ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အမိုးရှင်ဂွမ်းဂွိ - ကျောရှေ့ဖက်က ရင်ဘတ်

မနိလွိုင် စခန်းမှာတွေ့ကြရတဲ့ စာရေးသူနဲ့ မိတ်ဆွေများ (စာရေးသူ မောင်နှံ၊ ဆရာ ကျော်သက်ဦး၊ ၀င်းနိုင်ဦး၊ ဘသန်း၊ ပုခက်ထဲက စောငို)



အမိုးရှင်ဂွမ်းဂွိ - ကျောရှေ့ဖက်က ရင်ဘတ်
(မိုးမခ) ဧပြီ ၅၊ ၂၀၁၆


ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ မွေးဖွားပေးလိုက်တဲ့ ကာတွန်းဆရာ၊ ပန်းချီစောငိုရေ ...

အစက KNU နယ်မြေမှာ လိုဆွာလိုးကျောင်သား၊ ဗဟိုရုံးချုပ်၊ မာနယ်ပလောမှာ သွားတော့ ဒေါက်တာနိုင်အောင်(ဥက္ကဌ) ကနေပြီး ကျနော်တို့ ABSDF ကနေ စာစောင်ထုတ်တာ DAWN (အရုဏ်ဦး) ပေါ့နော်။ အဲဒီမှာ ဖတ်ကြည့်ပါဦး၊ စာမူလည်း ရေးလို့ရတယ်နော်တဲ့။

ဒါနဲ့ အိမ်ယူလာပြီး ဘောလုံးကွင်းကြီးရဲ့ရှေ့က အိမ်ကြီးဝရန်တာမှာ ထိုင်ဖတ်ကြည့်တယ်။ အဲဒီမှာတင် ကာတွန်း ပန်းချီ စောမောင်ငို (ခုတော့ စောငို) ဆိုတဲ့ ကာတွန်းကို ပထမဆုံး ဖတ်ခွင့်ရခဲ့တယ်။ အဲဒီစာစောင်ထဲမှာ မိဆူးပွင့်၊ မောင်မောင်ကြီး (ကွယ်လွန်)၊ မောင်မောင်တိတ်(ကိုတိတ်) စသည်ဖြင့် ရေးထားတဲ့ ခံစားချက် ဆောင်းပါးတွေ ဖတ်ရတယ်။ မိဆူးပွင့်လည်း နံမယ်ရင်းပျောက်ပြီး မိဆူးပွင့် ဖြစ်၊ နင်လည်း နံမယ်ရင်းပျောက်ပြီး ကာတွန်းစောငို ဖြစ်နေတာပေါ့။

ငါတယောက်တည်း ဖတ်ပြီး အားရပါးရ ရယ်နေတာကို ကြည့်ပြီး ဖူးတာမလာဘော်(ကွယ်လွန်) က ဘာကို ရယ်နေတာလဲ မေးတော့ ငါက နင့်ရဲ့ကာတွန်းနဲ့ စာသား(မမှတ်မိ) ကို ပြလိုက်တယ်။ သူလည်း ဖတ်ပြီး ရယ်ပြီး တော်လိုက်တာ ၊ ဘယ်သူလဲ ... တဲ့

တိုတိုတုတ်တုတ် စာသားနဲ့ ကာတွန်းရုပ်ဆွဲပြီး သရော်နိုင်တဲ့ အရည်အချင်းရှိတဲ့သူလို့ မှတ်ချက်ပေးတယ်။ ဒါနဲ့ စုံစမ်းကြည့်တော့ ABSDF ထားဝယ်တပ်ရင်းက တဲ့။ ထားဝယ်သား၊ ထားဝယ်တက္ကသိုလ်ကျောင်းက ရှစ်လေးလုံးထဲမှာ ပါဝင်ပြီး တိုက်ပွဲဝင် ထားဝယ်ကျောင်းသား တဲ့။ လူမမြင်ဖူးပါ။ 'ဒေါင်း' စာစောင်ထွက်တိုင်း အရင်ဖတ်မိတာက နင့်ရဲ့ကာတွန်းပေါ့။

နောက်တော့ ၁၉၉၄ မာနယ်ပလောကျပြီး၊ တို့တတွေ ဘန်ကောက်ရောက်။ Refugee ဘ၀ပြောင်းပြီး မနီလွိုင် က (safe area) ကျောင်းသားစခန်းကို ရောက်ခဲ့ကြတယ်။ ၁၉၉၅ မှာလေ။

အဲဒီမှာ အားလုံးက စုရပ်တခုမှာ ပြန်လည် ဆုံတွေ့ကြတဲ့နေရာ။ အေဘီစခန်းအသီးသီးက ရီဖြူဂျီကျောင်းသားများ၊ တချို့က အိမ်ထောင် မိသားစုနဲ့အတူ၊ တချို့က တကိုယ်ရည်တကာယသမား၊ ငတေ၊ ငပေ၊ ငမူး၊ ငဂျီ အုပ်စုတွေ စုပေါင်းနေကြတာ တွေ့ရတယ်။

camp ၀င်ပြီး ၂ ပတ်မှာ ပြသနာတခု ရင်ဆိုင်ရတယ်။ ညကြီး။ နေရာလု ပြသနာပေါ့။ ငါတို့ရဲ့ အပေါ်ထပ်မှာနေတဲ့ (အိမ်ဖော် အမျိုးသမီး မိသားစုက ကနေဒါ ထွက်မယ်။ သူနဲ့ အိမ်ဖော်လုပ်ဖက် အမျိုးသမီးနဲ့ သူမရဲ့ ယောကျာ်းကို နေရာပေးတယ်) ငါက အတက်မခံဘူး။ သူတို့က (အင် အုပ်စု) ငါက ၀င်ပါမယ့် ကိုယ့်အင်အားတွေကို ဘာမှမလုပ်နဲ့ ငါ့ကိစ္စ ငါ့ဘာသာ ရှင်းမယ် ဆိုတော့ စခန်းအုပ်ချုပ်ရေးမှူး ဖိမူ (၀က်ကြီး) နဲ့ အဖွဲ့ ရောက်လာပြီး ဆူပူဆဲဆို သောင်းကျန်းနေတဲ့ လင်မယား ၂ ယောက် (ဥက္ကဌနဲ့ ဥက္ကဌထောင်တဲ့ အဖွဲ့အစည်းတခုကပေါ့) ကို လာခေါ်သွားတယ်။

ငါက လှမ်းပြောလိုက်တယ်။ စခန်းရှေ့မှာ ဆိုင်းဘုတ်သွားဖတ်ပါဦး။ ကျောင်းသားစခန်းပါလို့။ ကျမက အမှန်အကန် တိုက်ပွဲဝင်လာတဲ့သူပါလို့ ပြောတာကို နင်ကြားမိတော့ ငါ့ကို ပြောတယ်တဲ့။ 'တယ်မလွယ်တဲ့ အမျိုးသမီးကြီး' လို့ ငါ့ကို မှတ်ချက်ချခဲ့တယ်။ (စာကြည့်တိုက်မှူး) ၀င်းနိုင်က ငါ့ကို နောက်မှ ပြန်ပြောပြတာပါ။

နောက် ၁၉၉၅ ဖေဖော်ဝါရီထဲမှာ မွန်အမျိုးသား ၂ ဦး၊ ည ၃ နာရီ ကျော်ကျော် မနိလွိုင်ရွာထဲမှာ ရွာသားတွေနဲ့ စကားများပြီး ပြသနာဖြစ်ကြတယ်။ မနက်ကျတော့ ပွစိပွစိ ပြောနေကြတယ်။ နေ့လည် ဓမ္မာရုံမှာ အစည်းအဝေး တဲ့။ Yes ပေါ့။

သွားတော့ ညကဖြစ်တဲ့ပြသနာကို ဖြေရှင်းဖို့ တဲ့။ တယောက်တမျိုး ... BSA (စခန်းကော်မီတီဥက္ကဌ) မင်းနိုင် (သေသောဘိုးစခန်း၊ AB) (ယခု ကနေဒါ) က မိန့်ခွန်းပြော။ အတွင်းရေးမှူး မင်းညိုအောင်ကလည်း ပြော။ သူက မွန်အမျိုးသား။ မွန်ဘုန်းကြီးကလည်း ပြော။ ရွာသားတွေကို အရေးယူဖို့။ UN ကို တင်ပြမယ်။ ဖိမူကို တင်ပြမယ်။ ဘယ်အဖွဲ့ဖွဲ့တွေကို စာပို့ပြီး တင်ပြမယ်နဲ့ ဆွေးနွေးနေကြတာ - ၂ နာရီ ကျော် ကြာတယ်။ စခန်းတခုလုံးနီးပါး ရောက်နေကြတာပေါ့။ စံရိပ်ငြိမ်ကလည်း တမျိုး၊ ဒေါမယ်ထရီ (AB, 1-2) က တမျိုး။

ငါ ဘာမှ ၀င်မပြောတော့မှ မင်းနိုင်က ဘာပြောချင်သေးလဲလို့ မေးလာတော့ ငါ ပြောလို့ ရလား၊ ဘာကော်မီတီ၊ ဘာအဖွဲ့အစည်း လူကြီး မဟုတ်ဘူး၊ ငါက ABSDF က ရဲမေကြီး တဦးပါလို့ ပြောတော့။ သိတယ်၊ အကြံဥာဏ် ပေးပါဦး ဆိုတော့။

'တခု မေးမယ်'

၁။ ဖြစ်ပွားတဲ့နေရာက ငါတို့စခန်းထဲမှာလား ဆိုတော့ မဟုတ်ဘူးတဲ့။ ရွာထဲမှာ တဲ့။

၂။ ဖြစ်ပွားချိန်ကလည်း ည ၃ နာရီ ကျော်လောက် ။ အဲဒီအချိန် ဒီလူ ၂ ယောက် ဘာသွားလုပ်နေတာလဲ၊ စည်းကမ်းနဲ့ ညီလား ဆိုတော့ - မညီပါဘူး တဲ့။

၃။ ငါတို့ camp ၀င်ရမယ်ဆိုပြီး လက်မှတ်ထိုးခဲ့ကြတယ်။ ကင့်စည်းကမ်း ၁၁ ချက် ကို လိုက်နာပါ့မယ် ဆိုပြီး လက်မှတ်ထိုးခဲ့ကြရတယ်။ အဲဒိတော့ ငါတို့က ည ၈ နာရီ ကျော်ရင် စခန်းအပြင် မထွက်ရဆိုတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီးသား ဖြစ်နေပြီ။ ငါတို့ဘက်က မှားနေတယ်။ ဒါကြောင့် ငါအနေနဲ့ ဘာမှ မလုပ်ချင်ပါဘူးလို့ ပြောလိုက်တယ်။ အားလုံး ပွစိ ပွစိနဲ့ လူစု ခွဲသွားကြတယ်။

နောက်စကားတခွန်းက ပြောသံကြားရတာ ပြန်ပြောလို့ မကောင်းပါဘူးလေ။ အဲဒီမှာ နင်ရယ် စာကြည့်တိုက်မှူး ၀င်းနိုင်ရယ်၊ ဘသန်းရယ်က ငါ့ကို မှတ်ချက်ချတယ် တဲ့။

'လူကောင်ကြီး ၀သလောက်၊ သတ္တိကလည်း ပေါ ပေါ့လေ' ။ သတ္တိကလည်း ကြီးပါ့တဲ့။

အဲဒီမှာ နင့်ကို ငါက စိတ်ဝင်စားပြီး နင်နဲ့ ငါ မိတ်ဆွေဖြစ်သွားကြတယ်။

အဲဒီကျမှ နင့်ကို ကာတွန်း စောငိုလို့ ပြောပြတော့ ငါ ဘာမှ မပြောနိုင်အောင် ဖြစ်သွားတယ်။ အံ့အားသင့်မိတယ်။

ကင့်မှာ အတူနေတဲ့ ၁၉၉၄ ကနေ ၁၉၉၈ အထိ တို့တတွေ အတူတူ ပျော်ပျော်ပါးပါး နေခဲ့ကြတဲ့ ရက်တွေကို လွမ်းမိပါတယ်။

ကင့်က ၁၉၉၈ ဇွန် ၃ ရက်နေ့မှာ ထွက်လာတော့ ငတိုး နေ့တိုင်းဝတ်တဲ့ အကျီ င်္ကို လှမ်းယူပြီး ငါ နေ့တိုင်းဝတ်မယ်လို့ မျက်ရည်ဝိုင်းနေတဲ့ကြားက ငါ့ကို ဖက်ပြီး နှုတ်ဆက်ခဲ့တာလည်း ငါ မမေ့ပါဘူး။

ငါ့ရဲ့ ပုံတူပန်းချီကားကို ငါ့အခန်းရှေ့က ငါရဲ့ ဒါန်းပေါ်ထိုင်ပြီး ခိုးဆွဲတယ်။ ပြီးတော့ တယောက်ပြီး တယောက် ကြည့်ရယ်နေကြတယ်။ နောက် ၅ ရက်လောက်နေမှ တောကြက်က အမိုးအတွက် လက်ဆောင်ဆို လာပေးတော့ ကြည့်လိုက်တော့ ဟဲဟဲ ... ငါ့ရဲ့ဘော်ဒီရှိတ်ကို လှလှလေး တူအောင် ဆွဲပြီး 'ကျနော်တို့ရဲ့ ရှင်ဂွမ်းဂွိ' တဲ့။ အောက်မှာ နင့်လက်မှတ်။ ပန်းချီစောငို ဆို၊ ရက်စွဲနဲ့ ရေးထားတာ တွေ့ရတယ်။

နင့်တင် မဟုတ်ဘူး။ အဲဒီနံမယ်ကို 1988 ထွန်းအောင်ကျော် (AB ဥက္ကဌ ကြီး) က ရှေ့ကျရင် ငါ့ကို အမကြီး ရှင်ဂွမ်းဂွိ တဲ့။ ငါက စိတ်မဆိုးပါဘူး။ နင်တို့ ABSDF ကျောင်းသားတပ်မတော်ကြီးက ချီးမြှင့်တဲ့ ဘွဲ့နာမလို့ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဟဲဟဲဟဲ။

စောငိုရေ ...

ခွဲခွာလာပြီး ဖုန်းသံထဲကနေ ကျနော် ယူအက်စ်အေ ရောက်လာပြီ ဆိုတော့ ၀မ်းသာမိတယ်။ ကျောင်းတက်မယ်။ ပန်းချီ ဆွဲမယ်။ ၈လေးလုံးရဲ့ လမ်းပေါ်ထွက်အော်ခဲ့တဲ့ ရည်ရွယ်ချက် မပျက်စေရပါဘူးတဲ့။ ယနေ့ မိုးမခမှာ မင်းကာတွန်းတွေ ဖတ်ပြီး ငါရယ်ရင်းနဲ့ နင်တို့ကို လွမ်းလို့ မျက်ရည် ကျမိတယ်။

ဘာပဲဖြစ်ဖြစ် တိုက်ဖော် တိုက်ဖက်၊ ရဲဘော် ရဲဘက်တွေကို သစ္စာမဖောက်ဘဲ ယနေ့ထိ ကိုယ်တတ်စွမ်းတဲ့ ဥာဏ်အား ပညာနဲ့ တိုက်ပွဲဝင်နေတာ တွေ့နေရတော့ နင်က 'ငြိမ်းချမ်းရေးစင်တာ' ရန်ကုန်ရောက်နေတဲ့ သူတွေထက် အဆများစွာ သာတဲ့လူပေါ့နော်။

ကဲ ... ရဲဘော်စောငို ရေ။ စာရေးတာကလည်း ရှည်ရင် မကောင်းဘူး။ နင်နဲ့ ပြန်တွေ့တာက ၂၀၀၃ ၀ါရှင်တန်ဒီစီမှာ။ ငါတို့တွေ ဆန္ဒပြကြတုန်းက ဆံရှည်ကိုယ်တော် စောငို ပါလာတယ်။ အေဘီက ရဲဘော်တွေ အများကြီး။ ပြီးတော့ ကရင်တိုင်းရင်းသားတွေလည်း ပါဝင်တယ်။ ကချင်နဲ့ ချင်းတော့ မပါဘူး။

'ကျမဖေဖေ တည်ထောင်ထားတဲ့ တပ်မတော်ကြီးက ကျမကို ဖမ်းတော့' ငါတို့ နင်တို့ အမေရိက နေရာအသီးသီးကနေ စုရပ်ကို ရောက်လာကြပြီး၊ မြန်မာသံရုံးရှေ့၊ စစ်သံမှူးသံရုံးရှေ့မှာ ဆန္ဒပြပြီး

'ဒီမိုကရေစီ ရရှိရေး တို့အရေး'

'နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တို့အရေး'

'ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တို့အရေး' နဲ့

ခေါင်းပတ်အနီ၊ ခွပ်ဒေါင်းပုံနဲ့၊ လက်ပတ်အနီတွေ ၀တ်ပြီး အော်ကြ။ ပြည်နယ်တခုစီကနေ လာတဲ့ တိုက်ပွဲဝင် ရဲဘော်တွေ၊ ကရင်လူမျိုးစုတွေ၊ ဘုန်ကြီး၊ ရဟန်းပျို (မာနယ်ပလော) အဖွဲ့က ဦခေမာဌာစာရ လည်းပါတယ်။ ထွန်းအောင်ကျော်မိသားစုလည်း ပါတယ်။ ငါနဲ့ အပါး၊ မီးငယ်တို့လည်းပါတယ်။ အရမ်းကို စည်ကားစွာနဲ့ တောင်းဆိုပြီး တရုပ်သံကို စီးပွားရေးရပ်တန့်ဖို့ နဲ့ တောင်းဆိုချက်တွေကို သွားပေးပြီး တို့အရေး သွားအော်ခဲ့ကြတယ်လေ။

ပြီးတော့ ၀ါရှင်တန်ဒီစီရဲ့ သံရုံးရပ်ကွက်တွေမှာလည်း စီတန်းလှည့်လည် ဆန္ဒပြ ကြွေးကြော်ခဲ့တယ်။ လက်ခုပ် သြဘာသံပေးတဲ့ လမ်းသွားလမ်းလာတွေကိုလည်း ငါတို့ အင်္ဂလိပ်လိုရေးထားတဲံ တောင်းဆိုချက်တွေကို ဝေငှခဲ့ကြတယ်။

တနေ့လုံး မနက် ၁၀ နာရီကနေ ညနေ ၇ နာရီအထိ လှုပ်ရှားခဲ့ကြတာ ယနေ့ဆို ၁၃ နှစ် ရှိပြီပေါ့။ တို့တွေ တာဝန်ကျေကြပါတယ်နော်။

နင့်ရဲ့ တီရှပ်လေ။ အချုပ်သံတိုင်တွေနောက်ကနေ ကြည့်နေတဲ့ ဒေါ်စုရဲ့ မျက်နှာနဲ့ ကိုယ်တပိုင်းပုံ။ အဲဒိပေါ်မှာ မြန်မာနိုင်ငံမြေပုံဆွဲပြီး အောက်မှာ အင်္ဂလိပ်လို ရေးထားတယ်။ ဗမာလိုကတော့ - ကျမတို့နိုင်ငံသားချင်း အစိုးရက ဖမ်းချုပ်ခံနေတာပါ - ပေါ့။ နောက် ငါရှာပြီးမှ ပြန်ရေးပြမယ်။

နင်တီရှပ်က တထည် ဒေါ်လာ အစိတ်နဲ့ AB ရန်ပုံငွေ ဆိုတော့ ငါလည်း ၄ ထည် ၀ယ်လာခဲ့တယ်။ တထည်တော့ ငါဝတ်တာ ကနေ့ထိ ရှိတယ်။ ရှစ်လေးလုံးပွဲ၊ နောက် ဆန္ဒပြပွဲတွေ ရှိတိုင်း ငါဝတ်လေ့ရှိတယ်။ အဲဒါကို ဒီက အဖြူတွေ၊ အာဖရိကလူမျိုးနွယ်တွေက သဘောကျကြတယ်။ နင့်ပန်းချီ အရမ်းတော်တယ် တဲ့။ ငါ့ကို မဟုတ်ဘူးနော်။

အေးပါလေ။ ငါမေးချင်တာက ခုနင် ဘယ်ရောက်နေသလဲ။ ဘယ်သူတွေနဲ့ နေလဲ။ ဘာတွေ လုပ်နေသေးလဲ။

နင်က စလို့ ငါရဲ့ ABSDF က ကျောင်းသားရဲဘော်၊ ရဲမေတွေ အားလုံးကို ငါ သတိရတယ်။ လွမ်းတယ်။ ဂုဏ်ယူတယ်။ ယနေ့ထိ ငါနေမကောင်း ဖြစ်နေတာ ၅ နှစ် ရှိပြီ။ ၂၀၁၃ ကနေ ယနေ့ထိ လုံးဝ လဲကျတယ်။ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ကြားက ငါ ဒီစာကို ရေးမိတာပါနော်။

ငါ ၂၀၀၂ ခုနှစ် မေလ ၂၅ ရက်နေ့က နှလုံးသွေးရပ်ပြီး လမ်းပေါ်မှာ လဲကျခဲ့တယ်။ သေဆုံးပြီးနောက် ယေရှုဘုရားပေးတဲ့ အသက်နဲ့ ငါ ဆက်ရှင်သန်နေတယ်။ အဲဒီနေ့က နှလုံးခွဲလို့ မရတော့လို့ သူတို့ ခဲနေတဲ့ သွေးများ ဖောက်ထုတ်လိုက်တယ်။ တခါ ၂၉ ရက်နေ့မှာ နောက်တခါပေါ့။

ငါ့ကို stent implant ၂ ခု ထည့်ထားတဲ့ကြားက ငါ ၀ါရှင်တန်ဒီစီကို လာခဲ့တာပါ။ ခု ၂၀၁၂ မှာ ကျတော့ ငါ့ရဲ့ နှလုံးထဲမှာ stent implant ၉ ခု ထည့်ပေးထားတယ်။ ၁၀ ကြာ အတွင်းမှာပေါ့။

ဒီနှစ် ၂၀၁၅ ဇန်န၀ါရီမှာ နှလုံးခုန်နှုန်း ရပ်သွားလို့ ၃ ရက် ICU ထဲမှာ နေခဲ့ရတယ်။ ဆေးကု မပေးဘဲနဲ့ ပြန် ရှင်လာခဲ့တယ်။ ယေရှု့ကြောင့်ပေါ့။ တခါ ဇွန် ၁၀ (၂၀၁၅) မှာ လုံးဝ သေစာရင်းသွင်းပြီး အခေါင်းထဲ ထည့်ဖို့ ICU ထဲမှာ နာရီ ၆၀ ကျော် မျောနေခဲ့တယ်။ သတိပြန်ရလာတော့မှ ဆေးရုံမှာ အသုဘချဖို့ ပြင်ဆင်နေဆဲမှာ ယေရှုဘုရားက ငါ့လက်ဆွဲပြီး လာထူခဲ့လို့ ငါ ကနေ့ စာရေးနိုင်တာပါ။

ငါ တာဝန်မကျေတာ ၆ နှစ် ရှိပြီ။ AB အပေါ်မှာပေါ့။ ငါ စာဖတ်သူပဲ လုပ်နေတယ်။ ခုတော့ ငါ ရေးချင်တဲ့ စိတ်ပေါက်လို့ အိပ်ယာထဲကနေ ရေးပေးလိုက်တာပါ။

'ငါ့မှာ ၁၉၈၈ အရေးအခင်းသပိတ်ကာလ၊ ၁၉၈၈ အောက်တိုဘာကနေ သံလွင်မြစ်ကမ်း 'စောထာစခန်း'။ ၁၉၉၉ ကနေ ၁၉၉၄ မာနယ်ပလောကျဆုံးသည်အထိ တပ်ရင်း ၂၁၀၊ AB၊ DAB မှာလည်း လုပ်တဲ့ အတွေ့အကြုံ။ ၁၉၉၅ ကနေ ၁၉၉၈ အထိ မနိလွိုင် refugee ဘ၀ကို မိသားစုလိုက် နေရတာ။ မိသားစု ၆ ဦး ငါရယ်၊ အပါးရယ်၊ သမီး ၂ဦး၊ သား ၂ ဦး၊ ခြောက်ဦး မိသားစုလိုက် တောခိုလာခဲ့တာ။

ခုတော့ ငါ့မိသားစုကြီး ဖြစ်လာပါပြီ။ အဲဒီ ဖြတ်သန်းခဲ့တဲ့ ဘ၀ခရီးကြမ်းကြီးကို ငါရေးပါ့မယ်။ ဒါကြောင့် ငါ့ကို အသက်ရှင်နေကောင်းအောင် မေတ္တာ ပို့သပေးကြပါနော်။

လွမ်းနေတဲ့

အမိုး (ရှင်ဂွမ်းဂွိ)

(မိုးမခမှတ်ချက် - စာမူကို မိုးမခစာတိုက်သေတ္တာကို ပေးပို့ရာမှာ နံပါတ် ရှေ့နောက်လွဲသွားလို့ ဒီဇင်ဘာက စာမူကို ယခုမှ ပြန်လည် ရရှိ တင်ဆက်နိုင်ပါတယ်။ )