ဆောင်းယွန်းလ ● ပုံပြင်တွေထဲမှာ

ဆောင်းယွန်းလ ● ပုံပြင်တွေထဲမှာ
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆
 

စည်းခတ် ပိုင်းခြားထားတဲ့
တံတိုင်းကြီးတွေသာ မရှိတော့ဘူးဆိုရင်
စစ်ဆိုတဲ့ စကားလုံးကို
မသုံးချင် မကြားချင်သူတွေအတွက်
နွံအိုင်ထဲက ခပ်လာတဲ့ ရေတခွက်ကိုတောင်မျှ
စစ်သောက်စရာ လိုအပ်မယ်မထင်ဘူး…

အခုတော့…
ညနက် သန်းခေါင်တွေက
ဆန်းလရဲ့အရောင်အ၀ါတွေနဲ့
အမှောင်မှာ မျက်နှာထားတင်းတင်း
ပြိုးပြက် လင်းလက်နေလို့လည်းကောင်းရဲ့…

မိုးရွာတုန်း ရေခံဖို့အတွက်
ခံစရာ တခွက်တဖလားမရှိသူတွေကတော့
ဒုံရင်းမှာ ဆက်ပြီး ဒုံရင်း ရင်းနေကြရတုန်းပေါ့…

တအုန်းအုန်း ရွာနေခဲ့တဲ့ မိုးဟာ
အမိုးအကာအောက်မှာ
ရေခံစရာမလိုပဲ အလျှံပယ်ပြည့်ခဲ့တယ်..
အမိုးနေတဲ့ တဲလေးမှာ အမိုးအကာမရှိတာ
တောတောင်ရေမြေရဲ့အလှကို သဘာကျကျမြင်နိုင်ဖို့ပဲမဟုတ်လား
အချိန်တန်ရင် အမိုးကို ဘုရားသခင်က ကယ်တယ်လိမ့်မယ်…

ကယ်တင်ရှင်တယောက်ရဲ့ လက်ထဲမှာတော့
မတရားတဲ့ လူသတ်ပွဲတွေက စစ်ခုံရုံးနဲ့လွဲခဲ့တယ်
မသမာတဲ့ လာဘ်ပေးလာဘ်ယူဟာ ပြစ်မှုနဲ့လွဲခဲ့တယ်
လူမဆန်တဲ့ တယူသန်တွေအတွက်
ဖြုတ်ထုတ်သတ်မလိုပဲ အမှုပလပ်ခဲ့တယ်…

မလွတ် မငြိမ်း မချမ်းသာသူတွေ
လွတ်ငြိမ်းချမ်းသာခွင့် ရ/မရ သေချာမသိ
လွတ်ငြိမ်းချမ်းသာနေသူတွေက
ထပ်ဆင့် နှစ်ထပ်ကွမ်း လွတ်ငြိမ်းချမ်းသာခွင့်လမ်းမှာ
ပျော်ပျော်စံ
ခေတ်ဟာ တော်တော်ဟန်တဲ့ ခေတ်ပဲ…

ငါတို့မှာတော့
ခိုးခိုးခစ်ခစ် ရယ်စရာ ပုံပြင်အသစ်တွေကိုသာ ရှာနေကြရပေါ့…
ဘာဆို..ဘာကိုမျှ မယုံချင်လို့
ပုံပြင်ကို ပုံပြင်လို့ပဲ မှတ်လိုက်ပါတယ်….။

ဆောင်းယွန်းလ