သူတို့မလွန်ပါဘူး။

ဆိုရှယ်မီဒီယာမှာ ကျောင်းသားတွေအပေါ် ညှိုးသူရန်ဘက်ပမာ ဆဲဆိုထိုးနှက်နေတာတွေ၊ ရေးသားနေတဲ့ “ရုပ်ပြောင်”တွေ ကသာ သိပ်ကို တရားလွန် လွန်းနေတာပါ။

ဆိုရှယ်မီဒီယာမှာ ရေးချင်သလိုရေးနေ ပြောနေ စွပ်စွဲပုတ်ခတ်ဆဲနေတာတွေကို သိပ်မပြောလိုပေမယ့်။ အစိုးရပိုင် သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာနဲ့ပတ်သက်ပြီးပြောချင်ပါတယ်။

နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးတဲ့သတင်း၊ အင်တာဗျူးတွေပါရှိတဲ့ (၉ ဧပြီ) ကြေးမုံသတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာ " တကယ်လည်း ဖမ်းဆီးခံထားရသော၊ တရားရင်ဆိုင်နေရသော၊ ကျောင်းသားတို့လွတ်မြောက်လာခဲ့ပါပြီ။အမှုများပြားပြီး ထင်ရှား သည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းသွေးသစ်၊ ဖြိုးဖြိုးအောင်၊ နန္ဒာစစ်အောင် တို့လည်းလွတ်မြောက်လာသည်ကို တွေ့ရ သည်" လို့ ဖော်ပြခဲ့ပေမယ့် (ဗကသ)ဥက္ကဋ္ဌ ကျော်ကိုကို နာမည် ချပ်လှပ်ထားခဲ့တာကတော့ အင်မတန်ကလေးဆန်တဲ့ အပြုအမူပါ။ ဧပြီလ ၂ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ (ဗကသ) ဥက္ကဋ္ဌ ကျော်ကိုကို ဓါတ်ပုံဖော်ပြခဲ့ပါသေးတယ်။

ဒါ့အပြင် သတင်းစာတွေရဲ့အာဘော်တွေ၊ သတင်းခေါင်းစဉ်တွေမှာ “သမဂ္ဂ၊ (ဗကသ)နဲ့(တကသ)” ဆိုတဲ့ စကားလုံးကို တမင် ရှောင်ရှားပြီး “ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီးအမှုရင်ဆိုင်နေကြရသူများ” လို့ သာ ပြားရိုက်ဖော်ပြတာကိုလည်း သတိထားမိပါတယ်။

သူတို့အပေါ် မတရားသဖြင့် ပုဒ်မအမျိုးမျိုးတပ်၊ ရုံးချိန်အကြိမ်ကြိမ်ထုတ်ပြီး စစ်ဆေးမေးမြန်းနေတာတွေကို ဘယ်သူက အခဲကျေနိုင်ပါ့မလဲ။ ဒီလို သူတို့ အခဲမကျေနိုင်တာဟာ သဘာဝကျပြီး မှန်လည်း မှန်ကန်ပါတယ်။

သာယာဝတီ၊ လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို ဖြိုခွဲစဉ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့ကြတာဟာ တပြည်လုံး တကမ္ဘာလုံးမျက်မြင်ပဲဖြစ်ပါတယ်။(အီးယူ)က လေ့ကျင့်ပေးတဲ့ ရဲတွေဟာ ကျောင်းသားလူငယ်တွေကို နံပတ်ဒုတ်နဲ့အညှိးတကြီးရိုက်နှက် နေတဲ့ပုံတွေ၊ သက်မဲ့မော်တော်ကားကိုတောင် အညှိုးတကြီးရိုက်နှက်ဖျက်ဆီးနေတာတွေကို အထင်အရှားမြင်ရမှာပါ။

ကျောင်းသားလူငယ်တွေ အကြမ်းဖက်ခံရတာကို စာနာကြည့်ကြစမ်းပါ။ အဲဒီတုန်းက ခင်ဗျားတို့ ကာတွန်းဘယ်နှကွက်ရေးခဲ့ ကြသလဲ။ အကြမ်းဖက်ရိုက်နှက်လို့ အသက်လု ထွက်ပြေးရတာကို မစာနာတဲ့အပြင် ရယ်ပွဲပွဲခဲ့ကြ၊ သတင်းဓါတ်ပုံအဖြစ် ဝမ်းသာအားရ တင် သူကတင်ခဲ့ကြတယ်မဟုတ်လား။ အဲဒီလို လူကြီးလူကောင်းမဆန်တဲ့ ခင်ဗျားတို့ လုပ်ရပ်တွေကို မမေ့ပါဘူး။

အခုလည်း ခင်ဗျားတို့က ရုပ်ပြောင်တွေရေးပြီး ကျောင်းသားတွေကို အညှိုးအတေးနဲ့ ဆဲနေပြန်ပါတယ်။ ဒါဟာ ခင်ဗျားတို့ ရပ်တည်ချက်နဲ့ သဘောထားဖော်ပြချက်ဖြစ်ပါတယ်။ ဒါဟာ ခင်ဗျားတို့ရဲ့မှတ်တမ်းပါပဲ။

(ဗကသ)အဖွဲ့ဝင် လူငယ်ကျောင်းသားတစ်ယောက်နဲ့စကားပြောရင်း သူပြောတာတွေထဲက ကျနော်မှတ်မိသမျှကိုရေးသားဖော် ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ လေးစားတဲ့၊ အလေးထားတဲ့ ဒီမိုကရေစီခေါင်းဆောင်ပဲလေ။
အခုလွှတ်ပေးတာဟာ ဒေါ်စုရဲ့ကြေညာချက် (၁/၂၀၁၆) ထဲမှာပါတဲ့ နည်းလမ်းသုံးသွယ်ထဲက နည်းလမ်းတစ်ခုဖြစ်တဲ့ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ ပုဒ်မ ၄၉၄ အရ လွှတ်ပေးတာပါ။

ကျနော်တို့ မျှော်လင့်ထားတာက တပြည်လုံးလွှမ်းခြုံတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား တစ်ယောက် ကျန်နေရင်များလှပြီ လို့ ဒေါ်စုက ပြောဖူးတယ်မဟုတ်လား။

အခုချိန်အထိ တပြည်လုံးအတိုင်းအတာဆောင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုး မပေးနိုင်သေးဘူးပေါ့။
ပေးဖို့အကန့်အသတ်ရှိနေတာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကြေညာချက် (၁/၂၀၁၆) အရ သတိပြုမိပါတယ်။ ကျနော်တို့ကို လွှတ်ပေးတယ်ဆိုတာ မတရားစွဲဆိုထားတဲ့ အမှုတွေကနေ “တရားရှင်” လွှတ်တာပါ။ ဒီအချက်ကို ဒေါ်စု လည်း ကောင်း ကောင်းသိပါတယ်။ ဒီလို လွှတ်ပေးနိုင်ဖို့ ဒေါ်စုက နည်းလမ်းညွန်ပြပေးတာကို ကျနော်တို့ လေးလေးနက်နက်မှတ်တမ်းတင်ထားပါတယ် ကျေးဇူးလည်းတင်ပါတယ်။

ကျနော်တို့ ကျောင်းသားလူငယ်တွေ အခုလွတ်လာကြပြီ။
ကျနော်တို့ကျောင်းသားတွေရဲ့တောင်းဆိုမှုတွေ မပြည့်ဝသေးပါဘူး။ မပြည့်စုံသေးပါဘူး။ ဒါတွေအတွက် ရှေ့ခရီးဆက်ကြရ အုံးမှာပါ။ ဆရာကြီးဦးဝင်းတင်စကားနဲ့ဆိုရင် ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို ဆက်လျှောက်ကြရအုံးမှာပါ။

ကျနော်တို့ကျောင်းသားလူငယ်တွေ ဆက်၍လျှောက်သောလမ်းမှာ အစိုးရသစ်နဲ့အစိုးရဟောင်းရဲ့မူဝါဒသဘောထားနဲ့ပေါ်လစီ တွေဟာ ရွှေနဲ့ကြေးပမာ ကွဲပြားခြားနားလိမ့်မယ်လို့ ကျနော်တို့ တည်တည်ကြည်ကြည်နဲ့မျှော်လင့်မိပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီအရေး၊ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေအတွက် ကျနော်တို့ ဆက်လျှောက်ကြ ရမယ့်လမ်းပေါ်မှာ “၂၀၀၈ အခြေခံဥပဒေ” ဟာ ကြီးမားတဲ့အနှောင့်အယှက်အတားအဆီးတစ်ခုလို့မြင်ပါတယ်။

(ဦးသိန်းစိန်ကြံ့ဖွံ့ပါတီ) အစိုးရဟောင်းဟာ ကျနော်တို့ကို လိမ်ညာခဲ့တယ်၊လှည့်စားခဲ့တယ်၊ အကြမ်းဖက်ခဲ့တယ်။

ကျောင်းသားထု အစိတ်စိတ်အမွှာအမွှာ ကွဲသွားအောင် သပ်ရှိုဖြိုခွဲခဲ့တယ်။ ကျောင်းသားနဲ့မိဘအကြား၊ ကျောင်းသားနဲ့ သံဃာအကြား သွေးခွဲရန်တိုက်ခဲ့ပါတယ်။ နောက်ဆုံး မရတော့တဲ့ အဆုံးမှာ ဟန်မဆောင်နိုင်တော့ဘဲ အကြမ်းဖက်ဖိနှိပ်ခဲ့ပါတယ်။
ဒီလို လှည့်ဖြားကောက်ကျစ်မှုနဲ့အကြမ်းဖက်မှုကို (ကျောင်းသားတွေက စရိုက်လို့ ရဲကရိုက်ရတာပါ/ရေသန့်ဘူးနဲ့ ကျောင်းသား တွေစပစ်လို့ပါ ဆိုပြီး) သမ္မတဦးသိန်းစိန် ကိုယ်တိုင်က အရှက်မဲ့စွာ ပြောင် လိမ်ညာ ဖုံးကွယ်ခဲ့တာပါ။  
အခုကျနော်တို့ကျောင်းသားကျောင်းသူလူငယ်များရဲ့ကိုယ်ခန္တာမှာ (ဦးသိန်းစိန်ကြံ့ဖွံ့ပါတီ)အစိုးရဟောင်းက ခပ်နှိပ်ပေးလိုက်တဲ့ သေရာပါမယ့် ဒဏ်ရာကိုယ်စီရခဲ့ကြသလို အသဲနှလုံးနဲ့ဦးနှောက်မှာလည်း အုပ်စိုးသူအစိုးရ(ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ)ရဲ့ လှည့်ကွက်နဲ့ အကြမ်းဖက်မှုတွေကို ဆေးမင်ထိုးထားသလို စွဲမှတ်ခဲ့ပါပြီ။ 
ဒီလို ခါးသီးနာကျင်မှုအလုံးစုံကို ကျနော်တို့ကျောင်းသားလူငယ်တွေက ရှေ့ဆက်ရမယ့်ခရီးအတွက် ခွန်အားအဖြစ် ပြောင်း လဲ ပစ်ရမှာပါ။ 
အတိုင်ပင်ခံပုဂ္ဂိုလ်၊အစိုးရသစ်တို့နဲ့အတူ(ဗကသ)ဖွဲ့စည်းရေး၊ (တကသ)အဆောက်အအုံပြန်လည်တည်ဆောက်ရေးလို သမိုင်း ဆိုင်ရာ ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းတွေနဲ့ဆောင်ရွက်နိုင်လိမ့်မယ်လို့ အလေးထားမျှော်လင့်မိပါတယ်။ အားတက်မိပါတယ်။  
ဒါ့အပြင်အစိုးရသစ်ရဲ့ မူဝါဒတွေဖြစ်တဲ့
အမျိုးသားရင်ကြားစေ့ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊
ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး
ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက် မြင့်မားရေး
စတဲ့လုပ်ငန်းတွေမှာလည်း ကျနော်တို့ကျောင်းသားလူငယ်တွေဟာ (ဗကသ)ရဲ့ အစဉ်အလာတွေနဲ့အညီ ရပ်တည်ဆောင်ရွက်သွားကြ ရလိမ့်မယ်လို့ စဉ်းစားထားမိပါတယ်။