ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို - သမ္မတက နှုတ်ခွန်းဆက်လွှာ - အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်း

Myanmar's new president Htin Kyaw (L) and National League for Democracy party leader Aung San Suu Kyi arrives to parliament in Naypyitaw March 30, 2016. REUTERS/Stringer
 
တူမောင်ညို - သမ္မတက နှုတ်ခွန်းဆက်လွှာ - အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်း
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၆

သမ္မတနှုတ်ခွန်းဆက်လွှာနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်း ကြားရ၊ ဖတ်ရတဲ့အခါ ရင်ထဲမှာ သိသိသာသာပေါ်လွင်လာတဲ့ အချက်က တော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ” ကို အာဏာရအစိုးရလို့ မမြင်မိဘဲ၊ တည်တော့ တည်ရှိနေပြီး အထည်ကိုယ်ဒြပ် “မမြင်ရတဲ့ အာဏာပိုင်အစိုးရ” (အမှောင်ထဲကအစိုးရ) တစ်ခုခုကို အတိုက်အခံပြုနေရတဲ့ အတိုက်အခံ အစိုးရတစ်ရပ်နဲ့သာ တူနေပါလားဆိုတဲ့ ခံစား ချက် မျိုးပဲပေါ်လာပါတယ်။

နိုင်ငံတော်သမ္မတက “နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုတိုကျဉ်းကျဉ်းမိန့်ခွန်းပေးပြီး၊ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က “နှစ်သစ်ကူးမိန့်ခွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ (သမ္မတနှုတ်ခွန်းဆက်လွှာထက်) ရှည်ရှည်လျားလျား မိန့်ခွန်းပေး ပြီး ရှင်းပြပါတယ်။

ဒါဟာ ယခင်အစိုးရနဲ့ မတူတဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ” ရဲ့ အသွင်အပြင် တစ်ခုပါ။

နှုတ်ခွန်းဆက်လွှာလို့ပဲဆိုဆို၊ မိန့်ခွန်းလို့ပဲပြောပြော တကယ်တော့ပါးစပ်နဲ့ပြောပြီး လက်နဲ့ရေးကာ အစိုးရပိုင်မီဒီယာတွေကနေ အများသိအောင် ပြောဆိုထုတ်လွင့်ရေးသားဖော်ပြတာပါပဲ။

၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၅၈ အရ သမ္မတရဲ့အဆင့်နေရာကို ဥပဒေအရ ဘယ်သူမှ ကျော်လွန်လို့မရပေမယ့်၊ လက်တွေ့ မိန့်ခွန်းပေးရာမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောစကားတွေက သမ္မတကြီးပြောတာတွေထက် “တာ” သွားတယ်ဆိုတာကို ဧပြီလ ၁၇ ရက်နေ့က “သမ္မတနှုတ်ခွန်းဆက်လွှာ” နဲ့ ဧပြီလ ၁၈ ရက်နေ့က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ “နှစ်သစ်ကူးမိန့်ခွန်း” နှစ်ခုကို နှိုင်းယှဉ်ဖတ်ကြည့် ရင်အလွယ်သိမြင်နိုင်ပါတယ်။ သမ္မတက ရှေ့ကနေကြိုတင်ပြီး အကျဉ်းချုပ်ခြုံငုံ ပြော၊ အတိုင်ပင်ခံပုဂ္ဂိုလ်က အကျယ်တဝင့် အသေးစိတ် ရှင်းလင်း ဆိုတဲ့ သဘောမျိုးပေါ့။

ဒါကြောင့် ရှေ့မှာ အခြေအနေ ထူးခြားရင်ထူးခြားသလို သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြောတာတွေကို တဝကြီးနားထောင် ရမယ်လို့ မျှော်လင့်ထားရပါလိမ့်မယ်။

သမ္မတနှုတ်ခွန်းဆက်လွှာနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းမှာ တွေ့ရတဲ့ အဓိကတူညီချက်ကတော့ “ကျေးဇူးတင်တယ်” ဆိုတဲ့ စကားနဲ့  နိုင်ငံသူနိုင်ငံသားများအနေနဲ့  “ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးမှု ၊ ဝန်းရံမှု၊  ကူညီမှုပေးကြပါ” ဆိုတဲ့ ပြောဆိုချက်တွေပါပဲ။
အစိုးရက ရှေ့ခရီးကို ဘယ်လိုနည်းလမ်းတွေနဲ့လျှောက်လှမ်းမယ်၊ ဘယ်ပုံဆောင်ရွက်မယ်ဆိုတာကိုတော့ သမ္မတပြောဆို ချက်မှာရော အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းမှာပါ၊ ပါရှိမလာတာကို သတိပြုမိပါတယ်။

“ခရီးကလည်း လွယ်မှာ မဟုတ်ပါဘူး၊ ကျွန်မတို့များစွာသောစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သ တိပေးပြီး၊ “မပြတ်သောသတိ၊ မလျှော့သောလုံ့လဝီရိယနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြရဦးမှာဖြစ်ပါတယ်” အားတင်းသံ ပေးပါတယ်။

တကယ်တော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ” မှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ဘယ်လိုအခွင့်အလန်းတွေရှိနေတယ်ဆိုတာ နိုင်ငံသူနိုင်ငံသားတွေ ရှင်းရှင်းလင်းလင်း သိရှိနားလည်လာအောင် အကျယ်တဝင့်ရှင်းလင်းချပြသင့်တယ် မဟုတ်လား။
ဥပမာအားဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းမှာပါတဲ့ “လူထုကိုမထိခိုက်တဲ့နည်းတွေပဲသုံးမှာပါ။ နိုင်ငံရဲ့အေးချမ်းမှုကို ထိခိုက်တဲ့ နည်းတွေနဲ့လုပ်ဆောင်သွားမှာမဟုတ်ပါဘူး” ဆိုတာနဲ့ပတ်သက်ပြီး လူထုကို မထိခိုက်တဲ့နည်းဆိုတာ ဘယ်လိုနည်းလမ်း တွေလဲ၊ နိုင်ငံရဲ့ အေးချမ်းမှုကို ထိခိုက်စေတဲ့နည်းတွေက ဘယ်လိုနည်းတွေလည်းဆိုတာ အကျယ်တဝင့်ရှင်းပြသင့်တယ် မဟုတ်ပါလား။

“လူထုကိုမထိခိုက်တဲ့နည်း” ဆိုတာ လူထုက ဘေးမှာထိုင်နေတဲ့နည်း၊ လက်ပိုက်ကြည့်နေတဲ့နည်းပဲ ဖြစ်လေမလားလို့ စဉ်း စားမိပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့တောက်ပြောင်တဲ့ သမိုင်းဖြတ်သန်းမှုအဆက်ဆက်မှာ “လူထု” ဆိုတဲ့ အမှတ်တံ ဆိပ်ခပ်နှိပ် မထားတဲ့ ဖြစ်ရပ်နဲ့လှုပ်ရှားမှုကလည်း မရှိသလောက်ပါပဲ။ ဒါ့အပြင် လူထုကသူ့ဆန္ဒကို ထုတ်ဖော်တောင်းဆိုလာတဲ့အခါတိုင်း၊ သူတို့လက်ရုံးတွေ မြှောက်ပြီး နိုးကြားအုံကြွလာတဲ့အခါတိုင်း အုပ်စိုးသူများရဲ့ အကြမ်းဖက်မှုကို  အနည်းနဲ့ အများတော့ လူထုခမျာ ခံရတာချည်းပါပဲ။ ကိုလိုနီခေတ်မှာပဲဖြစ်ဖြစ်၊ ဖက်ဆစ်ဂျပန်ခေတ်ပဲဖြစ်ဖြစ်၊ လွတ်လပ်ပါတယ်လို့ဆိုတဲ့ (ဖဆပလ) အစိုးရမှ ၂၀၁၅ ရွေးကောက်ပွဲ အထိ လူထု မပါတဲ့လှုပ်ရှား၊ လူထု မပါဘဲ၊ လူထု မနာဘဲရခဲ့တဲ့ အောင်ပွဲ ဘယ် မှာရှိခဲ့လို့လဲ။

ဒီလိုပြောနေတာဟာ“လူထု မနာတဲ့နည်း” ကို သိပ်လိုချင်လွန်းလို့ပြောရတာပါ။ ဒါပေမယ့်လူထု မနာတဲ့နည်းဆိုတာ လက် တွေ့မှာ မရှိစဖူး၊ မကြုံဖူးသေးတာကလည်း ပကတိအဖြစ်မှန်ပဲ မဟုတ်ပါလား။

“လူထု” မပါသေးသမျှတော့  အုပ်စိုးသူတွေဟာ ဒူးကလေးနံ့၊ အမြှီးကလေး ရမ်းပြီးနေကြတာပါ။ ကျယ်ပြန့်ပြီး ကျစ်လစ်သိပ် သည်းတဲ့ လူထုကြီးပါလာပြီဆိုရင်တော့ အုပ်စိုးသူတွေဟာ နံပတ်ဒုတ်၊ မီးသတ်ကား၊ သံဆူးကြိုး၊ မျက်ရည်ယိုဗုံး၊ မီးလောင် ဗုံး၊ သေနတ်နဲ့ စစ်တပ်တွေ စတာတွေကို သူတို့တကိုယ်လုံးမှာ တပ်ဆင်ပြီး  အကြမ်းဖက်တော့တာပါပဲ။ သတင်းစာစာနယ်ဇင်း၊ ရုပ်သံမီဒီယာတွေကနေ မင်းမဲ့စရိုက်ဆူပူမှုတွေဆိုပြီး လူထုလှုပ်ရှားမှုကြီးတွေကို အသရေဖျက်တယ်ပါတယ်။ အင်မတန် ပက်စက်တဲ့ နည်းလမ်းမျိုးစုံကို သုံးပြီး လူထုသွေးစည်းမှုကို ဖြိုခွဲပါတယ်။ ဒီလိုလုပ်ရပ်တွေကို “၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကြီး” ထဲမှာလက်တွေ့ ကြုံခဲ့ကြရပြီပဲ။

“နိုင်ငံရဲ့အေးချမ်းမှုကို ထိခိုက်တဲ့ နည်းတွေနဲ့လုပ်ဆောင်သွားမှာမဟုတ်ပါဘူး”  ဆိုတာကိုတော့ ဒီလိုနားလည်မိပါတယ်။

လူထုဟာ မိမိဆန္ဒနဲ့ လိုလားချက်မှန်သမျှကို အနုနည်း၊ အေးချမ်းတဲ့နည်းတွေနဲ့သာ စတင်တောင်းဆိုတာပါ။ဘယ်တော့မှ အကြမ်း မဖက်ပါဘူး။

ဒါကို ဘယ်နိုင်ငံက သမိုင်းဖြစ်ရပ်ကိုကြည့်မလဲကြည့်ပါ။ စတင်အကြမ်းဖက်သူ၊ ဝရုန်းသုန်းကားဖြစ်အောင်လုပ်သူဟာ ပြည် သူ လူထုမဟုတ်ပါဘူး။ အုပ်စိုးသူတွေဖြစ်ပါတယ်။ လူထုအုံကြွမှုကို ထိုးခွဲဖို့ ဘာသာရေး၊ လူမျိုးရေးစတဲ့ အဓိကရုဏ်းမျိုးစုံ လုပ်ကြံဖန်တီး သူဟာ အုပ်စိုးသူတွေပဲဖြစ်ပါတယ်။ ဒါလည်း ဘယ်နိုင်ငံရဲ့သမိုင်းဖြစ်ရပ်ကို မဆိုကြည့်ပါ။ အုပ်စိုးသူတွေဟာ သူတို့အပေါ်ဦးတည်လာတဲ့ ဆန့်ကျင်အုံကြွလာတဲ့ လူထုလှုပ်ရှားမှု ဒီရေကို လူမျိုးရေး၊ ဘာသာရေး ဆိုတဲ့အဓိကရုဏ်းတွေနဲ့ လမ်းလွှဲပေးပြီး အဖိနှိပ်ခံပြည်သူတွေ အကြား ရန်တိုက်ပေးတာချည်းပဲ မဟုတ်ပါလား။ အခုထိလည်း ဒီလုပ်ရပ်တွေ လုပ်နေ ကြတုန်းပါပဲ။

ဒါကြောင့် မိမိဆန္ဒနဲ့ လိုလားချက်မှန်သမျှကို အနုနည်း၊ အေးချမ်းတဲ့နည်းတွေနဲ့သာ အမြဲ ဆောင်ရွက်လေ့ရှိတဲ့ လူထုကို “လူထု မနာတဲ့နည်း” တိတိကျကျ လမ်းညွန်ပေးစေလိုပါတယ်။ “လူထု မနာတဲ့နည်း” ဟာ လူထုဆန္ဒတွေကို အမှန်တကယ် ပြည့်ဝစေတဲ့ နည်းလမ်းဖြစ်ဖို့တော့လိုပါတယ်။ ပျားရည်နဲ့ဝမ်းချတဲ့နည်း၊ လက်ဝဲဘက်လက်ကနေ မုန်းညှင်းစေ့လောက်ပေးပြီး လက်ယာဘက်လက် ကနေ အုန်းသီးလောက်ပြန်ယူသွားတဲ့နည်းမျိုးတော့ မရချင်ပါဘူး။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းမှာ “ --- ပြည်သူကို ချုပ်ချယ်ဖို့ မဟုတ်ပါဘူး၊ ဖိနှိပ်ဖို့မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မတို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အင်မတန်မှအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ ငြိမ်းချမ်း ရေးကို ဆောက် တည် လို့မရပါဘူး ” လို့ပြောထားပါတယ်။

ဒါကို နှစ်ပိုင်းခွဲပြောချင်ပါတယ်။

ပထမတပိုင်း “ ပြည်သူကို ချုပ်ချယ်ဖို့ မဟုတ်ပါဘူး။ ဖိနှိပ်ဖို့ မဟုတ်ပါဘူး”  လို့ဆိုတဲ့စကားဟာ အင်မတန် နားဝင်ချိုပါတယ်။ နားမှာချိုသလို လက်တွေ့ဘဝမှာလည်း ချိုပါရစေလို့ ဆန္ဒပြုပါတယ်။ မတရားတဲ့အမိန့်ဥပဒေတွေ “တည်ဆဲဥပဒေ” အဖြစ် တည်ရှိမြဲတည်ရှိနေတာ အတိုင်ပင်ခံပုဂ္ဂိုလ်အသိဆုံးပါ။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ” ကို ဟောဒီဥပဒေတွေဟာ ပြည်သူတွေကို  ချုပ်ချယ်ဖိနှိပ်ထားတဲ့ဥပဒေတွေ ဖြစ်ပါတယ်။ ဒီဥပဒေတွေကို အမြန်ဆုံးဖျက်သိမ်းပေးပါလို့  ပြည်သူလူထုက တောင်းဆိုလာခဲ့ရင် အစိုးရ က ဘယ်လို တုန့်ပြန်မှာလဲ။ “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ တာဝန်သိလမ်းညွန်စကားလည်းရှိခဲ့တာပဲ။

“၂၀၀၈ အခြေခံဥပဒေ” ဟာ မတရားတဲ့၊ မမျှတတဲ့ဥပဒေ၊ ရှေ့နောက်မညီဆုံးဥပဒေဖြစ်ပါတယ်။ ဥပဒေအားလုံးရဲ့ ပင်မ အခြေခံဖြစ်တဲ့  အခြေခံဥပဒေကိုယ်၌က မတရားတာ၊ မမျှတာဖြစ်နေလေတော့ ဒါကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဘယ်လို နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှာလဲ။ ဘယ်လိုအဖြေရှာမှာလဲ။ ဒါလည်း အစိုးရကနိုင်ငံသူနိုင်ငံသားတွေထံ ချပြတာရှင်းပြတာတွေ လိုအပ်ပါတယ်။

ဒုတိယအပိုင်းကတော့
၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး ၌တည်သည်” လို့ တဖက်မှာဆိုထားပေမယ့် ဆိုပေမယ့် နိုင်ငံသားများထံက ဆင်းသက်တဲ့ “အာဏာ” နဲ့ “ဆန္ဒ” နဲ့ ဒီအခြေခံ ဥပဒေပါ စကားလုံးတစ်လုံးကိုတောင် ပြင်ဆင်လို့ မရပါဘူး။ (ကာချုပ်) ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်က သဘောမတူသမျှ ဘာမှလုပ်မရဘူးဆိုတဲ့ အချက်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရအနေနဲ့ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြစေချင်ပါတယ်။

နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးကိစ္စပါ။ ဒါကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အလျဉ်းသင့်တဲ့အခါ ရှင်းလင်းညွန်ပြပေးပါ။

ပြည်တွင်းငြိမ်းချမ်းရေးဟာ နိုင်ငံရေးကိစ္စပဲဖြစ်ပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ကိစ္စနဲ့ တိုက် ရိုက်ဆက်နွယ်နေပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ဆိုတော့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ဘယ်လို သွားမလဲ။

ကာချုပ်ရဲ့ ငြိမ်းမူ ၆ ရပ်နဲ့တော့ ပြည်တွင်းစစ်ရပ်စဲဖို့ရော ပြည်တွင်းငြိမ်းချမ်းရေးရဖို့ရော လမ်းမမြင်ပါဘူး။ ကာချုပ်ရဲ့ငြိမ်းမူ ၆ ရပ်ဆိုတာ ပြည်တွင်းစစ်ကို မွေးမြူထားတဲ့ပေါ်လစီပါ။ ပြည်တွင်းစစ်ရှည်ကြာစေဖို့ပါ။ ဒီပေါ်လစီနဲ့ အသွင်အပြင်ရော အနှစ်သာရ ပါခြားနားတဲ့ပေါ်လစီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှာ ရှိပါလိမ့်မယ်။ တကယ့်ပြဿနာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ငြိမ်းချမ်းရေးမူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လက်ခံတာ/မခံတာထက် စစ်တပ်က လက်ခံ/မခံကိစ္စက အခရာကျ နေတာပါ။ အစိုးရရဲ့ မူဝါဒပေါ်လစီကို စစ်တပ်က နာခံဖို့ သိပ်အရေးကြီးပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးမူပါ။ “၂၀၀၈ အခြေခံဥပဒေ” က ဒီမူကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ထားတဲ့အပြင် စစ်တပ်ကို အခြေခံဥပဒေရဲ့အပေါ်၊ တိုင်းပြည်ရဲ့အပေါ်၊ လူထုရဲ့အပေါ်ကို တင်ထားတာပါ။ ဒါကို ဖယ်ရှားပေးပါ။ ဒီအချက် ကိုဖယ်ရှားနိုင်မှ ငြိမ်းချမ်းရေးအလင်းရောင်ကိုမြင်ရပါမယ်။ ချိုးငှက်ကူ သံကြားရပါမယ်။ ရှမ်းရိုးမနဲ့ မနောမြေက သေနတ်သံ တွေ ရပ်စဲနိုင်ပါလိမ့်မယ်။  

ညွန်း 
- နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ (၁၇-၄-၂၀၁၆)
- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း (၁၈-၄-၂၀၁၆)
Photo Credit : Reuters