ကိုသန်းလွင် - ပဏ္ဍိတာရာမစာကြည့်တိုက်



ကိုသန်းလွင် - ပဏ္ဍိတာရာမစာကြည့်တိုက်
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၆

(၁)

ရန်ကုန်မြို့ သံလွင်လမ်းရှိပဏ္ဍိတာရာမကျောင်းတိုက်သို့ နံနက်၁၀နာရီခန့် နေတော်တော်မြင့်မှ ကျွန်တော်တို့ ရောက် ရှိသွားပါသည်၊ ဆောင်းမကုန်သေးဘူးဆိုသည့်တိုင် ရာသီဥတုကမအေးတော့ပါ၊ ကျောင်းဝင်းထဲ ရောက်မှဘဲ အေးသွားတော့သည်၊ ဆရာတော်ကြီး၏ မေတ္တာဓါတ်မှာ အေးမြစူးရှလှပေ၏။

ကျွန်တော်တို့သည် ဆရာတော်ကြီး၏ စာကြည့်တိုက်သို့ စာအုပ်ရှာရန် ရောက်ရှိသွားကြခြင်းဖြစ်ပါသည်၊ ကျောင်းဝင်းအတွင်းသို့ ၀င်ဝင်ချင်း ဘယ်ဘက်ကသုံးထပ်အဆောက်အဦးမှာ စာကြည့်တိုက်အဆောက် အဦး ဖြစ်ပါသည်၊ အင်္ဂလိပ်၊ ပါဠိနှင့် မြန်မာစာအုပ်ပေါင်းများစွာကို အထပ်သုံးထပ်ပြည့် စာအုပ်စင်တွေစီစဉ်ထားပုံမှာ ခန့်ညား ထည်ဝါလှပါသည်၊ ဒုတိယထပ်မှာ စာကြည့်တိုက်မှူး၏ ရုံးခန်းရှိသည်၊ ကွန်ပျူတာသုံးလုံး၊ စာရေး စာဖတ် လုပ်နိုင်ရန် စားပွဲခုံ၊ ကုလားထိုင်တွေ ချထားသည်၊ သံဃာတော်နှစ်ပါးနှင့် ကလေးမလေးတယောက် စာအုပ် စာရင်းသွင်းနေကြသည်ကို တွေ့ရသည်။

ကျွန်တော်ရှာနေသော စာအုပ်မှာ ဘယ်လဂျီယံလူမျိုး E- Lamotte ၏ History Of Indian Buddhism စာအုပ်ဖြစ်ပါသည်၊ စာအုပ်မှာ ၁၉၂၄ ခုနှစ်က ပဌမဆုံး ပြင်သစ်ဘာသာဖြင့် ထုတ်ဝေခဲ့ပြီး အင်္ဂလိပ်ဘာသာ ပြန်စာအုပ်မှာ အနှစ်၃၀ကြာ ၁၉၅၈ ခုနှစ်တွင်မှ ထွက်ပါသည်။

ဆရာတော်ကြီး၏စာကြည့်တိုက်နှင့် အကျွမ်းတ၀င်ရှိသော မိတ်ဆွေက စာအုပ်ရှိနိုင်ပါသည်၊ လာခဲ့ပါဟု ဆို သဖြင့် ကျွန်တော်အရောက်သွားခဲ့ခြင်းဖြစ်ပါသည်၊ ထိုစာအုပ်ကို Amazon နှင့် Abcbook အွန်လိုင်းဆိုင် များသို့ ကျွန်တော်မှာပြီးပါပြီ၊ နှစ်ကြိမ်လုံးရောက်မလာခဲ့၊ ကျွန်တော်မှာပြီးမှ စာအုပ်အသစ်ဈေးက ၉၄ဒေါ်လာနှင့် အဟောင်းဈေးက ၇၄ဒေါ်လာခန့် အထိခုန်တက်သွားသည်၊ ကျွန်တော်ဤမျှဈေးကြီးပေး၍ စာအုပ်ကို မ၀ယ်နိုင်ပါ၊ အကယ်၍ ဤစာကြည့်တိုက်မှာသာရှိပါက ကျွန်တော်သည် ကော်ပီကူးထားနိုင်ပါသည်၊ ဤစာအုပ်မှာ အမှတ်တရ သိမ်းထား ရမည့် စာအုပ်ဖြစ်ပါသည်။

ကတ်တလောက်မှာ စာအုပ်နာမည်နှင့် ရှာတော့မတွေ့၊ စာရေးဆရာအမည်နှင့် စာအုပ်တအုပ်ကိုတွေ့သည်၊ စာအုပ်စဉ် K10 မှာဟုဆိုသည်၊ တကယ်က စာအုပ်တွေက စီစဉ်နေကြဆဲဖြစ်ပါသည်၊ စဉ်တွေက I နှင့် J လောက်မှာဆုံးသွားသည်၊ တာဝန်ခံမိန်းခလေးကို မေးတော့လည်း သိဟန်မတူ၊ အဖိုးတန် အရေးကြီးသော စာအုပ်များကို ဆရာတော် ကြီးကသူကိုယ်ပိုင်စာကြည့်ခန်းမှာ မှန်ဘီရို တွေနှင့် သိမ်းထားဆဲဟုသာ သိလိုက်ရသည်။

(၂)

ဗုဒ္ဓဘုရားရှင်ဖြစ်လာမည့် သတို့သားငယ်ကို ဘီစီ ၆၂၃ ခုနှစ်ခန့်ကတွင် မွေးဖွားသန့်စင်ပြီး ဗုဒ္ဓသည်အသက် ၈၀ အရွယ် ဘီစီ ၅၄၃ ခန့်တွင် ပရိနိဗ္ဗာန် စံဝင်ခဲ့သည်၊ သက်တော် ၃၅နှစ်အရွယ်တွင် ဗောဓိမဏ္ဍိုင်၌ ဘုရား အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၄၅နှစ် ကြာအောင်တရားဓမ္မများ ဟောကြား၍ လူတို့ကို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းနည်းလမ်းများကို လမ်းညွှန်ပြသခဲ့သည်၊ သံဃာအဖွဲ့အစည်းကို ထူထောင်ပေးခဲ့ပြီး ဘုရားရှင် မရှိတော့ချိန်တွင် သူ၏တရားဓမ္မများ အဆုံးအမအတိုင်း လိုက်နာကြရမည်ဟု မှာကြားခဲ့သည်။

ဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၀၀ ခန့်အကြာတွင် မောရိယမင်းဆက် သီရိဓမ္မာသောက၊ အသောကရာဇာ ဘုရင်သည် အိန္ဒိယနိုင်ငံတွင်သာမက ကမ္ဘာ့အရပ်ရပ်သို့ သာသနာတော်ရောက်ရှိအောင် ကြိုးပမ်းအားထုတ် ခဲ့ပါသည်။ အိန္ဒိယနိုင်ငံတ၀ှမ်း ဘုရားပုထိုးစေတီ နှင့် သာသနာ့အဆောက်အဦးများစွာတည်ခဲ့သည်၊ ကဗျည်း ကျောက်စာများစွာရေးထိုးခဲ့သည်၊

မောရိယမင်းဆက်နောက်ဆုံးဘုရင်မှာ ဗြဟ္မဏာဘာသာကိုးကွယ်သူစစ်သူကြီးက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်၊ အေဒီ ၆၀၅ ခုနှစ်သို့ရောက်သော် သသင်္ကမင်းသည် ဗုဒ္ဓဘာသာဝင်ဘုရင်ကို သတ်ဖြတ်ပြီး ဗုဒ္ဓဘာသာဝင် ရပာန်းတော်များကို သတ်ဖြတ်ခြင်း၊ ဘုရားကျောင်းကန်၊ စေတီပုထိုးများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်၊ အေဒီ ၇ ရာစုနှစ်သို့ ရောက်သောအခါ သုဒ္ဒန၀န်ဘုရင်သည် ဗုဒ္ဓဘာသာဝင်ဘုရင်များကို ရန်သူသဖွယ် ဆက်ဆံပြီး သာသနာတော်ဆိုင်ရာ ပစ္စည်းများကို ဖျတ်ဆီးခဲ့ပြန်သည်။

အိန္ဒိယနိုင်ငံအတွင်းသို့ အနောက်ဖက်မှ မွတ်ဆလင်ဘာသာဝင်များ ကျူးကျော်ဝင်ရောက်မှုများမှာ အေဒီ ၇၁၂ တွင်စတင်ခဲ့ပြီး ၁၂၉၆ ခုနှစ်တွင် အိန္ဒိယတိုက်တခုလုံး မွတ်ဆလင်များလွှမ်းမိုးခဲ့ကြသည်၊ ၁၁၅၀ နှင့် ၁၈၀၀ အေဒီခုနှစ်များအကြား အပျတ်အဆီးအများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာသည် အိန္ဒိယမှ ကွယ်ပျောက်သွားခဲ့သည်။

ဂျာမန် ဖီလိုဆိုဖါ ဟေဂယ် (၁၇၈၀ -၁၈၃၁) ၏ စာအုပ်တွင် ဗုဒ္ဓဘာသာအကြောင်း စာကြောင်းရေ တကြောင်း မျှသာပါပြီး ဗုဒ္ဓကို Nyaya Philosophy ကိုထူထောင်သူဟု ဖော်ပြခဲ့သည်၊ ပေါ်တူဂီလူမျိးများ နောက်ထပ် အင်္ဂလိပ်အရှေ့အိန္ဒိယ ကုမ္ပဏီ အိန္ဒိယသို့ ရောက်ရှိလာချိန်တွင် အိန္ဒိယပြည်၌ဗုဒ္ဓဘာသာဝင်ဟူ၍မရှိတော့ပြီ၊ ဗုဒ္ဓသည် သျှီဝ နတ်ဖုရား၏ ၉ကြိမ်မြောက် ၀င်စားသူဟုသူတို့က ယူဆကြသည်၊ ဗုဒ္ဓသာသနိယ ပစ္စည်းများမှာ ယိုယွင်း ပျက်စီးယိုယွင်းနေကြပြီး ဘုရားအို၊ ဘုရားပျက်၊ ကျောင်းပျက်များ ကျိုးပဲ့နေသော ဆင်းတုတော်များ၊ အပျက်အစီးများသာရှိတော့သည်။

နှစ်ပေါင်း ၆၀၀ ကျော်မျှ ဗုဒ္ဓဘာသာကွယ်ပျောက်ပြီးချိန်တွင်မှ အရှေ့အိန္ဒိယကုမ္ပဏီက B.H. Hodgson ဆိုသူကို နီပေါနိုင်ငံတွင် နိုင်ငံရေးဆိုင်ရာဌာနေကိုယ်စားလှယ်အဖြစ်စေလွှတ်လိုက်သည်၊ သူသည်အားလပ်ချိန် များတွင် မေးမြန်းစုံးစမ်းရင်းဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် သက္ကတဘာသာဖြင့် ရေးထားသော ဗုဒ္ဓကျမ်း စာအုပ်များကို သိမ်းဆည်းထားကြကြောင်း သိရှိလာသည်၊ မိတ်ဆွေများအကူအညီနှင့်ထိုစာအုပ် စာရင်း ကတ်တလောက်များ ကိုစုဆောင်းရရှိလာသည်၊ အိန္ဒိယအလယ်ပိုင်း မဂဓ တိုင်းမှ အေဒီ ၂ရာစုခန့်ကရောက်ရှိ လာသော ထိုစာအုပ်များမှာ နီပေါနိုင်ငံမှတဆင့် တိဗက်သို့တိုင် ရောက်ရှိပြန့်နှံ့ နေပါပြီ၊ ထိုစာအုပ်များကို ထိုအချိန်က တိဗက်ဘာသာသို့ ပြန်ဆိုနေကြပြီး ဘုန်းတော်ကြီးများသာ ဖတ်နိုင်ကြသည်။

ဟော့ဆန်ကထိုသက္ကတဘာသာ စာအုပ်၆၀နှင့် တိဗက်စာနှင့်ရေးသော စာအုပ်၂၅၀ကို ကလကတ္တားရှိ Royal Asiatic Sociaty of Bangal သို့၎င်း လန်ဒန် နှင့် ပဲရစ်တွင် ရှိသော Asiatic Sociaty များသို့အလားတူပို့ပေးခဲ့ သည်၊ အဓိပ္ပါယ်ကောက်နှုတ်ချက်၊ ဝေဖန်ချက်စသည်တို့ကိုလည်းရေးသားပေးပို့ခဲ့သည်၊ ပဲရစ်တွင်ရှိသော အသင်းဝင် Eugene Burnouf က ၁၈၃၇ ခုနှစ်တွင် သက္ကတစာအုပ် ၈၈အုပ် လက်ခံရရှိခဲ့သည်။

ဤစာအုပ်များကိုဘားနော့ဗ်တွေ့ရှိသောအခါ ဤမျှကောင်းမွန်သော စာပေများရှိပါလျက် အိန္ဒိယနိုင်ငံ၏ အတိတ်သမိုင်းကို ဖော်ပြသော မယ်မယ်ရရစာအုပ်မရှိ ပုံကို သတိထားမိလာသည်၊ ဗုဒ္ဓလက်ထက်တော်က စတင်၍သာ သမိုင်းကြောင်းသည် ထင်ရှားပီပြင်လာသည်ဟုသူမှတ်ချက်ချခဲ့ပါသည်၊ ဗုဒ္ဓသည်နိဗ္ဗာန်ဘုံက ဆင်းသက်လာခြင်းမဟုတ်၊ ရင်သတ်ရှုမော အံ့သြစရာအဖြစ်အပျက်များဖြင့် ၀န်းရံနေသော ဗုဒ္ဓ၏ ဖြစ်တော်စဉ် များမှာ လူထဲတွင်ဖြစ်ပွားခဲ့သော လူ့သမိုင်းတခုသာဖြစ်သည်၊ ဗုဒ္ဓ၏ သင်ပြချက်များမှာ လူ့ဘုံလူ့လောက အတွက်သာဖြစ်ကြောင်းသူ ကောင်းကောင်းသဘောပေါက်ခဲ့ဟန်တူသည်။

သူု၏ Introduction to Indian Buddhism စာအုပ်သည် ၁၈၄၄ ခုနှစ်တွင် ထွက်ပေါ်လာပြီး ဥရောပ နှင့် အနောက်နိုင်ငံများက ဖတ်ရှုကြရသည်၊ အနောက်တိုင်းသို့ ရောက်ရှိသွားသော ဗုဒ္ဓဘာသာ အကြောင်းရေး သားထားသည့် ပဌမဆုံး စာအုပ်ဖြစ်လာခဲ့ပါသည်၊ ရှိုပင်ဟော၊ နစ်ရှေး နှင့် ရှဲလင်းတို့က ဤစာအုပ်ကိုချီးကျူး ကြသည်၊ နောင်တွင်ဗုဒ္ဓဘာသာအကြောင်း စာတမ်းအစောင်စောင် ရေးကြမည့် Sylvian Levi, Otto Frank, Hermann Oldenberg, Theodore Stcherbatsky, ရိုင်ဒေးဗစ် ဇနီးမောင်နှံတို့ မှီငြမ်းပြုကြရမည့် စာအုပ် ဖြစ်လာခဲ့ပါသည်၊ ဤစာအုပ် အမေရိကန်ရောက်ရှိပြီးချိန် တွင် Edward Salisbury ကစာမျက်နှာ ၅၀ ပါ Memoirs On the History of Buddhism စာတမ်းထွက်ပေါ်လာခဲ့သည်၊ အမေရိကန်တို့၏ ဗုဒ္ဓဆိုင်ရာ အစောဆုံးစာတမ်းဖြစ်လာခဲ့ပါသည်။

ဘားနော့ဗ်က သက္ကတ နှင့် ပါဠိဘာသာ မူနှစ်ခုကို ပေါင်းစပ်လျင် ဗုဒ္ဓ၀ါဒ၏ အသွင်သဏ္ဍန်သည် ပို၍ပီပြင်လာ လိမ့်မည်ဟုယုံကြည်ခဲ့ဟန်တူသည်၊ သို့ရာတွင် နောက်ပိုင်းတွင် ပါဠိဘာသာဖြင့် ပိဋ္ဋကတ် သုံးပုံစလုံး တွေ့ရှိကြ သောအခါမှစပြီး အမြင်များပြောင်းလဲကုန်သည်၊

ကျွန်တော်တို့အယူအဆမှာမူ ဘားနောဗ်၏စာအုပ်ထွက်ရှိချိန်တွင် မစ္စတာပရင့်ဆက်၏ အသောက ကျောက်စာ များကို တွေ့ရှိ အဓိပ္ပါယ်ဖေါ်မှု မဖြစ်ပေါ်သေး၊ ထိုမင်းတရားကြီး၏ မှတ်တမ်းမှတ်ရာများကို မကိုးကားဘဲ ဗုဒ္ဓ ဘာသာကို အဓိပ္ပါယ် ဖေါ်လျင် မပြည့်စုံနိုင်သေးဟုသာ ကျွန်တော်တို့ယုံကြည်မိပါသည်၊ ထိုနည်းတူ ဘုန်းတော် ကြီး ဖါဟီရမ် ( အေဒီ ၃၉၉-၄၁၄) ၏ အိန္ဒိယ နိုင်ငံ ခရီးစဉ်မှတ်တမ်းမှာ ၁၈၃၆ ခုနှစ်ရောက်မှ ပြင်သစ်ဘာသာ ဖြင့်ရေးသား ထုတ်ဝေခဲ့ကြသည်၊ ဒုတိယရဟန်းတော် Hiuen Tiang ( အေဒီ ၆၂၉-၆၄၄) ၏မှတ်တမ်းမှာ ၁၈၅၃ ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ကြသည်၊

Viggo Fausball ကဓမ္မပဒ ကို ပါဠိမှလက်တင်သို့ဘာသာပြန်ဆိုခဲ့သည်၊ သူသည် ၁၈၈၁ ခုနှစ်တွင် သုတ္တန် နိပါတ် တော်များကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုနိုင်ခဲ့သည်၊ ဗုဒ္ဓနိပါတ်တော်များကို ထူထဲလှသောအတွဲ ၆တွဲခွဲပြီး ၁၈၇၇ နှင့် ၁၈၉၉ ခုနှစ်များတွင် ထုတ်ဝေခဲ့သည်၊ ၁၈၇၉-၈၃ တွင်ဝိနယ ကျမ်းများကို ပြန်ဆိုခဲ့သည်၊ တဖန် မစ္စတာ ရိုင်ဒေးဗစ်နှင့် ပူးပေါင်းကာ မဂ္ဂ၀ဂ်၊ စူဠ၀ဂ်၊ ပါတိမောက်ကျမ်းများကို ဘာသာပြန်ဆိုခဲ့ကြပါသည်၊ မစ္စတာရိုင်ဒေးဗစ်မှာ သီဟိုဠ်နိုင်ငံ တွင် အစိုးရ၀န်ထမ်းအလုပ် ဖြင့် ပါဠိဘာသာကို သင်ယူခဲ့သည်၊ သူဦးဆောင်ပြီး လန်ဒန်ပါဠိအသင်း ကို ၁၈၈၁ ခုနှစ်တွင်ထူထောင်ခဲ့သည်၊

၁၈၅၈ခုဘားနောဗ် စာအုပ်နှင့်မရှေးမနှောင်းမှာပင် အင်းဝခေတ် ခရစ္စယမ် ဘုန်းတော်ကြီး P. Bigandet က Life and legend of Godama The Buddha of Burmese စာအုပ်ကိုထုတ်ဝေခဲ့ဘူးသည်၊ အနောက်တိုင်းသို့မူ ပြန့်နှန့်ခဲ့ဟန်မရှိခဲ့ပေ၊

နီပေါနိုင်ငံမှ မစ္စတာဟော့ဆန်ကြောင့် သက္ကတ စာအုပ်များအကြောင်း ကမ္ဘာကသိကြရသည့်နည်းတူ တိဗက် နိုင်ငံသို့ စွန့်စားသွား ရောက်ပြီ သက္ကတစာအုပ် အနှစ်ချုပ်စာအုပ်ကို ပြုစုခဲ့သူမှာ ဟန်ဂေရီ နိုင်ငံသား ဆရာဝန် Csoma ဆိုသူဖြစ် သည်၊ ၁၇၃၁ ခုနှစ်တွင် သူရေးခဲ့သော စွယ်စုံကျမ်းမှာ အတွဲ (၁) တွင် စာအုပ် ပေါင်း (၁၀၀) နှင့် အတွဲ(၂) တွင် စာအုပ် ၂၂၅အုပ်ပါဝင်ခဲ့သည်၊ ကလက္ကတားမှ ဘာသာဗေဒပညာရှင် များ က သူတွေ့ခဲ့သော စာအုပ်များမှာ နီပေါနိုင်ငံမှ ဟော့ဆန်တွေ့ခဲ့သောစာအုပ်များနှင့် ဆင်ဆင်တူနေသဖြင့် ၄င်းတို့ အားလုံး၏မူလအခြေခံမှာအိန္ဒိယပြည် မဂဓ တိုင်းပင်ဖြစ်ရမည်ဟုဆုံးဖြတ်ကြသည်၊ ၁၈၂၉ ခုနှစ်က JJ Schmidt ခေါ် စိန်ပီတာစဘတ် မှ ပညာရှင်က ထိုစာအုပ်များသည် သက္ကတ မှ တိဗက် ၄င်းမှတဆင့်မွန်ဂို ဘာသာဖြင့် မွန်ဂိုလီးယားပြည်နယ် အထိ ရောက်ရှိသွားပြီဟုရေးသားခဲ့သည်။

ထိုနည်းတူ George Turnour ခေါ် သီဟိုဠ်နိုင်င်္ငံမှ အစိုးရ၀န်ထမ်း တဦးမှာ ဆင်ဟာလီလူမျိုး ဘုန်းတော်ကြီး ကျောင်းများတွင် သက္ကတဘာသာ အပြင် ပါဠိဘာသာဖြင့်ရေးသားသော ဗုဒ္ဓဘာသာကျမ်းများရှိ နေသည်ဟု ကျေငြာခဲ့ပြန်သည်၊ ၄င်းတို့သည် ဘီစီ ၃၁၆ခုနှစ်ကတည်းက သီဟိုဠ်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်ဟုဆို သည်၊ သူက သီဟိုဠ်ဘုန်းတော်ကြီးများ၏ မှတ်တမ်းမှတ်ရာများကို ရည်ညွှန်းကာ ဗုဒ္ဓပွင့်တော်မူသည်မှ အေဒီ ၅၀၀စုနှစ်ခန့်အထိမှတ်တမ်းတင်ထားသော မဟာဝံသ ကျမ်းကို အင်္ဂလိပ်လို ရေးသားပြုစုခဲ့သည်။

ဗုဒ္ဓသာသနာသည် ဗုဒ္ဓခေတ်ကသော်၎င်း၊ မရှေးမနှောင်းမီ ကာလများကသော်၎င်း(ဘီစီ ၂၁၇) တရုပ်ပြည်သို့ ရောက်ရှိ နေပြီဟုဆိုကြသည်၊ တရုပ်ဘုရင် ( Ming Ti ) က ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်း ခဲ့သည်၊ အေဒီ ၁ ရာစု ကုန်လောက်တွင် သက္ကတ ကျမ်းစာများကို တရုပ် ဘာသာဖြင့် စတင်ပြန်ဆိုပြီး ကြပြီ၊ ၄င်းတို့၏ ကက်တလောက်တွင် စာအုပ်ပေါင်း ၁၀၀၀ ကျော်ရှိနေခဲ့သည်၊ အေဒီ ၇၆ခုနှစ် မှစတင်ကာ နှစ်ပေါင်း ၈၀၀ ကျော် ဆက်တိုက်ဘာသာပြန်ဆိုခဲ့ကြခြင်းဖြစ်ပါသည်။

ဥရောပ တိုက်တွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့ကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ကြာပြီဆိုသည့်တိုင် ဤဘာသာ ရပ်ကို ချေချေမြစ်မြစ် နားမလည်ကြသေးပါဟု ရုရှားပညာရှင် စတာချာဘတ်စကီး က ၁၉၂၇ ခုနှစ်တွင်ရေးခဲ့ သည်၊ ထိုစကားသည် ယနေ့အချိန်သို့တိုင် မှန်ကန်လျက်ရှိနေပါသည်၊ ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဓ ဟူ၍ သာသနာ သုံးမျိုးရှိရာဝယ် ဤကျမ်းစာအုပ်များကပေးသည့် ဗဟုသုတများမှာ ပရိယတ္တိသာသနာနှင့်နီး စပ် ထည့်သွင်း ရပါလိမ့်မည်၊ ကျန်သာသနာ နှစ်မျိုးလုံး မထွန်းကားသော၊ နားမလည်သော နေရာများတွင် ဗုဒ္ဓ၏ အဓိကဟောပြချက်များကို နားလည်ရန် မဖြစ်နိုင်ပါ၊ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ရေးဆိုသည်ကို ကံနှင့်ကံ၏အကျိုးကို လက်မခံသောသူများအတွက် နားလည်ရန်ခက်ခဲလှပါသည်၊

နှစ်ပေါင်း ၁၅၀၀ ကျော်ကြာအောင် သက္ကတဘာသာ၊ ပါဠိ၊ တရုတ်၊ ဆင်ဟာလီ၊ တိဗက် စသည်ဖြင့် ဘာသာရပ် ပေါင်းစုံ စာအုပ်စာတမ်းပေါင်းစုံ ကိုပညာရှင်ပေါင်းစုံတို့က ရေးသားပြုစုခဲ့ကြသည်မှာ စုစည်းရခက်ခဲအောင် များပြားလှပါသည်။

Edward Conze ၏အဆိုအရ ထိုစာပေမှတ်တမ်းများနှင့် ပတ်သက်၍ အဓိက ကျောင်း ၃ ကျောင်းရှိသည်၊ ပဌမ ကျောင်းမှာ Anglo – German School ခေါ် ရိုင်ဒေးဗစ် နှင့် ဟာမင်အိုဒင်ဘတ် တို့၏ ပါဠိကို အဓိက အခြေခံသောကျောင်းဖြစ်သည်၊ သူတို့ရေးသော စာအုပ်စာတမ်းများမှာ ဗုဒ္ဓ စာပေလေ့လာရေးအတွက် မရှိမဖြစ် အသုံးဝင်လှပါသည်၊ ဒုတိယ အုပ်စုကို ရုရှားပညာရှင် Minayeff, စတာချာဘတ်စကီ နှင့် Rosenberg တို့ကခေါင်းဆောင်ကြသည်၊ သူတို့ကအိန္ဒိယတွင်အခြေခံသည့် ကျမ်းစာအုပ်များအပြင် တိဗက်၊ မွန်ဂိုလီးယား၊ တရုတ် နှင့် ဂျပန်တို့ရှိ ရိုးရာထုံးတမ်း စည်ကမ်းများကိုလည်းထည့်သွင်း လေ့လာမှုပြုကြသည်၊ တတိယတမျိုး မှာ Franco-Belgium ( Levi, Vallee, Poussin, Przyluski ) တို့ကဦးဆောင်ကြသည်၊ ၄င်းတို့က ရုရှားအုပ်စု တို့၏နည်းကိုယူသော်လည်း ပြင်ပမှ ရနိုင်သမျှအချက်အလက် ဒေတာများကို အသုံးပြုကြသည်၊

ယေဘူယျအားဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုသည်မှာ သက္ကတ ကိုအခြေခံသည်၊ နိပေါ၊ တိဗက်၊ တရုပ်၊ ဂျပန်၊ ဗီယက်နန်၊ ကဗ္ဘောဒီးယား၊ အင်ဒိုနီးရှား နိုင်ငံတို့သို့ပြန့်နှံ့သွားသည်၊

မြန်မာအပါအ၀င် ဖြစ်သော တောင်ပိုင်းဗုဒ္ဓဘာသာမှာမူပါဠိ ကို အခြေခံသောပိဋ္ဋကတ် သုံးပုံမှ ဆင်းသက် လာသည့် ထေရ၀ါရ ဗုဒ္ဓဘာသာဖြစ်သည်၊ သီဟိုဠ်၊ မြန်မာ နှင့် ယိုးဒယားနိုင်ငံတို့ တွင်ထွန်းကားသည်၊

(၃)

ဆရာတော်ကြီးကျောင်းက ကျွန်တော်တို့ကို နံနက်စာကျွေးလိုက်ပါသည်၊ ဧည့်သည်လူ ၈၀ ကျော်ရှေ့က စား သွားကြသည့်တိုင် ဟင်းခွက်တွေက အရာမရွင်းပါ၊ သတ်သတ်လွတ်ဟင်းဖြစ်ဟန်တူသည်၊ ခရမ်းသီးနှပ်ဟင်း ကို ကျွန်တော်သတိရမိသည်။

ယခုအင်တာနက်ခေတ်ကြီးမှာ နိုင်ငံရပ်ခြား စာအုပ်ဆိုင်ကြီးများမှ လိုအပ်သောစာအုပ်ကို ကက်တလောက်မှ ရှာဖွေရန်၎င်း၊ စာအုပ်အော်ဒါမှာရန်ကိစ္စမှာ၎င်း၊ အလွန်လွယ်ကူနေပါပြီ၊ ဗုဒ္ဓကျမ်းဆိုင်ရာ စာအုပ်များမှာ ယျေဘူယျအားဖြင့် ဈေးမကြီးပါ၊ နိုင်ငံပေါင်းစုံသို့ ဗုဒ္ဓဘာသာ ပြန့်ပွားသွားခဲ့ပုံ၊ အိန္ဒိယ၌ပျောက်ကွယ်ခဲ့ပြီး မှပြန်လည် ထွန်းကား လာခဲ့ပုံ တို့မှာ နောက်ပိုင်းခေတ်တွင် ဆရာအမျိုးမျိုးတို့က ကျမ်းစာအဆူဆူရေးသား ပြုစုခဲ့ကြပါသည်၊ ထိုစာအုပ်များကိုဆရာ တော်ကြီး၏ စာကြည့်တိုက်တွင် တပေါင်းတည်းစုစည်း ထားနိုင်လျင် သုတေသန ပြုသူများ အတွက် အကျိုး ဖြစ်ထွန်းနိုင်ပါသည်၊ မြန်မာငွေ သိန်း ၁၀၊ သိန်း၂၀ ခန့်သုံးစွဲမှာယူနိုင် သည်ဆိုလျင်ပင် အားကိုး လောက် သောစာကြည့်တိုက်ကြီးဖြစ်လာနိုင်ပါသည်။

ဘားနော့ဗ်၏ စာအုက်ထွက်လာပြီး နှစ်ပေါင်းတရာကြာမှ E. Lamotte ၏ဗုဒ္ဓသမိုင်းစာအုပ်ထွက်ရှိခဲ့ပါသည်၊ သမိုင်းစာအုပ်အစောင်စောင်ထွက်ခဲ့ကြသည်တွင်ဤစာအုပ်မှာ အပြည့်စုံဆုံးစာအုပ်ဟူ၍ချီးကျူးကြပါသည်၊ ကျွန်တော့်တွင် စာအုပ်မရှိသေးသော်လည်း PDF File ရှိပြီးဖြစ်ရာ ကွန်ပျူတာတွင် ဖတ်နိုင်ပါသည်၊ အလားတူ သမိုင်းအတွင် အရေးကြီးသော စာအုပ်များမှာ အင်တာနက်တွင် ရှာဖွေ download လုပ်ယူနိုင်ကြပါသည်၊ ယခုအခါ စာမျက်နှာ နှစ်ဖက်ရိုက်နိုင်သော ပရင့်တာများပေါ်ပေါက်နေပြီဖြစ်ရာ ထိုနည်းဖြင့် အလွယ်တကူ ပရင့်ထုတ်၊ စာအုပ်ချုပ်သိမ်းဆည်းထားနိုင်ကြပါသည်၊

အလားတူဗုဒ္ဓစာကြည့်တိုက်တိုင်း၌ရှိသင့်သော စာအုပ်များမှာ A. Foucher ၏ The Life of the Buddha (၁၉၄၉) နှင့် E. J Thomas ၏ The Life of the Buddha, as legend and history (၁၉၂၇) စသည်တို့ဖြစ် ပါသည်၊ ဖေါ်ပြခဲ့သည့်အတိုင်း စာအုပ်စာရင်းမှာ ချရေးရန် မဆုံးနိုင်ပါ၊

တနေ့ကမှ စင်္ကာပူ ဗဟိုရ်စာကြည့်တိုက်ကြီးမှ Fellowship ခေါ်သောကြော်ငြာတခုကိုတွေ့မိလိုက်သည်၊ ထိုအရာရှိ၏အလုပ် တာဝန်မှာ ASEAN နိုင်ငံများနှင့် ပါတ်သက်သမျှ စာအုပ်များကို စာကြည့်တိုက်ကြီးအတွက် စုဆောင်းသိမ်းဆည်းပေးရမည်ဖြစ်သည်၊ ကျွန်တော်သိရသမျှ ဗုဒ္ဓဘာသာ ၀င်သမိုင်းစာအုပ်များမှာ စင်္ကာပူ စာကြည့်တိုက်ကြီးတွင်စုဆောင်း မထားပါ၊ Reference section တွင် အတော်များများတွေ့နိုင်သော်လည်း ပြင်ပငှားရန်းသောစာရင်းတွင် များများစားစား မရှိလှပါ၊ ယခုကျွန်တော်တွေ့ရသော ပဏ္ဍိတာရာမ ကျောင်း စာကြည့်တိုက်မှာ ထေရဘာသာဝင်များ အားထားရမည့် စာကြည့်တိုက်ကြီး ဖြစ်လာစေရန် လုပ်စရာ များများစားစား မလိုတော့ပါ၊ လိုအပ်သောစာအုပ်တွေကို ဂရုတစိုက်မှာပေးနိုင်လျင် ဗဟုသုတ စုဆောင်းပေးရာ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းရာ ဌာနကြီးဖြစ်လာပါလိမ့်မည်၊




ကိုသန်းလွင်