သာထက်အောင် – လော်စပီကာနှင့် ရုပ်ရှင်ရုံထဲက နိုင်ငံတော်အလံ


သာထက်အောင် – လော်စပီကာနှင့် ရုပ်ရှင်ရုံထဲက နိုင်ငံတော်အလံ
(မိုးမခ)၊ ဧပြီ ၂၁ ၂၀၁၆


ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲက မလွတ်နိုင် မကျွတ်နိုင်သေးတဲ့ ရွှေပြည်ကြီးဟာ ကမ္ဘာပေါ်မှာတရားဝင်ရုံးပိတ်ရက် အများဆုံးနိုင်ငံစာရင်းထဲမှာတော့ အခုချိန်ထိ တံခွန်စိုက်ဆဲပါ။

ငွေကြေးတောင့်တင်းတတ်နိုင်သူများကတော့ ပြည်ပခရီး၊ ပြည်တွင်းခရီး စိတ်အပန်းဖြေ လူအညောင်းပြေ သွားနိုင်လာနိုင်ကြပေမယ့် လူအများစုကတော့ အပူဒဏ်ကို လှိမ့်ပိန့်ခံရင်း သင်္ကြန်တွင်းပျင်းစရာကာလတခုကို ဘယ်လိုကျော်ဖြတ်ခဲ့တယ် မသိပါဘူး။ လူကြီးပိုင်းက အခါတွင်းနားအေးပါးအေး ဥပုသ်သီလစောင့်ချင်သူများရှိသလို၊ လူလတ်ပိုင်းကလည်း တူးပို့ တူးပို့ လုပ်ရမယ့် အရွယ်မဟုတ်တော့ စိတ်အေးလက်အေး နားနားနေနေစာဖတ်ချင်ကြတဲ့သူ ဗီဒီယိုခွေလေးကြည့်ချင်တဲ့သူ စသဖြင့် သင်္ကြန်ကာလကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အချိန်မှာ စိတ်ညစ်စရာ အကောင်းဆုံးကိစ္စတခုကတော့ ဂိတ်ဆုံးအထိ Volume တင်ထားတဲ့ လော်စပီကာတို့ ဆောင်းဘောက်တို့ပါပဲ။

ဖေ့စ်ဘွတ်ကိုဝင်ကြည့်တော့လည်း ဒီလော်စပီကာဆိုတာကြီးကို စိတ်ပျက်စွာနဲ့ ပြစ်တင်ဝေဖန်တဲ့စာတွေအများကြီးဖတ်ရပါတယ်။ အရေးကြီးတယ်ပဲပြောပြော အရေးမကြီးဘူးပဲထင်ထင် ဒီလော်စပီကာကိစ္စဟာ ပြည်သူကိုနှိပ်စက်ရာမှာတော့ အာဏာရှင်အစိုးရထက်တောင် စောလိမ့်အုံးမယ်ထင်ပါတယ်။ ပြောင်းလဲဖို့အချိန်တန်ပြီဆိုတာ တိုင်းပြည်ရဲ့ သေရေးရှင်ရေးဖြစ်တဲ့ အခြေခံဥပဒေသာမက အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ ဆွမ်းလောင်းဓမ္မာရုံတွေမှာ စည်းမရှိ ကမ်းမရှိ ပတ်ဝန်းကျင်တခုလုံးကို စိတ်ဆင်းရဲအောင်ဖွင့်နေတဲ့ ဒီအလေ့ဆိုးကြီးကိုလည်း ပြင်ဖို့သင့်ပါပြီ။

ပြည်ပက ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေကိုလေ့လာကြည့်ပါ။ ကိုယ့်မိသားစု သာရေးနာရေးဖြစ်ဖြစ်၊ ကိုယ့်ဘာသာအရ ကျင်းပတဲ့ ဘာသာရေးပွဲတွေဖြစ်ဖြစ် သူတပါးကိုထိခိုက်အောင် စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခွင့် မရှိပါဘူး။ ဆူညံအော်ဟစ်နေလို့ ပတ်ဝန်းကျင်က ရဲကိုဖုန်းဆက်ရင် ချက်ခြင်းရောက်လာပြီး လိုအပ်သလိုအရေးယူပါလိမ့်မယ်။

ဆစ်ဒနီက Auburn ဆိုတဲ့အရပ်က ဒုတိယမြို့တော်ဝန်က အစ္စလာမ်ဘာသာဝန်ပါ။ ပိုက်ဆံကလည်းချမ်းသာတော့ သူ့မင်္ဂလာဆောင်ကို လမ်းတွေဘာတွေပိတ်ပြီး အကအခုန်တွေနဲ့ အကြီးအကျယ်ပဲကျင်းပလိုက်တာ ရပ်ကွက်က မူဆလင်ရပ်ကွက်မို့ ဘာမှမပြေmပေမယ့် မီဒီယာနဲ့ ဥပဒေက လက်ပိုက်ကြည့်မနေပါဘူး။ ခုတော့ ဒုတိယမြို့တော်ဝန် ရာထူးကပြုတ်သွားပါပြီ။ ကျန်တဲ့အမှုတွေကတော့ တရားရုံးမှာ ဆက်လက်ရင်ဆိုင်နေရတုန်းပါ။

ကျွန်တော်ငယ်ငယ်က ဧရာဝတီမြစ်အနောက်ဘက်ကမ်း တောမက မြို့မကျနေရာလေးမှာ နေခဲ့ဖူးပါတယ်။ အဲ့ဒီကတည်းက လော်စပီကာသံလှလှကြီးခံခဲ့ရဖူးပါတယ်။ ဆွမ်းလောင်းဓမ္မာရုံက လော်စပီကာသံ နာခံလို့မပြီးခင် အရပ်ထဲက သားရှင်ပြု၊ သမီးနားသတို့ မင်္ဂလာဆောင်တို့များရှိရင် ၂လုံးပြိုင် ၃လုံးပြိုင်။ တရက်မတော့ ဆွမ်းလောင်းဓမ္မရုံက လူကြီးတယောက်ကို (ခင်လည်းခင်တော့) မေးကြည့်ဖူးပါတယ်။ လော်စပီကာမပါဘဲ ဆွမ်းလောင်းလို့မရဘူးလားဆိုတော့ သူပြန်ဖြေတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ “လော်စပီကာ မပါရင် အလှူတော်ငွေ သိပ်မရဘူးကွ” တဲ့။

ဒီစကားကိုထောက်ချင့်ပြီး အတွေးပွားကြည့်ရင် ကျွန်တော်တို့ မြန်မာလူမျိုးအတော်များများဟာ လှူဒါန်းခြင်းဆိုတဲ့ ဒါနအမှုကိုပြုရာမှာ လူသိခံလိုခြင်း၊ ထင်ပေါ်လိုခြင်း၊ ပကာသနဖက်ခြင်းဆိုတဲ့ အညစ်အကြေးလေးတွေမစင်ဘူးဆိုတာ သတိထားမိပါတယ်။ ဆရာကြီး ဦးရွှေအောင်စကား ငှားပြောရရင် “လွတ်လပ်ဒါန” မဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ တိုင်းကြီးပြည်ကြီးသားပီသတယ်၊ ယဉ်ကျေးတဲ့လူမျိုးဖြစ်တယ်ဆိုတာ လက်အုပ်ကလေးချီ၊ ပါးစပ်က မင်္ဂလာပါလို့ ပြောရုံနဲ့ ဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကြောင့် သူတပါးကို ထိခိုက်နစ်နာသွားမှာကို စိုးရိမ်တဲ့လူမျိုးသာလျှင် လူယဉ်ကျေးလို့ခေါ်ပါတယ်။ ကိုယ့်အိမ်မှာ အလှူလုပ်တာကို လော်စပီကာကြီးနဲ့ တရပ်ကွက်လုံး စိတ်ဆင်းရဲအောင်ပြုမိရင် ဒီအလှူကြောင့်ရတဲ့ ကုသိုလ်နဲ့ပြုမိတဲ့ အကုသိုလ် ကာမိမယ်မထင်ပါဘူး။

ရပ်ကွက် မြို့နယ်ကို အုပ်ချုပ်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ဒီ လော်စပီကာနဲ့ ပတ်သက်တဲ့ လက်စွဲဥပဒေတွေဘာတွေကို လေ့လာပြီး အများအကျိုးရှေ့ရှုတဲ့အနေနဲ့ တရားလွန်မဖွင့်ဖို့၊ အချိန်ကိုကန့်သတ်ဖို့၊ အရေးယူသင့် အရေးယူဖို့……။

ကျွန်တော်တို့လူမျိုးတွေ စည်းနဲ့ကမ်းနဲ့ နေတတ်ထိုင်တတ်ဖို့လိုပါပြီ။ ပြောင်းလဲဖို့တန်ပြီဆိုတာ ပါးစပ်နဲ့တင်မဟုတ်ပဲ၊ အလုပ်နဲ့ သက်သေပြရပါလိမ့်မယ်။ ခုလောလောဆယ် ပွစိပွစိဖြစ်သွားတဲ့ ပင်နီဝတ် ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင် လူကြီးတဦးလမ်းလျှောက်ရာမှာ လက်အုပ်လေးတွေချီနေတဲ့ သင်္ကြန်ပျိုဖြူများရဲ့ ပုံဟာဖြင့်လည်းအမြင်မတော် ဆင်တော်နဲ့ ခလောက်လို့ဆိုရပါလိမ့်မယ်။

မြန်မာတွေ စည်းကမ်းမရှိတဲ့အကြောင်း ဖွေစ်ဘွတ်မှာတယောက်ရေးထားတာ မကြာခင်ကဖတ်လိုက်ရပါတယ်။ သင်္ကြန်ရက်ရှည်ပိတ်ရက်မှာ ပူလွန်းလို့ မြို့ထဲရောက်တုန်း ရုပ်ရှင်ဝင်ကြည့်ပါသတဲ့ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံပြတော့ တချို့က မတ်တပ်ရပ်အလေးပြုတာ မတွေ့ရပါဘူးတဲ့။ ရုပ်ရှင်ပြတော့လည်း တချို့က မိုဘိုင်းဖုန်းကိုမပိတ်၊ တချို့ကလည်း စကားကျယ်ကျယ်လောင်လောင် ပြောနေတာတွေ့ရလို့ စိတ်အနှောက်အယှက်ဖြစ်ရကြောင်းရေးထားတာပါ။ အောက်က comment မှာတော့ တော်သေးတာပေါ့ ရှေ့ခုံရဲ့လက်တန်းပေါ်နောက်ခုန်ကလူက ခြေထောက်တင်မထားတာ။ ဘေးခုန် ကပ်ရပ်လူက ရုပ်ရှင်ကြည့်ရင်း ခြေတဖက်လှုပ်လို့ စိတ်အနှောက်အယှက် ဖြစ်နေရတာတွေလည်း ကိုယ်တွေ့ကြုံဖူးပါတယ်။

ဒီနေရာမှာ ဆွေးနွေးချင်တာလေးတစ်ခုက စည်းကမ်းမရှိတဲ့ ရုပ်ရှင်ကြည့်ပရိသတ် အကြောင်းမဟုတ်ပါဘူး။ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံကြီး ထုတ်လွှင့်တဲ့ကိစ္စပါ။ ရုပ်ရှင်ရုံထဲ လက်မှတ်ဝယ် ၂နာရီ ၃နာရီ အချိန်ပေးလာထိုင်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကြီးဟာ မတထောင်ဘွားတွေပီပီ ရည်ရွယ်ချက်အမျိုးမျိုး အကြောင်းကိစ္စအမျိုးမျိုးတွေရှိကြပါလိမ့်မယ်။ တချို့ကတော့ သူကြိုက်တဲ့ မင်းသားမင်းသမီးပါလို့ လာအားပေးတာဖြစ်နိုင်သလို စောစောကဖေ့စ်ဘွတ်ထဲရေးတဲ့ ပုဂ္ဂိုလ်လို ပူလွန်းလို့ အဲယားကွန်းရှိရာနေရာမှာ အေးရာအေးကြောင်း ၂နာရီလောက် လာခိုလှုံနေသူလည်း ရှိတာပါပဲ။ တချို့ကြတော့ မိန်းမနဲ့စကားများပြီး ပူညံပူညံသံ မကြားချင်လို့ ရုပ်ရှင်ရုံထဲ လာငိုက်တဲ့လူလည်းရှိနိုင်ပါတယ်။ သမီးရည်းစားဖြစ်ကာစ ကောင်မလေးကိုဖျားယောင်းပြီး နောက်ဆုံးခုံရဲ့အဖျားဆုံးနေရာမှာ မီးချောင်းအမှိတ်ကို စောင့်နေတဲ့ သူကောင့်သားကလည်း သူ့ရည်ရွယ်ချက်နဲ့ သူပေါ့လေ။

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ရုံထရောက်နေတဲ့ လူအားလုံးမှာ တူညီတာက ဘာသာရေးကိစ္စအတွက် လာတာမဟုတ်ဘူး၊ နိုင်ငံရေးကိစ္စအတွက် လာတာမဟုတ်ဘူး။ အနားယူချင်လို့ စိတ်အပန်းဖြေချင်လို့၊ စိတ်အညောင်းပြေ ထွက်ပေါက်တခုလိုချင်လို့၊ ဒါမှမဟုတ် အနုပညာခံစားချင်လို့ စသဖြင့်……။

ဒါကို ဘာမဆိုင်ညာမဆိုင် နိုင်ငံတော်အလံကြီးထိုးပြပြီး မတ်တပ်ရပ်ခိုင်းတာကတော့ ဘယ်ပုဂ္ဂိုလ်မျိုးရဲ့ ရွှေဉာဏ်တော်လည်းဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ရုပ်ရှင်ကြည့်တာကို ရုပ်ရှင်ကြည့်တယ်လို့ပဲ သဘောထားရမှာ။ ရုပ်ရှင်ကြည့်တယ်၊ ကာရာအိုကေသွားတယ်၊ အငြိမ့်ပွဲ ဇာတ်ပွဲသွားတယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးတွေးကြည့်ရင် ကိုယ်စိတ်တင်းထားတာတွေ လျော့အောင် ဖျော်ဖြေရေးတခုကို သွားခံစားတာပဲ။

ရုပ်ရှင်ဆိုတာကလည်း သိကြတဲ့အတိုင်း ဇာတ်လမ်းအမျိုးမျိုး စရိုက်အမျိုးမျိုးဆိုတော့ ထိုးကြကြိတ်ကြ သတ်ကြဖြတ်ကြတာတွေပါသလို သွေးရဲရဲ သံရဲရဲထိတ်လန့်စရာမြင်ကွင်းတွေလည်းပါမှာပဲ။ အနောက်ယဉ်ကျေးမှုထွန်းကားတဲ့ ဘိုနိုင်ငံတွေမှာတော့ ခုတင်ခန်းခြင်ထောင်ခန်းတွေ၊ ကိုယ်တုံးလုံး ၀တ်လစ်စလစ်အခန်းတွေလည်း ပါတတ်လေတော့ စောစောကလေးတင် နိုင်ငံတော်ရှေ့မတ်တပ်ရပ် ပြီးတော့… လိင်အသားပေးအခန်းတွေပါ ရှေ့နောက်သိပ်မညီညွတ်လှတာမို့ နိုင်ငံတော်အလံဆိုတာကြီးက ဒီနေရာမှာတော့ မလိုအပ်ပါဘူး။ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံမလိုပါဘူး။

နောက်ပြီး နိုင်ငံတော်အလံတို့ နိုင်ငံတော်သီချင်းတို့ဆိုတာ ပြည်သူတွေက တညီတညွတ်ထဲ လက်ခံအတည်ပြုပေးပြီး အခြေံဥပဒေနဲ့ ပြဋ္ဌာန်းရတာမျိုးဖြစ်လေတော့ ကျွန်တော်တို့ရဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေကြီးဟာ အခုထိအငြင်းပွားလို့ကောင်းတုန်း၊ ဒီလိုပြည်သူလက်မခံတဲ့ အခြေခံဥပဒေထဲက အလံတော်ကြီးက ရုပ်ရှင်ရုံထဲထိပါလာတာ သိပ်တော့ နည်းလမ်းမကျဘူးထင်ပါတယ်။

လွတ်လပ်ရေးရတော့ ယူနီယံဂျက်အလံဖြုတ်ပြီး ကြယ်ငါးလုံရံတဲ့ အလံတော်တင်တယ်။ ဗိုလ်နေ၀င်းကောင်းစားတော့ ပင်နံယံနဲ့ စပါးနှံပါတဲ့အလံတင်ပြန်ရော။ နောက်ကြယ် ၁၄လုံးပါတဲ့အလံ၊ ဟော အခုဘာအဓိပ္ပာယ်မှန်း ရေရေရာရာမသိကြဘဲ အရောင်သုံးရောင်ပါတဲ့ အလံကြီးကို နိုင်ငံတော်အလံအဖြစ် သတ်မှတ်ပြန်ရော။

ဆိုလိုတာက နိုင်ငံတော်အလံဆိုတာ နိုင်ငံရေး ရာသီဥတုစနစ်အပြောင်းအလဲတွေနဲ့ တိုက်ရိုက်သက်ဆိုင်လေတော့ ဒီအလံကို အလေးပြုမလား၊ မပြုဘူးလားဆိုတာ ကာယကံရှင်ရဲ့ အကြိုက်ဆန္ဒ ယုံကြည်ချက် ခံယူချက်တွေနဲ့လည်း ပတ်သက်နေတယ်။ ကြံ့ဖွတ်ကပြဋ္ဌာန်းထားတဲ့အလံကို ငြင်းပယ်ချင်တဲ့သူဟာ ရုပ်ရှင်ရုံထဲက ပေါ်လာတဲ့အလံကို အလေးမပြုဘူးဆိုတာ စစ်ရေးပြအခမ်းအနားမှာပါတဲ့ တပ်မတော်သားလိုတော့ အမိန့် နာခံချင်မှနာခံပေလိမ့်မယ်။

အဲ……နိုင်ငံတော်ကို ကိုယ်စားပြုရတဲ့ ကမ္ဘာ့အိုလံပစ်ပွဲမှာ ရွှေမြန်မာ အားကစားသမားတယောက် ရွှေတံဆိပ်ရပြီဆိုပါတော့ ဆုတက်ယူတဲ့အခါမှာ နိုင်ငံတော်အလံကြီး တလူလူတက်သွားတာကိုကြည့်ပြီး မြန်မာနိုင်ငံသားတွေ ၀မ်းသာဂုဏ်ယူကြလိမ့်မယ်။ နိုင်ငံတော်သီချင်းကိုလည်း လွှင့်ပေးသေးတော့ ပျော်ရွှင်စွာဆိုကြလိမ့်မယ်။ ဒါက နိုင်ငံတော်ကိုယ်စားပြု ယှဉ်ပြိုင်လို့ အနိုင်ရတဲ့အခါ နိုင်ငံတော်အလံတို့ နိုင်ငံတော်သီချင်းတို့ဆိုတာ မရှိမဖြစ်ပါ။

ရုပ်ရှင်ရုံထဲ နိုင်ငံတော်အလံကြီး လွှင့်ပြတော့ ဆိုပါစို့… နိုင်ငံခြားသားတသိုက် ရုပ်ရှင်ဝင်ကြည့်ပါပြီတဲ့ နိုင်ငံတော်အလံကြီး ပေါ်လာရင် သူတို့ မတ်တပ်ရပ် အရိုအသေပေးပါ့မလား။ တို့နိုင်ငံအလံမှ မဟုတ်တာဆိုပြီး ထိုင်ရာမထနေရင် ဘေးကမြန်မာနိုင်ငံသား ပရိသတ်က အမြင်စောင်းနိုင်တယ်။ နိုင်ငံသားစစ်စစ်တွေက ထမတ်တပ်ရပ်တာ မတွေ့ရပြန်ရင်လည်း နိုင်ငံခြားသားတွေက အထင်သေးဦးမယ်။

ကိုယ့်အမျိုးချစ်အောင် ကိုယ့်နိုင်ငံချစ်အောင် ကိုယ့်နိုင်ငံတော်အလံလေးစားအောင် ကိုယ့်ရဲ့ နိုင်ငံ့ခေါင်းဆောင်ကို ကြည်ညိုအောင်ဆိုတာ အတင်းပုံရိုက်သွင်းလို့ရတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ အမိန့်ပေး အမိန့်ခံလောက်သာသိတဲ့ စစ်ဗိုလ် စစ်သားတွေကတော့ ဒါမျိုးဝါသနာပါ ပါတယ်။ အမိန့်ကြောင့် အာဏာကြောင့် ရင်ထဲအသည်းထဲကမပါပဲလုပ်ရတဲ့ ၀တ်ကြေ၀တ်ကုန်ကိစ္စမှန်သမျှ ဘယ်တော့မှ မအောင်မြင်ပါဘူး။

ရုပ်ရှင်ရုံထဲက နိုင်ငံတော်အလံကို ထအရိုအသေပေးတာမပေးတာထက် လက်ရှိနိုင်ငံတော်ကို ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေဆိုတာကြီးကရော တကယ်ပဲ ပြည်သူတွေ နှစ်နှစ်ကာကာထောက်ခံ အတည်ပြုထားသလားဆိုတာ ဘက်မလိုက်ဘဲသေသေချာချာ စမ်းစစ်သင့်ပါပြီ။ လူအများ သဘောမတူ မနှစ်မြို့ရင် ဘယ်အရာမဆို ပြင်သင့်တာပြင် ပြောင်းသင့်တာပြောင်း ဖယ်သင့်တယဖယ်ရမယ်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရမို့ ယဲ့ယဲ့ပဲရှိတော့တဲ့ တိုင်ပြည်ရဲ့မျက်နှာကို ထောက်ထားပြီး ရဲရဲကြီးပြင် ရဲရဲကြီးပြောင်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျား။

သာထက်အောင်
ဧပြီ ၁၆၊ ၂၀၁၆