သားကြီးမောင်ဇေယျ - ဒဂုန်တာရာ ရဲ့ မြိုင် ၀ထ္ထုထဲက အရောင်များ



သားကြီးမောင်ဇေယျ - ဒဂုန်တာရာ ရဲ့ မြိုင် ၀ထ္ထုထဲက အရောင်များ
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၆


ဆရာဒဂုန်တာရာ ဟာ ပန်းချီဝါသနာပါသူပီပီ သူ့ဝထ္ထုတွေမှာ ဇာတ်ကောင်စရိုက်တွေ၊ လူတန်းစားစရိုက်တွေ၊ ရူမျှော်ခင်းတွေ၊ စိတ်လူပ်ရှားမှုတွေ ကို အရောင်တွေနဲ့ဖေါ်ပြလေ့ရှိတာကိုတွေ့ရပါတယ်။ ကျနော် သတိပြုမိသလောက် စုစည်းတင်ပြပါမယ်။ မြိုင် ၀ထ္ထုက စ လို့ လေ့လာကြည့်ရအောင်ပါ။

မြိုင်ဝထ္ထု မိတ်ဆက်
မြိုင်ဝထ္ထု ဟာ ဒဂုန်တာရာရဲ့ ဒုတိယမြောက်ဝထ္ထုဖြစ်ပါတယ်။

၁၉၄၈ ရှုမ၀ မဂ္ဂဇင်း မှာဖေါ်ပြခဲ့တာပါ။

အချစ်နဲ့တော်လှန်ရေး ရောစပ်ဖွဲ့ဆိုထားတဲ့ ၀ထ္ထုဖြစ်ပါတယ်။

ဒီဝထ္ထုကို တပတ် အတွင်း အပြီးရေးခဲ့တဲ့ တာပါ။

စာရေးသူ ဆရာဒဂုန်တာရာက နောက်ထပ် အရှည်ရေးမည် လို့ စိတ်ကူးထားပေမယ့် ဆက်မရေးဖြစ်ခဲ့ပါဘူး။

(ဒို့ခေတ်။ စာရေးသူအမှာ စာမျက်နှာ ၁၃)

ကဲစတင်လေ့လာကြည့်ရအောင်ပါ။
မြိုင်ရင်ထဲမှာ ရွံရွံကလေးကွေးနေတဲ့ နေကြာပန်းတွေဟာ ဟောရှင့် . . . လွန့်လွန့်လက်လက်နဲ့ တွန့်လူပ်လာပြီး ရွှေဝတ်မှုန်၊ ရွှေဝတ်လွှာ၊ ရွှေပွင့်ချပ်၊ တဖျတ်ဖျတ် နဲ့ ပြန်လည် ဆန်းသစ်လာတဲ့ နွေဦးရွှေပါကလားကွယ် ချစ်စရာကလေးနော်။
(မြိုင်။ အခန်း ၁။ စာမျက်နှာ ၁။)

ဇာတ်လိုက်မင်းသမီး မြိုင် က ဇာတ်လိုက်မင်းသားကဗျာဆရာ ကိုနန်းနွယ် ရောက် အလာ ကိုမျှော်လင့်ရင်း ရင်ခုန်နေပုံကိုဖွဲ့နွဲ့ထားတာပါ။ မြိုင်ရဲ့ ၀န်းကျင်မှာ ရွှေဝါရောင် တောင်နေကြာပန်းတွေ ၀န်းရံနေပါတယ်။ ရှမ်းပြည်ရဲ့နွေဦးအလှပါ။ ရွှေရောင်လွှမ်းနေတဲ့ နွေဦးပါ။ မြိုင် ရဲ့ ၀န်းကျင်မှာ ရွှေရောင်တွေတဖျတ်ဖျတ် လက်နေသလို ရင်တွေ တလှပ်လှပ်ခုန်နေပုံ့ကိုရေးဖွဲ့ထားတာပါ။

ကိုနန်းနွယ်သည် ပြတင်းမှ မျက်နှာတစ်ဝက်ထုတ်ကာ ပြာလဲ့လဲ့ မြူမှင်ကြားဝယ် တဖြည်းဖြည်းဝေးကျန်ရစ်ခဲ့သော ဘူတာရုံ အမိုးနီနီလေးကို မြင်နေရသေးသည်။ တဝေ့ဝေ့နှင့် ယှက်လိန်ကာမြူစ မြူန ပုံသဏ္ဌန် များကိုပင် ပျောက်ကွယ်ဖုံးစပြုပေပြီ။

(မြိုင်။ အခန်း ၂။ စာမျက်နှာ ၂။)

တဖြည်းဖြည်းဝေး သွားတာ၊ မြူမှုန်တွေ ကာ ဆီးနေတာကို ပြာလဲ့လဲ့ အရောင်နဲ့ ဖေါ်ပြပြီး
အဝေးကနေ မြင်နိုင်တဲ့ အနီရောင် ဘူတာရုံခေါင်းမိုးကို ဖေါ်ပြလိုက်တာဟာ အရောင်အနီးအဝေးသဘော
ကို မျက်စိနဲ့ တိုက်ရိုက်မြင်လိုက်ရသလို ဒါမှမဟုတ် ပန်းချီကားတချပ်လို့ခံစားရစေပါတယ်။

နောက်ဝေး ၍လာသည့်အခါ ဘေးတိုက် ပုံသဏ္ဌန် များသည် သေး၍ သွားပြီး နောက်ဆုံး၌ ပျပျမျဉ်းကြောင်းလေးမျှသာ ကျန်တော့သည်။ မီးရထားသံလမ်း တစ်ကွေ့သို့ ကွေ့လိုက်သောအခါမူကား မြို့၏သ ပုံသဏ္ဌန် သည်လုံးဝမရှိတော့ဘဲ ဘာဟူ ၍ မမှည့်တတ်နိုင်သော ရှုမငြီး အသစ်တစ်ရပ် အစားရောက်နေတော့သည်။
(မြိုင်။ အခန်း ၂။ စာမျက်နှာ ၃။)

နီးရင် ကြီး ပြီးပြတ်သား ဝေးရင်သေး ပြီးမှုန်ဝါး တဲ့ လူ့မျက်လုံးသဘာဝ အမြင်ကို အသေးစိတ်ရေးပြထားတာပါ။

တောင်နှစ်ခုကြားရှိ ချိုင့်ဝှမ်းကြီးကား အမှောင်တစ်ဝက်ဝယ် စိမ်းပြာပြာဖြစ်နေသည်။
(မြိုင်။ အခန်း ၃။ စာမျက်နှာ ၅။)

တောင်နှစ်ခုကြား ဥမင် လိုင်ခေါင်းထဲ ရထားဝင်ခါနီး အချိန် အမှောင်ရိပ်ကျရောက် ပုံကို ရေးထားတာပါ။
အမှောင်ထဲမှာ ပါဝင်တဲ့ အစိမ်းနဲ့ အပြာ ရောင်တွေ ကို အထူးဂရုစိုက် ရေးသားထားပါတယ်။
အမှောင်ရိပ်တို့သည် သန်းစပြုလေပြီ။ ချိုင့်ဝှမ်းတို့တွင် ခပ်ညိုညိုရှိလေပြီ။ တောင်ခြေရှိ စိမ်းညိုညိုသည် ပြာမှောင်စပြုလေပြီ။
(မြိုင်။ အခန်း ၄။ စာမျက်နှာ ၇။)

အညိုရောင်ချိုင့်ဝှမ်း၊ အပြာရောင်လွှမ်းတဲ့ အမှောင်။ ရှုခင်းတွေ၊ အချိန်တွေ ကို အရောင်တွေနဲ့ရေးထားပါတယ်။

ထမင်းစားပွဲမှာ စားပွဲခင်းအသစ်လဲထားသည်။ စားပွဲခင်းအမြိတ်မှာ ဖောက်ပန်းရွှေရောင်နှင့် အနီကိုတွဲဖက်ရောထားရာ လေတိုက်သည့်အခါ အရွက်နှင့် အပွင့်တို့သည် ပွေ့ဖက်လျက်ရှိကြသည်။
(မြိုင်။ အခန်း ၅။ စာမျက်နှာ ၁၉။)

စားပွဲခင်း အသစ်ရဲ့ အမြိတ်အရောင်ကို မိတ်ဖက်အရောင်တွေဖြစ်တဲ့ ရွှေရောင်နဲ့ အနီရောင်တွဲထားကြောင်းဖေါ်ပြထားပါတယ်။ အခန်းဝန်းကျင်ရဲ့ အရောင်ပြေပြစ်မှုတွေဖေါ်ပြတာပါ။ ဒါဟာအထက်တန်းစား ဧည့်ခန်းဖြစ်တယ်လို့ဆိုလိုချင်တာပါ။ အရောင်တွေနဲ့ လူတန်းစား ပညာတတ် သဘာဝ ကိုပြောပြလိုဟန်ရှိပါတယ်။

အမှောင်သန်းစပြုပြီဖြစ်သဖြင့် ဓာတ်မီးခလုပ်ကိုဖွင့်လိုက်သည်။ နေရောင်နှင့် လျှပ်စစ်ရောင် တ၀က်စီကြားဝယ် ချယ်ရီပွင့်များမှာ ကြောင်နေသည်။ ပြတင်းပေါက်တို့တွင် တဖျတ်ဖျတ်လွင့်နေသော ရှားရောင်ခန်းဆီးသာ အသွေးမပျက်။ ခတ်မိုင်းမှိုင်း။
(မြိုင်။ အခန်း ၅။ စာမျက်နှာ ၁၉။)

နေရောင်နဲ့လျှပ်စစ်ရောင်တွေရိုက်ခတ်မှုကြောင့် ချယ်ရီပွင့်ရဲ့ အရောင်တွေလည်း မူလ အရောင်၊ မူလအလှပျက်ကာ ကြောင်တောင်တောင် ဖြစ်နေတယ်လို့ဆိုချင်ဟန်တူပါတယ်။ သဘာဝ ညနေဆည်းဆာရောင်နဲ့ လျှပ်စစ်ရောင်တွေတပြိုင်ထဲ ရှိနေချိန်ဟာ စာရေးသူကို မျက်စိစပါးမွှေးစူးစေသလားမသိပါ။ ခတ်မှိုင်းမှိုင်းရှားရောင်ခန်းဆီးကိုတော့ အသွေးမပျက်လို့သူနှစ်ချိုက်မိဟန်ရှိပါတယ်။

သူဝတ်ထားသောမန္တလေးချိတ်ပိုး ရေညှိရောင်နှင့် တက္ကလပ် မီးခိုးရောင်မှာ လိုက်သည်။
(မြိုင်။ အခန်း ၇။ စာမျက်နှာ ၂၀။)

ဇာတ်လိုက် ကိုနန်းဝေ ၀တ်ဆင်တဲ့ အရောင်ပါ။ ပီပြင်တဲ့ အရောင်တွေ မဟုတ်ပါဘူး ။ သဘာဝနဲ့ လိုက်ဖက်တဲ့ ရောထွေး အရောင်တွေဖြစ်ပါတယ်။ ဇာတ်ကောင်ရဲ့ နူးညံ့အေးချမ်းမှု စရိုက်ကို သူဝတ်ဆင်တဲ့ အရောင်နဲ့ကိုဖေါ်ပြတာပါ။

ပျော့ညက်ညက်အပြာဝယ် တိမ်လှေများ ပေါလောမျောနေသောကောင်းကင်ကို ငေးနေရာမှ ကိုနန်းနွယ်သည် အသာအယာ မြိုင်ကိုကြည့်ကာ . . . .
(မြိုင်။ အခန်း ၁၀။ စာမျက်နှာ ၄၃။)

ကောင်းကင်ပြာ ကို လက်နဲ့ ကိုင်ကြည့်ရင် ခံစားရမယ့် ခံစားမှုမျိုး ကို ရေးသားထားတာပါ။ ကောင်းကင်ပြာဟာ နူးညံ့တဲ့ အပြာ လို့ဆိုလိုဟန်တူပါတယ်။

ကျေးငှက်များသည် အိပ်ရာမှထကာ တကျီကျီအော်လေပြီ။ ဆင်မဆင်လမ်းမှာ လူးလွန့်လေပြီ။ မှန်ပြတင်းဝယ် ပတ္တမြားစက်များသည် သီးဥလေပြီ။ ပတ္တမြားစက်မှာ အရည်လည်ပြီး ရွှေရည် ရွှေစက်ဖြစ်လာသည်။
(မြိုင်။ အခန်း ၂၁။ စာမျက်နှာ ၉၉။)

မနက်ရောင်နီဦးပေါ်ချိန်ကိုဖေါ်ပြရာမှာ မှန်ပြတင်းပေါ်က မိုးစက်တွေကို ပတ္တမြားစက်များသီလေပြီလို့ ရေးဖွဲ့လိုက်ပါတယ်။ နေမြင့် လာလို့ နေရောင်ဟာ အ၀ါဖက်ကို ကူးလာတာ၊ အချိန်ပြောင်းလဲလာတာ ကိုလည်း ပတ္တမြားစက်မှာ အရည်လည်ပြီး ရွှေရည် ရွှေစက် ဖြစ်လာတယ်လို့ မိုးစက်ပေါ်မှာ ကျနေတဲ့ အရောင်တွေနဲ့ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။

သားကြီးမောင်ဇေယျ (၂၃-၄-၂၀၁၆)