မင်းကိုနိုင် - စာအုပ်နဲ့ စမတ်ဖုန်း

 
မင်းကိုနိုင် - စာအုပ်နဲ့ စမတ်ဖုန်း
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။

ဟိုတုန်းက ညနေဆိုရင် စာအုပ်ကိုယ်စီ ခါးမှာထိုးလို့ လူငယ်တွေ စာအုပ်ဆိုင်သို့ ခြေဦးလှည့်ကြ၊ ဖတ်ပြီးတဲ့ စာအုပ် ပြန်အပ်ပြီးရင် အသစ်ပြန်ငှားပြီးတာနဲ့ ထိုခေတ်အခေါ် ဒေါင်ဆိုင် ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကို သွားကြတာပါပဲ။ ကိုယ်စီ ဖတ်ပြီးသမျှ စာအုပ်တွေအကြောင်း ပြန်ပြောပြ၊ နားထောင် ဆွေးနွေး ငြင်းခုံကြ၊ အမြင်မတူ ငြင်းခုံကြပေ မယ့် အခုခေတ် အွန်လိုင်းမှာလို မင်းကို ငါ အန် (Unfriend) လိုက်မယ်၊ ဘလော့ (Block) လိုက်မယ် ဆိုတာမျိုး မဖြစ်ခဲ့ပါဘူး။ ဘယ်ဖြစ်မလဲ ကိုယ့်ရဲ့ ငြင်းခုံဘက်ဟာ ကိုယ့်လိုပဲ စာချစ်သူ၊ စာဖတ်သူ ကိုယ့်ရှေ့တင် သက်ရှိထင်ရှား ငုတ်တုတ်ထိုင်နေတဲ့သူကိုး။ ပြီးတော့ သူငြင်းတာကလည်း ကိုယ့် အဘိဓမ္မာ ကိုယ် ခိုင်မာအောင် အချက်အလက်နဲ့ ငြင်းခုံကြတာကိုး။ အကောင့်တု၊ အကောင့်ပုန်းတွေနဲ့ တာဝန်ခံ၊ တာဝန်ယူမှု မရှိတဲ့ ရန်လို ထိုးနှက်ခြင်းမျိုးမှ မဟုတ်တာ။

ဟိုတုန်းက လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ အခုခေတ် ကော်ဖီဆိုင် တော်တော်များများလို ကော်ဖီ တစ်ခွက်ဖိုးဟာ မိသားစု ထမင်း တစ်နပ်စာလောက် ဈေးခေါင်ခိုက်နေတာမျိုး မဟုတ်ပါ။ ဈေးချိုတဲ့ လက်ဖက်ရည် နှစ်ခွက်လောက် မှာပြီး သူငယ်ချင်း လေးငါးယောက်ထိုင်၊ အခမဲ့ရတဲ့ ရေနွေးကြမ်းကို လိုသလောက်တောင်း စကားဝိုင်း ကောင်းနိုင်တဲ့ ခေတ်မျိုးကိုး။
.
ပုံနှိပ်စာပေနဲ့ အွန်လိုင်း စာပေဆိုပြီး ဘာတွေ ခြားနား နေပါသလဲ။ မကြာသေးခင် ခေတ်ကထက်စာရင် စာပေ ရေးသား ပုံနှိပ်ထုတ်ဝေခွင့်တွေ ပိုရလာတဲ့ အခုအချိန်မှာ ပုံနှိပ်စာပေဟာ အကြောင်းအရာ မျိုးစုံ၊ အထူးသဖြင့် လွတ်လပ်ခွင့် တရားမျှ တမှု အကြောင်းတွေ နိုင်ငံရေး နောက်ခံ သမိုင်းကြောင်းတွေ ဝေေ၀ဆာဆာ ထုတ်ဝေနိုင်လာ ကြလို့ ပိုအားကောင်းလာတာ အမှန်ပါပဲ။ ဒါပေမဲ့ အွန်လိုင်း စာပေကိုပဲ စွဲစွဲမြဲမြဲ ဖတ်နေတဲ့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း အချို့ အတွက်တော့ ပုံနှိပ်စာပေဟာ အလှမ်းဝေးနေဆဲပါ။

မနက် အိပ်ရာနိုးလို့ မျက်နှာမသစ်ခင် စမတ်ဖုန်းကို လှမ်းဆွဲ အင်တာနက်ထဲ ၀င်ကြတယ်။ Facebook (ဖေ့စ်ဘွတ်)၊ Blog (ဘလော့)နဲ့ Google (ဂူဂဲလ်)ထဲ ဘာတွေကို ရှာဖွေကြည့်မိတတ်ကြပါသလဲ။ ဒီနေ့ ဘာထူးလဲပေါ့။ မနေ့ကသတင်း ဒီနေ့ ဘာဆက်ဖြစ်လဲ။

▬▬▬▬
#သတင်းတွေကို စာလုံးတွေနဲ့ ဖွဲ့စည်းထားတာ မှန်ပေမယ့် ဒီနေရာမှာ သတင်းဖတ်သူနဲ့ စာဖတ်သူ တူတယ်လို့ မခံစားရပါ။
▬▬▬▬

ဆိုလိုတာက စာပေ ယဉ်ကျေးမှု ဆိုတာ ရသ၊ သုတ၊ အတွေးအခေါ် လူမှုကျင့်ဝတ် စသည်တို့ပါပဲ။ အင်ဖော်မေးရှင်းခေါ်တဲ့ သတင်းကို မခေါ်ပါ။ သတင်းထူး ဆိုရာမှာလည်း ဖြစ်ရပ်များသာမက မိမိကို အာရုံစိုက်လာအောင် လုပ်ကြံစွက်ဖန်တီး ယူမှုမျိုးကိုပဲ ဒီနေ့ ဒါတွေ ထူးတယ်ထဲ ထည့်ပြောကြတာကိုး။ တစ်ယောက်နဲ့ တစ်ယောက် ခေတ်နောက်ကျတယ် မဖြစ်ဖို့ သတင်းနောက် ကောက်ကောက်ပါ လိုက်ပြေးနေကြခြင်းဟာ ဦးနှောက်ကို အားပေးတဲ့ အတွေးအခေါ် စာပေ၊ နှလုံးသား ရင့်ကျက် ပြည့်ဝစေတဲ့ ရသ စာပေကောင်းများနဲ့ ဝေးကွာစေတတ်ပါတယ်။
.

ပုံနှိပ်စာအုပ်တွေ ဆိုတာမျိုးက အွန်လိုင်းစာပေနဲ့ယှဉ်ရင် အကန့်အသတ်ရှိပါတယ်။ စာအုပ် ဘယ်လောက်ထူထူ ဖတ်ပြီးသွား ရင် ထိုင်တွေးစရာ အချိန်၊ ပြီးတော့ ဦးနှောက် နေရာ ကျန်သေးတာကိုး။ အွန်လိုင်း စာပေကတော့ တစ်ယောက်က နှစ်သက် လို့ (Share) မျှဝေလိုက်သမျှ မူရင်းပိုင်ရှင်ဆီ ၀င်ကြည့်၊ အဲဒီ စာမျက်နှာတွေထဲမှာ သူက အခြား ကောင်းနိုးရာရာတွေ ထပ်မျှ ဝေထားတော့ နောက်ထပ် မူရင်းထဲ ထပ်ဝင်ဖတ်စရာတွေက ထပ်ခါ ထပ်ခါများ။ မထွက်နိုင်တော့ဘဲ အကြောင်းအရာ တစ်ခုတည်းမှာ သမာဓိကောင်းကောင်းနဲ့ ဖတ်ရ တွေးရတာမျိုး မဟုတ်တော့ပါဘူး။
.
ပုံနှိပ်ခေတ်တုန်းက စာရှည်လည်း အချိန်ယူ အရသာရှိရှိ ဖတ်နိုင်ကြပါတယ်။ လိုရင်းဆီ ရောက်အောင် စာရေးသူရဲ့ ရေးဖွဲ့မှု အတတ်ပညာကို ကျေကျေနပ်နပ် လိုက်ပါခံစားနိုင်ခဲ့ ကြတာပါ။ အခု အွန်လိုင်းခေတ်မှာတော့ စာရှည်ရင် မဖတ်ချင်တောာ့ဘူး ဆိုတဲ့ ပြဿနာကို တည့်တည့် တိုးနေကြရပါပြီ။ ရွေးချယ်စရာတွေ အင်မတန် များတဲ့အခါ စာရှည်သော်လည်း ယုံယုံကြည်ကြည် လိုက်ပါနိုင်ဖို့ ခက်လာတဲ့ သဘောပါ။ စကားလုံး အကန့်အသတ်နဲ့ လိုတိုရှင်း ရေးနိုင်တဲ့ တွစ်တာ (Twitter) လို ဆိုရှယ် မီဒီယာမျိုးတွေ တွင်ကျယ်လာတာကလည်း အချိန်ဆင်းရဲတဲ့ ခေတ်အတွက် အင်မတန် ကောင်းမွန်တဲ့ အမျိုးအစား တစ်ခုပါပဲ။

အွန်လိုင်းမှာ ဝေဖန် အကြံပြုချက် ကွန်မန့် (Comment) တွေထဲ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများနှင့် ပြီးစလွယ် ရေးနေကြတာ အတော်များများက ထောက်ပြဝေဖန်သံတွေ ညံနေပါပြီ။ ဘာကြောင့်ပါလဲ။ ဆွမ်းကြီး ၀ိုင်းလောင်းတယ် ဆိုတဲ့ စကားဟာ မူရင်း ဒါနကုသိုလ် ကိစ်္စမျိုးဖြစ်ပေမယ့် သွယ်ဝိုက် တင်စားကြတဲ့ အခါမှာတော့ တစ်စုံတစ်ယောက်ကို အများက ၀ိုင်းဖွဲ့ ထိုးနှက်ကြတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ တစ်ယောက်တစ်လက်နဲ့ ဘယ်သူ ဘယ်နှချက်မှန်းမသိ ၀ိုင်းဝန်း နှိပ်ကွပ်ကြတယ်ဆိုရာမှာ တာဝန်ခံ၊ တာဝန်ယူမှု မရှိတဲ့ ထိုးနှက်ချက်များ အများစု ပါနေတတ်ပါတယ်။ တချို့ဆို ရည်ရွယ်ချက် ရှိရှိ နစ်နာအောင် အားထုတ်တာမျိုးလည်း ပါတာပေါ့။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူ အမျိုးအစားကို အချက်အ လက်နဲ့ တုံ့ပြန် ခုခံတာမျိုးတော့ ရှိရမှာပါ။

အရေးကြီးတာက တာဝန်ခံ၊ တာဝန်ယူမှု ရှိတဲ့ စာ အမျိုးအစားတွေ ဖြစ်ဖို့ပါပဲ။ အမှောင်ခေတ် တစ်လျှောက်မှာ အဖွဲ့အစည်း တစ်ခုကို တာဝန်ခံ၊ တာဝန်ယူစိတ်နဲ့ တည်ထောင် နိုင်ခွင့်၊ အယူအဆနဲ့ ယုံကြည်ရာကို တာဝန်ခံ၊ တာဝန်ယူ ပြောဆိုရေး သားခွင့်တွေ ဖျက်ဆီး ပိတ်ပင်ခံခဲ့ရတာ အားလုံး အသိပါ။

ပုံနှိပ် စာပေခေတ်မှ အွန်လိုင်း စာပေခေတ် ပြောင်းသွားတာ အကြောင်း မဟုတ်ပါ။ ဈေးချိုတဲ့ လက်ဖက်ရည် တစ်ခွက်ကို လေးငါးယောက် ထိုင်သောက်တဲ့ ခေတ်မှ ထမင်း တစ်နပ်စာ ကော်ဖီ တစ်ခွက် ခေတ်ပြောင်းတာ ကိုလည်း မဖွဲ့ဆိုပါ။ လက်ဖက်ရည် ကော်ဖီနဲ့ တွဲဖက် သုံးဆောင်စရာ စာအုပ်စာပေမှ စမတ်ဖုန်းအဖြစ် ပြောင်းသွား တာလည်း အဓိက မဟုတ်ပါ။ ဦးနှောက်အတွက် ဉာဏ်ပညာ ကို အားပေးသော အတွေးအခေါ် စာပေမျိုးတွေ နှလုံးသား အတွက် စာနာမှုနှင့် ရင့်ကျက်မှုကို ပေးစွမ်းသော ရသ စာပေကောင်းမျိုး။ ပြုစု ရေးသားသူ ဖတ်ရှုဝေဖန်နိုင်စွမ်း ရှိသူ မျိုးဆက်များကို တောင့်တမိပါကြောင်း။

#မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၇၊ အပတ်စဉ် ဆောင်းပါး။ ]