မောင်ဥက္ကလာ - ဘွဲ့ကလေးနဲ့ပါ ... မောင်



မောင်ဥက္ကလာ - ဘွဲ့ကလေးနဲ့ပါ ... မောင်
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆


အသံတွေ ကြားနေရတယ် … အသံတွေ ကြားနေရတယ်။ ဈေးမီးလောင်နေတာလား။ ဘူဒိုဇာအသံတွေလား။ သမ္မတသစ် နဲ့ အစိုးရသစ်ကို ကြိုဆိုတဲ့ လက်ခုပ်သံတွေလား … လား … လား မေးခွန်းတွေနဲ့ အိပ်ရာက လူးလဲထပြီး နားစွင့်လိုက်တော့ အိမ်ရှေ့ လမ်းပေါ်မှာ ဒေါ်စိန်၊ ဒေါ်ရွှေတို့တအုပ် ဖွဘုတ်သတင်းအရ … အစိုးရသစ်မှာ ဝန်ကြီးရာထူး ခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ်တချို့ က ပါရဂူဘွဲ့ ဘာဘွဲ့ညာဘွဲ့ လန့်ကြုတ်ဘွဲ့ကြီးနဲ့လို့ ကွီစိကွစိ ပွက်လောသံတွေကြောင့် ကမန်ကတမ်း ဖွဘုတ်ကြီး ဖွင့်ကြည့်လိုက်တော့ တက် (tag) လုပ်ထားတဲ့ မော်ဒယ်ပုံတွေအစား ဒီ ဘွဲ့အတုကိစ္စက ဖွဘုတ်ကြီး ပြိုပျက်မတတ် (break the internet*) ပြည့်လျှံနေတော့တယ် - *အမေရိကန် Reality Show သရုပ်ဆောင် Kim Kardashian ဖော်ချွတ်ဓါတ်ပုံရိုက်ပြီး စက္ကူမဂ္ဂဇင်း (Paper Magazine) မှာ ဖော်ပြတုန်းက သူ့ရဲ့  sexy ပုံတွေကြောင့် အင်တာနက်ကြီး ပြိုကျသွားမယ်၊ ရပ်တန့်သွားမယ်လို့ ပြောခဲ့တဲ့ မှတ်မှတ်သားသား ပြောစကား။

ဒါမျိုးဆို သိပ်စိတ်ဝင်စားတဲ့ မောင်ဥက္ကလာအနေနဲ့ အဲ ရွှေပြည်က ပူညံ့ပူညံ့ အသံတွေကို ပြောတာနော် … Kim Kardashian ဓါတ်ပုံကိစ္စကို ပြောတာ မဟုတ်ဘူး။ အဂတိ ခြစားမှုကင်းရှင်းပြီး အမှန်အကန် လူတွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ပြောဆိုနေတဲ့ မယ်တော်ကြီး အစိုးရမှာတော့ ဒီလိုမျိုး မရှိတန်၊ မဖြစ်နိုင်ဘူးလို့ ပိသာလေးခေါင်းပေါ်တင်ပြီး စဉ်းစားကြည့်သေးတယ်။ သို့ပေမဲ့ ကြားရမြင်ရသလောက် ဟုတ်နေတော့ အများနည်းတူ ဘဝင်မကျ၊ ဟိုထဲ ပုရွက်ဆိတ် ဝင်နေသလို ရွစိရွစိ ဖြစ်ကာ ခုရှင်းမှ နောင်မရှုပ်အောင် တွန်းကြည့်တာပါ။

အရင်းစစ်တော့ အမြစ်မြေ (Root) ဆိုသလို ပြည်သူတွေ အသည်းခိုက် မမေ့နိုင်တဲ့ ဥာဏ်ကြီးရှင်အဘတို့က နှစ်ပေါင်း (၅၀) ကျော် တိုင်းသူပြည်သားတွေကို အမှောင်တဲပျက်ထဲမှာ တံခါးပိတ်၊ ကျောင်းပိတ် - ထောင်ဖွင့်နဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲ အနေများခဲ့။ ဒီလို တန်းဖိုးမဖြတ်နိုင်တဲ့ ကျေးဇူးတော်ကြောင့် ရွှေပြည်ကြီးမှာ ခေတ်မီ အဆင့်မြင်ပညာရေးစနစ်ပျောက်၊ ဘွဲ့ရပညာတတ်တွေ အလွန်ရှားပါးခဲ့ပြီး၊ နိုင်ဂံဂျား အနောက်နိုင်ငံဘွဲ့ရဆို စိန်လိုရှားပါး လက်တစုပ်စား ရှိလာခဲ့တာ မဆန်းပေါ့။

အဲ့ဂလိုကြောင့် ရွှေပြည်ကြီးမှာ ဘွဲ့ကလေးတခုရပြီဆို မိတ်ကပ်ခင်စန်းဝင်းတို့၊ အဝတ်ဆိုင်တွေ၊ ရွှေဆိုင်ငွေဆိုင်တွေ၊ ဓါတ်ပုံတိုက်တွေ တော်တော်လေး အလုပ်ဖြစ်ပေါ့။ ဘာတဲ့ ဘယ်နိုင်ငံမှာမှမရှိတဲ့ အကြိုဘွဲ့နှင်းသဘင် နဲ့ ဖိုင်နယ်ဘွဲ့ယူတဲ့နေ့တွေနဲ့ ရှုပ်နေတော့တယ်။ ပြီးတော့ အဲဒီ ဘာဘာညာညာ ဘွဲ့ဓါတ်ပုံကြီးကို အိမ်ဦးခန်း၊ ဈေးဆိုင်၊ မီးကင်းတဲ၊ ဆိုက်ကားဂိတ်မှာချိတ်၊ ဦဘ (BA), ဒေါ်ပု (BSc, UK) တွေ ခြံဝမှာ စာတန်းထိုး၊ မင်္ဂလာဆောင်ဖိတ်စာမှာဆို ရှိသမျှဘွဲ့၊ လက်မှတ်တွေ တစီတတန်းရေးထိုးလိုက်ကြတာ … ဒါမျိုး ဘယ်နိုင်ငံ ဘယ်ဒေသမှာမှ မရှိ၊ မတွေ့။ ရှားပါးကုန်ပစ္စည်းဆိုတော့ အရပ်ရှစ်မျက်နာ ဖုန်ထ ကြွားချင်ဝါချင်ကြတာပေါ့နော်။

အဲ ပြောချင်တာက အဲ့ဂလို ပညာတတ်ရှားတော့ နိုင်ဂံဂျားဘွဲ့ဆို ပိုအထင်ကြီး … ဘယ်နိုင်ငံ ဘယ်အရပ်က ဘာဘွဲ့ရလာတယ်ဆိုရင် မာန်တက်၊ လူပေါ်လူဇော် လုပ်။ ဘိုလိုလေး တွတ်တက်ရင် လူအထင်ကြီးခံဖြစ်ပေါ့။ ကြည့်လေ ဘွဲ့ဆိုရင် ကိုရင်၊ ဘုန်းကြီးဝတ်တုန်းကရခဲ့တဲ့ ဘွဲ့သာရှိကြတဲ့ အဘတို့က သူတို့အစိုးရလက်ထက်မှာ ပညာရှင်ပညာတတ်တွေနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရမယ်။ ဒါမှ နိုင်ငံတကာ ကူညီပံ့ပိုးမှုရမယ်၊ --- ပြ ဆန်တောင်း လုပ်ကောင်းမယ်ဆိုတာနဲ့ နိုင်ငံခြား ကောလိပ်တက္ကသိုလ်ဘွဲ့ရ၊ တိုင်းခြားမှာ ဟိုလိုလို ဒီလိုလို အလုပ်ရှာမရသူတွေကို သမ္မတ၊ ဝန်ကြီး အကြံပေး - အကျန်စား နေရာတွေပေး၊ နိုင်ငံတကာ အလှူငွေတွေနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ကိုင်လိုက်တာ တော်တော်လေး ဘယ်သူတွေ ဘယ်ခရီးရောက်သွားကြတာကို စာဖတ်သူတွေ သိမှာပါ။ အမနာပ ပြောတာမဟုတ်။ မြင်နေတဲ့ မျက်လုံးများရှိလို့၊ အသံတွေ ကြားနေလို့ပါ။

အဲ့ဂလို ဘွဲ့ကလေးနဲ့ ဟန်ပြချင်တဲ့ … အဘတို့ ရွေးကောက်လိုက်လို့ လွှတ်တော်ထဲ သွားငိုက်ခွင့်ရတဲ့ ငွေများတရားနိုင် ဇေကမ္ဘာကြီးက ဘွဲ့လက်မှတ်စာရွက်ပေါ်မှာ ဝါရှင်တန်၊ အမေရိကန်ပါရင်ပြီးရော ကျုပ်ကိုလည်း ဘွဲ့လက်မှတ်တခုလောက် ဝယ်ပေးဆိုပြီး ဝါရှင်တန်တက္ကသိုလ် စီးပွားရေး ဂုဏ်ထူးဆောင်ပါရဂူ … ဒေါက်တိုဘွဲ့ ရရှိသူလို့ ရှိုး (show) ခဲ့တာလဲ ရှိသေး။ သူကို ဒေါက်တိုဘွဲ့ရဖို့ ဘာတွေလုပ်ရသလဲမေးရင် ဆေးဝါးတွေအကြောင်း သိဖို့ လိုတယ်လို့ ဖြေကောင်းဖြေလိမ့်မယ်။ ဒါကြောင့် သူပိုင်နေရာတွေမှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေကို တွေ့တွေ့နေတာ ဖြစ်မယ်။

ဒါနဲ့ ဖွဘုတ်၊ နီးစပ်သူတွေ ဖွင့်ဟပြောဆိုချက်အရ သိရတာက အဘတို့ ကောက်စားလို့ သမ္မတ၊ ဝန်ကြီးဝန်လေး အကြံပေး ဖြစ်သွားကြတဲ့ အဲဒီအုပ်စုထဲမှာ ပရော်ဖက်ဆာဒေါက်တာဆိုပြီး ပါရဂူဘွဲ့စာတမ်း ရေးမပြီးတဲ့သူ၊ သင်တန်းလပိုင်းတက်ပြီး မဟာဘွဲ့ ဘာဘွဲ့ ဘောင်ခတ်ပြီး ပြောနေသူတွေပါတယ်လို့ ကြားမိတော့ ဟုတ်ရဲ့ လာပေါ့။ ဟုတ်မဟုတ် ကာယကံရှင်တွေ အသိ။ အမှန်ပြောကြရင် ကောင်းတာပေါ့။

ပညာတတ် ပညာရှင်တွေ ငေးမောအားကျတဲ့ မောင်ဥက္ကလာက လူပြောများတဲ့ အဲဒီ အကြံပေးတွေ့  ပြောဆိုသံတွေကို နည်းနည်းနားစွင့်ကြည့်မိသေး … ဘာတဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိတာ ရွှေပြည်ကြီးက “သယံဇာတ ကျိန်စာသင့် (curse of the natural resources)” နေတာကြောင့် ဖြစ်တယ်လို့ DVB Debate စကားဝိုင်းမှာ သမ္မတကြီးရဲ့  စီးပွားရေးအကြံပေး သုခမိန်ကြီးက မှတ်ချက်ပြုသွားတယ်။ နောက်လာသေး “တပ်မတော်အစိုးရ (၁၄) နှစ်ကြာ အချိန်ယူပြင်ဆင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို အရင်သုံးကြည့်ပါ။ ဘယ်နိုင်ငံမှာ ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံဆိုတာမရှိဘူး” ဆိုပြီး အမေရိကန် ဖွဲ့စည်းပုံ၊ အမေရိကန်သမိုင်းနဲ့ နှိုင်းယှဉ်သုံးသပ်ပြတဲ့ နတ်ဆိုး မကောင်းဆိုးဝါး အကျိုးဆောင် (Devil’s Advocate - မြန်မာအဘိဓာန်မှာတော့ “အတို့အထောင်သမား” လို့ ဖွင့်ဆိုထားတယ်) ဥပဒေပညာရှင်ကြီးရဲ့  မှတ်သားလောက်တဲ့ ရှင်းလင်းချက်ကတမျိုး .. အဲဒီလို အံ့သြစရာကောင်းလှတဲ့ အကြံပေးပညာရှင်တွေရဲ့  မာန်ဟန်နဲ့ ပြောဟောချက်တွေကို ကြက်သီးဘဲသီးထ ဟိုမှာတွေ့ ဒီမှာကြားတော့ အများလိုပဲ လက်ယား ပါးစပ်ယား ဖြစ်ရတာပေါ့။

အဲ့ဂလို ဖြစ်ချင်ရာတွေ ဂျွမ်းထိုးမှောက်ခုန် (Topsy-turvy) ဖြစ်နေတဲ့ ရွှေပြည်ကြီးမှာ အလုပ်ဖြစ်နေတဲ့ သုခမိန်တွေအကြောင်း မနေနိုင် မထိုင်နိုင် - inquiry (ဝါ) investigate လုပ်ကြည့်။ Nosey ဖြစ်တာ မဟုတ်ဘူး - ဟိုဟိုဒီဒီ တီးခေါက်ကြည့်တော့ အကျိုးဆောင်အကြံပေးတွေ၊ အန်ဂျီအို (NGO), အိုင်အန်ဂျီအို (INGO) လုပ်ကိုင်နေသူတွေ၊ ပုဂ္ဂလိက ကျောင်းတွေမှာ ဆရာလုပ်နေသူတွေ (ပြည်တွင်း နဲ့ နိုင်ငံခြားသား)၊ အခု နိုင်ငံရေးလောကမှာ ဘွဲ့အမြီးတပ်၊ ဘယ်နိုင်ငံ ဘယ်ကရခဲ့တဲ့ အတန်းလက်မှတ်တွေနဲ့ အရှက်မရှိ သရက်စေ့ လုပ်ကိုင်စားနေသူတွေကို တွေ့ရတယ်။

မျှမျှတတ ပြောရင်တော့ ဒီလို အရှက်အကြောက်တရား မရှိ၊ လိမ်လည်လှည့်ဖြား “ပညာရွှေအိုး သူခိုးတွေ” ကို ပညာရေးအဆင့်အတန်း မြေပြင်ကပ်နေတဲ့ ရွှေပြည်မှာတင်မက ကမ္ဘာ့နိုင်ငံတော်တော်များများ … အထူးသဖြင့် ဆင်းရဲနိမ့်ကျတဲ့ နိုင်ငံတွေမှာလည်း ရှိပါတယ်။ ခေတ်ကလဲ smart phone ဆိုပြီး သုံးစွဲသူကို stupid ဖြစ်စေတဲ့ ခေတ်ကြီးမှာ အလွယ်လိုက်ချင်တဲ့ ငဖျင်းတွေအတွက် အတန်းတက်၊ ကျောင်းသွားစရာမလို ငွေနဲ့ပေးဝယ်လို့ရတဲ့ ဘွဲ့လက်မှတ်အတုတွေ (Degree or Diploma Mill) ထုတ်ပေးနေတဲ့ ပညာရေးဌာန၊ အစိုးရ အသိအမှတ်မပြုတဲ့ (Unaccredited Institutions of Higher Education) ကောလိပ်တက္ကသိုလ် အမည်ခံကျောင်းတွေကို ကမ္ဘာတဝှမ်း (အမေရိက နဲ့ အင်္ဂလန်မှာ မှိုလိုပေါက်) မှာ ဒုနဲ့ဒေး ရှိလာခဲ့တော့ ဝန်ကြီးတွေ၊ မဝန်ကြီးတွေပါ အလွယ်ရယူကြတာပေါ့။

ကြုံလို့ ဖော်သည်ချ ပြောရရင် အမေရိကန်နိုင်ငံရဲ့  အထင်ကရ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ကြီး MIT - Massachusetts Institute of Technology ရဲ့  ကျောင်းဝင်ခွင့်ဌာနရဲ့  ဌာနမှူး မာရီလီ ဂျုန်းစ် (Marilee Jones) က သူ့ ကိုယ်ရေးရာဇဝင် ၊ ကိုယ်ရေးအထ္ထုပ္ပတ္တိ - ပညာရေး၊ အလုပ်အကိုင် မှတ်တမ်း (Resume or Curriculum Vitae) မှာ လိမ်လည်ပြီး မရှိတဲ့ ဘွဲ့အရည်အချင်း၊ ကျောင်းတွေကို ထည့်သွင်းတင်ပြခဲ့တာကို တွေ့ရှိပြီး အလုပ်ထုတ်၊ အရေးယူခံရတယ်။ သူ့အလုပ်လျှောက်ချိန် ၁၉၇၉ ခုနှစ်တုန်းက နောက်ပိုင်းရာဇဝင် စီစစ်နိုင်တဲ့ နည်းပညာမထွန်းကားသေးတော့ အဲ့ဂလို အလွယ်လုပ်ခဲ့တာပေါ့။

ဒီနေ့ တိုးတက်လာတဲ့နည်းပညာနဲ့ တင်းကြပ်တဲ့ ရာဇဝင်နောက်ကြောင်း စစ်ဆေးစုံစမ်းမှုတွေ လုပ်နေတဲ့ကြားက တလောက အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်၊ ပေါ့ခ် ပြည်နယ်ကောလိပ် (Polk State College) မှာ ပါမောက္ခ ဆရာကြီးလုပ်နေတဲ့ ဒေဗစ် ဘရောက်စ်တာမန် (David Broxterman) ဆိုသူကလည်း ဒေါက်တာပါရဂူဘွဲ့ကို တောင်ပိုင်း ဖလော်ရီဒါတက္ကသိုလ် (University of South Florida) က ရခဲ့တယ်ဆိုပြီး ပညာအရည်အချင်းမှတ်တမ်းမှာ ကလိမ့်စေ့ငြမ်းဆင် တင်ပြ၊ အလုပ်ရခဲ့တာကို ဖော်ထုတ်တွေ့ရှိလို့ ကျောင်းထုတ်၊ ဖမ်းဆီးအရေးယူခံနေရတယ်။

ပြောမယ်ဆိုရင် ဒီလိုလုပ်ရပ်တွေ ဟိုမှာဒီမှာ အများအပြား တွေ့နိုင်တယ်။ ဘွဲ့အတုပေးတဲ့ ကျောင်းတွေ ပေါများလာလို့၊ ကျောင်းတပိုင်းတစတက်ပြီး ဘွဲ့လက်မှတ်အတုတွေ တင်ပြပြီး လုပ်စားဖို့ ကြိုးစားသူတွေ ရှိနေတာကြောင့် အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေကို အလုပ်လျှောက်သူ တင်ပြလာတဲ့ ပညာအရည်အချင်း မှန်မမှန် သိရှိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြတယ်။ အများလုပ်ကြတာက တက်ခဲ့တဲ့ ကောလိပ်တက္ကသိုလ်ကျောင်းရဲ့  တရားဝင်ထုတ်ပေးတဲ့ အမှတ်စာရင်း (Transcript), ဘွဲ့လက်မှတ် (Degree Certificate) တောင်းယူခြင်း၊ တက်ခဲ့တဲ့ကျောင်းမှ ဆရာ၊ ဆရာမ ထောက်ခံစာ။ ကျောင်းတွေကို ဆက်သွယ်မေးမြန်းခြင်းတွေ လုပ်နို်င်တယ်။ ပြီးတော့ တက်ခဲ့တဲ့ ကျောင်းက အစိုးရအသိအမှတ်ပြု အမှန်အကန်လား၊ အကြံအဖန်လား သိရအောင် ဒီလို အင်တာနက်စာမျက်နာ (ope.ed.gov/accreditation/Search.aspx) မှာ စစ်ကြည့်နိုင်တယ်။ ရွှေပြည်မှာ နိုင်ဂံဂျားပြန်၊ နိုင်ဂံဂျားသား နိုင်ဂံဂျားဘွဲ့ဘန်းပြ၊ လုပ်စားနေသူတွေကိုလည်း စစ်ဖို့လိုတယ်။

တကယ်တော့ ဒေါက်တာပါရဂူဘွဲ့ (PhD - Doctor of Philosophy) ရရှိထားသူလို့ ပြောလာတဲ့သူကို စစ်ဆေးဖို့က အလွယ်ဆုံး။ ဒေါက်တာပါရဂူဘွဲ့ ရဖို့အတွက် နောက်ဆုံး ပြုစုရေးခဲ့တဲ့ကျမ်းစာကို တောင်းယူကြည့်နိုင်သလို၊ ProQuest (www.proquest.com/products-services/dissertations/) အင်တာနက် စာမျက်နာမှာ ရှာဖွေစစ်နိုင်တယ်။ ပြီးတော့ ဒေါက်တာပါရဂူဘွဲ့ဆိုတာ အလွယ်ရတဲ့ ပညာရေးဘွဲ့မဟုတ်တော့ အနည်းဆုံး ကျောင်း (၅) နှစ်တက်၊ စာတမ်းပြုစုရေးဖို့ အနည်းဆုံး (၃) နှစ်ကနေ (၈) နှစ်လောက် ကြာတတ်တယ်။ ပြီးတော့ ကျောင်းတက်နေစဉ် နဲ့ ဘွဲ့ရပြီးနောက် စာတမ်းတွေရေးရ၊ ဆွေးနွေးတင်ပြမှုတွေ လုပ်ရတယ်ဆိုတော့ ရေးခဲ့ပြုစုခဲ့တဲ့ publications တွေ ရှိမရှိကိုကြည့်ပြီး အမှန်အကန် PhD ဘွဲ့ရထားသူလား၊ အကြံအဖန် PhD (Pizza Hut Delivery - ပီဇာ ပို့သူ) ဘွဲ့ရထားသူလားဆိုတာကို သိနိုင်တယ်။ အခုတော့ ရေးထားတဲ့စာတမ်း အရည်အသွေး၊ သူများရေးထားတာကို ခိုးချခိုးကူး (Plagiarism) လုပ်ထားမထားကို စစ်ဆေးဖို့ software application တွေနဲ့ စစ်ဆေးနိုင်တယ်။

ကြားမိလားမသိ ... ဂျာမဏီနိုင်ငံမှာတော့ ကာကွယ်ရေးဝန်ကြီး ကာလ် သီအိုဒေါ ဇူ ဂူတန်ဘတ်ဂ်ျ (Karl-Theodor zu Guttenberg) တယောက် သူ့ပါရဂူဘွဲ့ကျမ်းစာထဲမှာ သူများရေးထားတာကို ခိုးကူးထည့်သွင်းရေးခဲ့တဲ့အတွက် ဘွဲ့ပြန်အသိမ်းခံရပြီး၊ ဝန်ကြီးရာထူးက နုတ်ထွက်လိုက်တယ်။ သူလိုပဲ တခြားနိုင်ငံရေးသမားတွေ၊ လူကြီးတွေရဲ့  ပညာရေး၊ နောက်ကြောင်းကို ဂျာမဏီအစိုးရက ပြန်လည်စစ်ဆေးနေတယ်တဲ့။

သိတာတွေ ဆက်ပြောနေရင် နေ့ဆက်ရလိမ့်မယ်။ ကဲ ထားတော့ ... ပြောချင်တာက ဒီနေ့ လူတဦးတယောက်ရဲ့  ပညာအရည်အချင်းကို စနည်းနာဖို့ မခက်ပါ။ လိမ်ညာကြွားဝါချင်သူတွေ အရှက်အသိလေးရှိပြီး၊ အထူးအားဖြင့် လူရှေ့ သူရှေ့  လူကြီးလုပ်ချင်သူတွေ မရှက်မကြောက် လိမ်ညာ မလုပ်ဖို့ပေါ့။ လုပ်ခဲ့ရင် ပြည်သူတွေက ကျောသားရင်သား မခွဲခြား Go လိုက်ဖို့ ပြောရဲရမှာပေါ့။

လျှာထပ်မရှည် အချုပ်ပြောရရင် ခေါင်ကမလုံ (ဝါး)ကြမ်းပေါက် ကျောင်းမှာ ရွှေမြန်မာထုတ် (Made in Myanmar) Tablet ကျောက်သင်ပုန်း ကိုင်ပြီး စာသင်နေကြတဲ့ အနာဂတ်ခေါင်းဆောင်လေးတွေကို ရှင်အရဟံ ဟောကြားသလို “ရှေ့ ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” လို့ ပြောရင်တော့ အားလုံးနွား ဖြစ်ကုန်မှာစိုးလို့ ခေါင်းဆောင်လုပ် ဦးဆောင်ချင်သူတွေ .. သန့်ရှင်းဖြောင့်မတ်တဲ့ အစိုးရသစ် တည်ဆောက်ချင်သူတွေ “အစကောင်းမှ အနှောင်းသေချာ” ဆိုတဲ့ စကားနဲ့အညီ ရှင်းရှင်းလင်းလင်း၊ မှန်မှန်ကန်ကန်၊ ပြတ်ပြတ်သားသား လူမှန်နေရာမှန် ရွေးချယ်လုပ်ဖို့ တိုက်တွန်းကြည့်တာပါ။

အမှန်တကယ် ပြောင်းလဲဖို့အတွက်ပါ။ ကောင်းစေချင်လို့ပြောတာ စိတ်မဆိုးနဲ့နော်။

ဒီရေးခဲ့တဲ့စာထဲမှာ သိုးဆောင်းစကား အသုံးအနှုန်းအချို့ ပါလို့ စာဖတ်သူတွေလည်း မောင်ဥက္ကလာကို ခေသူမဟုတ်လို့ ထင်ကောင်းထင်မှာပေါ့။ ဝန်ခံပါတယ် … မောင်ဥက္ကလာလည်း ဘွဲ့ကလေးနဲ့ပါ။ မယုံရင် မိုးမခရွာဦးကျောင်း ဆရာတော်ကို ဆက်သွယ်စုံစမ်းကြည့်ပေါ့။