စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ ရှိုးပွဲ ကွင်းလုံးပြည့် အားပေးခဲ့



စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ ရှိုးပွဲ ကွင်းလုံးပြည့် အားပေးခဲ့
ရန်နောင် (ဗိုလ်တထောင်) မိုးမခ ဧပြီ ၁၁ - ၂၀၁၆

နှစ်စဉ် ကျင်းပနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင် ဧပြီလ ၁၀ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့သည်။

ပွဲအား ည (၇) နာရီမှ စတင်ပြုလုပ်မည်ဟု ကြေညာထားသော်လည်း ညနေ (၄)နာရီလောက်ကတည်းက ပရိသတ်များမှာ တဖွဲဖွဲဝင်ရောက်လာကြောင်းလည်း ပွဲစီစဉ်သူမှ ပြောပြခဲ့သည်။စီစဉ်သူ ပြောပြသလိုပင် ဂိတ်ဝသို့ မရောက်ခင် လမ်းမပေါ်ကတည်းက ကားလမ်းများ ပိတ်မိကာ ရှေ့တိုးမရ ၊နောက်ဆုတ်မရ ဖြစ်နေသည်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်းမတွင် တွေ့မြင်ခဲ့ရသည်။

စိုင်းစိုင်းခမ်းလှိုင်သည် မွေးနေ့ အထိမ်းအမှတ်အဖြစ် စင်မြင့်ဖျော်ဖြေပွဲကို ထူးခြားဆန်းပြားသော စတိတ်ခ်ျများ၊ ဖျော်ဖြေမှုများဖြင့်တင်ဆက်ခဲ့သည်မှာ (၁၁) ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။

ဒီနှစ်တွင်လည်း ထူးခြားစွား စင်ပေါ်တွင် လေယာဉ်ပျံတစင်း ကို တင်ထားပြီး ထိုလေယာဉ်ပျံပေါ်တွင် ဒီဂျေညီညီဆွေက တက်ကာဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ ပထမပိုင်းကို ဒိတ်ဒိတ်ကြဲ သီချင်း နှင့် စတင်သီဆိုဖျော်ဖြေပြီး တောဂေါ်လီ၊ ဖုတ်လိုက်ဖုတ်လိုက်၊ အမြဲတမ်းယုံကြည်၊ နားနားနား၊ သူငယ်ချင်းလေးပါတဲ့၊ နွေရာသီလမ်းခွဲ၊ အပြာရောင်လမ်းခွဲ၊လူကြမ်းလေး။အထီးကျန်၊ သူငယ်ချင်းများစွာ သီချင်းများကို သီဆိုခဲ့သည်။ သီရိဆွေ၊ နန္ဒစိုင်း၊အိမ့်ချစ်၊ ချစ်ကောင်းတို့မှ လည်း Featuring သီဆိုပေးခဲ့ကြသည်။



ထို့နောက် မိစန္ဒီမှ သီဆိုဖျော်ဖြေခဲ့သည်။





ဒုတိယပိုင်းအစီအစဉ်ကို စတင်သောအခါ မိုးမိုးနှင့်တွဲ၍ ပထမဆု၊ မလွမ်းလောက်ပါဘူး ကိုသီဆိုခဲ့သည်။ ချာတိတ် သီချင်းကို သီဆိုသောအခါတွင် ကွင်းထဲရှိပရိသတ်များထဲမှ ကလေးမလေး တယောက်အား စင်ပေါ်သို့ ဖိတ်ခေါ်ကာ ပန်းစည်း ၊အရုပ် ၊ဆွဲကြိုး၊ လက်ပတ်များ ပေးကာ သီဆိုဖျော်ဖြေခဲ့ချိန်တွင်တော့ အောက်မှ မတက်ရသူတို့၏ မချိတင်ကဲ အော်ဟစ်သံများက ဆူညံနေပါသည်။



စိတ်ကူးယဉ် ၊ ရည်းစားစာ ကို သီဆိုပြီး ဘန်နီဖြိုး နှင့် တွဲဖက်၍ Oh…Oh…Hot တယ်၊ ကိုသီဆိုပြီး ဂစ်တာကို ကိုယ်တိုင်တီးကာ သီချင်းအသစ်တပုဒ်အား သီဆိုခဲ့သည်။အကြွင်းမရှိ၊ သီချင်းအား သီဆိုပြီး ဘန်နီဖြိုး နှင့်တွဲကာ ဆက်လက်သီဆိုခဲ့ပြန်သည်။





ဆက်လက်၍ ကောင်းမြတ်၊ငယ်ငယ် တို့နှင့်တွဲဖက်ကာ ဖျော်ဖြေခဲ့ပြန်သည်။

Snare အဖွဲ့နှင့်တွဲကာ ဒိန်းဂျား၊ အရူးပုံပြင် ကို သီဆိုပြီး Snare အဖွဲ့မှလည်း သီချင်း နှစ်ပုဒ် သီဆိုဂုဏ်ပြုခဲ့သည်။

ထို့နောက် အကအဖွဲ့များနှင့် တွဲဖက်၍ ဖျော်ဖြေမှုအစီအစဉ်တွင်တော့ တေးသံရှင် မို့မို့ နှင့် တွဲဖက်၍ ဝမ်းနည်းမှတ်တမ်း၊ ရက်စက်မှ ကြေကွဲ သီချင်းနှစ်ပုဒ်ကို သီဆိုခဲ့သည်။ အဲဗားဂေါ်လီ၊ Single လေးတွေ Shake ၊ဂေါ်တယ်မိုက်တယ်၊ ဒိတ်ဒိတ်ကြဲ၊ ဟိုက်ရှားဘား၊ သီချင်းများကို သီဆိုဖျော်ဖြေခဲ့သည်။

ထိုအချိန်တွင် စိုင်းစိုင်း၏ သူငယ်ချင်းများက စင်ပေါ်သို့ မွေးနေ့ကိတ်ကြီးကို တင်လာပြီး မွေးနေ့သီချင်းသီဆိုကာ ကိတ်မုန့်ခွဲခဲ့ပြီး စိုင်းစိုင်းက အားလုံးနှင့်စုပေါင်းကာ လူပျိုတွေပဲ သီချင်းသီဆိုကာ မွေးနေ့ ရှိုးပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

စိုင်းစိုင်း မွေးနေ့ ရှိုးကို Ve Ve မှ စပွန်ဆာပေးခဲ့ပြီး စကိုင်းနက်မှလည်း သင်္ကြန်အပြီးတွင် ဖရီးချန်နယ်ဖြစ်သော MNTV မှ ပြန်လည်ပြသပေးသွားမည်ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်သည် သင်္ကြန်တွင်း ရန်ကုန်မြို့ ပြည်လမ်း Alpine မဏ္ဍပ်တွင် ဖျော်ဖြေမည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိခဲ့ရသည်။