ကိုသစ်(သီတဂူ) - ၀မ်ဂါရီ မန်သိုင်း


ကိုသစ်(သီတဂူ) -  ၀မ်ဂါရီ မန်သိုင်း
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

"သစ်ပင်စိုက်ပျိုးခြင်းဟာ အနာဂတ်ကို စိုက်ပျိုးခြင်း၊ မျှော်လင့်ချက်တွေကို စိုက်ပျိုးခြင်းဖြစ်ပြီး သစ်တောတွေပြုန်းတီးသွားအောင် သစ်ပင်တွေကိုခုတ်ထွင်ခြင်းဟာလည်း တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်ကို ဖျက်ဆီးခြင်း၊ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်လိုက်ခြင်းပါပဲ"ဟု ၀မ်ဂါရီမန်သိုင်းက ဆိုပါသည်။

ဝမ်ဂါရီ မန်သိုင်းဟူသောအမည်သည် စာဖတ်သူများနှင့် အစိမ်းသက်သက်ကြီးမဟုတ်၊ စာဖတ်သူ အများစုက သည်နာမည်ကို ရင်းနှီးပြီးဖြစ်လိမ့်မည်ဟု ကျနော်ထင်ပါသည်။ သူမနာမည် အပြည့်အစုံက Wangari Muta Maathai ပါတဲ့။

သူမက အာဖရိကတိုက်ထဲက ကညာနိုင်ငံသူ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ။ ဂေဟဗေဒပညာရှင်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်။ လွှတ်တော်အမတ်။ ကညာအစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတ၊ သစ်တောရေးရာဋ္ဌာန ဒုတိယ၀န်ကြီး။

အာဖရိကတိုက်ထဲက ကညာဆိုသောတိုင်းပြည်ကလေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ စာမဖွဲ့ လောက်သော်လည်း ၀မ်ဂါရီ မန်သိုင်းကတော့ စာဖွဲ့လောက်ပါသည်။ သူမက အနုံညာတမဟုတ်။ သမိုင်းရှိသူဖြစ်သည်။ အာဖရိကတိုက်မှာ သမိုင်းမှတ်တိုင်စိုက်ထူသွားခဲ့သူ။ အာဖရိကတိုက် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းနိုင်ငံတွေထဲမှာ ပထမဆုံး ဒေါက်တာဘွဲ့ရအမျိုးသမီး။ တက္ကသိုလ် အသိုင်းအ၀ိုင်းမှာ ပထမဆုံး အမျိုးသမီးပါမောက္ခ။ ပြီးတော့ အာဖရိကတိုက်ရဲ့ နိုဘယ်ဆုရှင် အမျိုးသမီးတွေမှာ ပထမဆုံးနိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့သူ။

ဝမ်ဂါရီ မန်သိုင်းသည် ၁၉၇၇-ခုနှစ်ကစတင်ပြီး Green Belt လှုပ်ရှားမှုကို စတင်တည်ထောင်ခဲ့ သူဖြစ်ပြီး ကညာနိုင်ငံတစ်ဝှမ်းမှာ သစ်ပင်ပေါင်း ၁၀-သန်းကျော်ကို စိုက်ပျိုးခဲ့သူဖြစ်သည်။ ကညာ နိုင်ငံသူနိုင်ငံသားများက အိမ်တွင်းအသုံးပြုဖို့ သစ်ပင်များကိုခုတ်ဖြတ်ပြီး ထင်းအဖြစ်အသုံးပြုကြပါ သည်။ သစ်တောပြုန်းတီးမှုက ကညာမှာအဆိုးဆုံးအခြေအနေကို ရောက်သွားခဲ့သည်။ ၁၉၈၉-ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာအရ နှစ်စဉ်နှစ်တိုင်း ခုတ်လှဲခံလိုက်ရသည့် သစ်ပင်တစ်ရာတွင် အစားထိုး ပြန်လည်စိုက်ပျိုးသည့်သစ်ပင်ပမာဏမှာ ကိုးပင်မျှသာရှိသည်ဟုဆိုပါသည်။ သစ်တောပြုန်းတီးမှု၊ မြေဆီခမ်းခြောက်မှု၊ ရေထုညစ်ညမ်းမှု၊ ထင်းရှားပါးလာမှုနှင့်အတူ ကျေးငှက်မျိုးစိပ်များ မျိုးတုန်း ပျောက်ကွယ်သွားခဲ့ရသည်။ ၀မ်ဂါရီ မန်သိုင်းက ခေတ်ပညာတတ်။ သဘာဝပတ်ဝန်းကျင်ပညာကို သိနားလည်သူတစ်ဦးဖြစ်သလို သစ်တောပြုန်းတီးမှုရဲ့အန္တရာယ်ကို သိရှိနားလည်သူဖြစ်သည်။ ကညာနိုင်ငံရဲ့ သည်လိုအနာတရတွေကို ကုစားဖို့ ၀မ်ဂါရီ မန်သိုင်းက သစ်ပင် ၁၀-သန်းကျော်ကို စိုက်ပျိုးပေးခဲ့ပါသည်။

သစ်ပင်များပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကညာနိုင်ငံရဲ့ ကျေးလက်ဒေသများသို့ အပင်ပမ်း ဆင်းရဲခံပြီး သူမကိုယ်တိုင်သွားသည်။ သစ်ပင်များ သစ်တောများ စည်းကမ်းမဲ့ခုတ်ထွင်နေမှုကို သတိပေးတားမြစ်သည်။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ သစ်တောများနဲ့ သဘာဝရာသီဥတုတို့ ဘယ်လိုဆက်စပ်နေသည့်အကြောင်းကို ရှင်းပြသည်။ သစ်တောများကို ကာကွယ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်းဟာ နိုင်ငံရဲ့အနာဂတ်ကို စောင့်ရှောက်ခြင်း၊ ကလေးများရဲ့ အနာဂတ်ကို စောင့် ရှောက်ခြင်းပင်ဖြစ်ကြောင် အသိပညာပေးသည်။

ဝမ်ဂါရီ မန်သိုင်းကို ၁၉၄၀-ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် Nyeri ပြည်နယ်ရှိ Ihithe ဆိုသော ရွာကလေးတွင် မွေးဖွားခဲ့သည်။ အသက်ရှစ်နှစ်အရွယ်ရောက်မှ ကျောင်းစနေခဲ့ရသည်။

အဲဒီခေတ် အဲဒီအခါတုန်းက ကျေးလက်ရှိ မိန်းကလေးငယ်များအတွက် ပညာသင်ကြားခွင့်ရခြင်းသည် ကညာနိုင်ငံတွင် အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။ မန်သိုင်းက ကံကောင်းပါသည်။ ထိုရခဲသာအခွင့်အရေးကို သူမရရှိခဲ့သည်။ အသက်နှစ်ဆယ်အရွယ်တွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီအစိုးရ ပညာတော်သင်အနေဖြင့် အမေရိကသို့ရောက်သွားသည်။ အမေရိကန်နိုင်ငံ Kansas မြို့ရှိ Mount St. Scholastica ကောလိပ်ကနေ ဘီအေအောင်မြင်ခဲ့ပြီး ပန်ဆာဗေးနီး ယားပြည်နယ် Pittsburgh တက္ကသိုလ်က မဟာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။

မဟာဘွဲ့ရပြီးနောက် ကညာနိုင်ငံသို့ပြန်သွားပြီး Nairobi တက္ကသိုလ် ဆေးသုတေသနဋ္ဌာနတွင် အလုပ်ဝင်လုပ်သည်။ မန်သိုင်းက အိပ်မက်ကြီးမားသူဖြစ်သည်။ သူမရဲ့ ပညာရေးကို မျက်ခြေ အပြတ်မခံ။ Nairobi တက္ကသိုလ်တွင် Ph.D အတွက် စာတမ်းရေးပြီး ၁၉၇၁-ခုနှစ်တွင် ဒေါက်တာ ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် တက္ကသိုလ်လောကတွင် ပထမဆုံးအမျိုးသမီး ပါမောက္ခဖြစ်လာ ခဲ့လေသည်။

မာသိုင်း၏အမျိုးသားမှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး မာသိုင်းကိုယ်တိုင် ဆင်းရဲသား တိုက်ဖျက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အင်တိုက်အားတိုက်ကြိုးစား ခဲ့သည်။ တစတစ ကြီးထွားလာနေသည့် သစ်တောပြုန်းတီးမှုများကို ကာကွယ်ဖို့ လှုံဆော်စည်းရုံး သည်။

အစိမ်းရောင်ရပ်ဝန်း လှုပ်ရှားမှုဟူသော အမည်ဖြင့် သဘာဝသယံဇာတ၊ သစ်တောနှင့် အမျိုးသမီး အခွင့်အရေးအတွက် စည်းရုံးဟောပြောခဲ့သူဖြစ်သည်။ ပြီးတော့ သူမက ကညာနိုင်ငံအမျိုးသမီးရေးရာ ဋ္ဌာန၏ သဘာပတိအဖြစ်လည်း ဆောင်ရွက်ခဲ့သူ။ ၁၉၈၄-ခုနှစ်တွင် Right Livelihood ဆုကို ရရှိခဲ့သည်။

၁၉၉၇-ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်ချိန်မှာ သူမကိုအသိမပေးဘဲ ပါတီကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။ သူမက ဇွဲမလျှော့။ လွှတ်တော်အမတ်နေရာအတွက် ၀င်ပြိုင်ပြီး ပါလီမန်တွင် လွှတ်တော်အမတ် တစ်ဦးဖြစ် လာခဲ့သည်။

၁၉၉၈-ခုနှစ်တွင် ကညာအစိုးရရဲ့ လူချမ်းသာများအတွက် ဇိမ်ခံအိမ်ရာများဆောက်လုပ်ရန် သစ်တော ဧကရာပေါင်းများကို ရှင်းလင်းပစ်လိုက်ခြင်းအပေါ် မာသိုင်းက ပြင်းပြင်းထန်ထန် ဝေဘန်ရှုတ်ချ လိုက်ရာကနေ မာသိုင်းကို ပို၍လူသိများလာခဲ့သည်။

၁၉၉၁-ခုနှစ်တွင် ကညာအစိုးရက သူမကို ဖမ်းဆီးထောင်ချလိုက်လေသည်။ ကညာသမ္မတအဖြစ် ၂၄-နှစ်တိုင်တိုင်အုပ်ချုပ်သွားသော Daniel arap Moi လက်ထက်တွင် မာသိုင်း အကြိမ်ကြိမ် ဖမ်းဆီး ခံခဲ့ရသည်။ သမ္မတ Daniel arap Moi က မန်သိုင်းကို "အရူးမကြီး"ဟု ရိုင်းပျစွာ သုံးနှုန်း ခေါ်ဆိုခဲ့ပြီး "တိုင်းပြည်ကို ခြိမ်းချောက်နေသည့် ရန်သူတစ်ယောက်"ဟု သမုတ်ခဲ့လေသည်။

၂၀၀၂--ခုနှစ်တွင် သမ္မတ Daniel arap Moi ပြုတ်ကျသွားပြီးနောက် Mwai Kibaki သမ္မတဖြစ်လာ သောအခါ မန်သိုင်းတစ်ယောက် သစ်တောနှင့် သဘာဝသယံဇာတ ဒုတိယ၀န်ကြီးဖြစ်လာခဲ့သည်။ ၂၀၀၆-ခုနှစ် ကညာဆောင်းရာသီအိုလံပစ်ပွဲတော် မီးရှုးတိုင်သယ်ဆောင်လာသူ ရှစ်ယောက်တွင် မန်သိုင်းလည်း ပါဝင်ခဲ့သည်။

ဝမ်ဂါရီမန်သိုင်းသည် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလောက၊ ကမ္ဘာ့နိုင်ငံရေးလောကတို့တွင် ထင်ရှားသူဖြစ်သည်။ Goldman Environmental ဆု၊ Hunger Project ဆုနှင့် ၂၀၀၄-ခုနှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရသည်။

ဝမ်ဂါရီမန်သိုင်းဟာ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက်အားပေးသူခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် ၀မ်ဂါရီမန်သိုင်းက "မြန်မာနိုင်ငံမှာ ကျမတို့ရဲ့ ညီမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ဆက်ပြီး အထိန်းသိမ်းခံနေရတဲ့ အခြေအနေအပေါ်မှာ အထူးပဲစိုးရိမ်မိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေပြီး သတင်းလွတ်လပ်ခွင့်လည်း ပိတ်ပင်ကန့်သတ်ခံနေရပါတယ်။ နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့နောက် ထိခိုက်မှုတွေကိုလည်း ကျမတို့မြင်နေပါတယ်။ ဆူဒန်နဲ့ မြန်မာနိုင်ငံဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ကျမတို့ အထူးစိုးရိမ်မိတဲ့ နေရာနှစ်ခုဖြစ်ပါတယ်" ဟုပြောပါသည်။ မန်သိုင်းသည် နိုဘယ်လ်ဆုရှင် အမျိုးသမီး ၆-ဦးတို့ ပူးပေါင်းဖွဲ့စည်းထားသည့် Nobel Women Initiative အဖွဲ့ရဲ့ အဖွဲ့ဝင်လည်းဖြစ်သည်။ The challenge for Africa အပါအ၀င် စာအုပ်အများအပြားကို ရေးသားထုတ်ဝေခဲ့သည်။

မန်သိုင်း၏ အိမ်ထောင်ရေးဘ၀က သာယာလှပလှသည်မဟုတ်။ အမျိုးသားဖြစ်သူ Mwangi Maathai နှင့် ကလေးသုံးယောက်ထွန်းကားခဲ့ပြီးနောက် ၁၉၇၉-ခုနှစ်တွင် ကွာရှင်ပြတ်စဲခဲ့သည်။

"သစ်ပင်စိုက်ပျိုးခြင်းဟာ အနာဂတ်ကို စိုက်ပျိုးခြင်း၊ မျှော်လင့်ချက်တွေကို စိုက်ပျိုးခြင်းလို့ဆိုခဲ့ရင် သစ်တောတွေပြုန်းတီးအောင်လုပ်ခြင်းဟာလည်း အနာဂတ်ကို ဖျက်စီးခြင်း၊ မျှော်လင့်ချက်တွေကို ဖျက်စီးပစ်လိုက်ခြင်းပါပဲ။ သစ်တောပြုန်းတီးအောင်လုပ်ခြင်းဟာ အလွန်ကြီးမားတဲ့ပြဿနာ တစ်ခု ဖြစ်ပြီး သစ်တောတွေ ပြုန်းတီပျောက်ကွယ်သွားခြင်းဟာ တိုင်းပြည်နဲ့လူမျိုး သေဆုံးခြင်းပင်ဖြစ် သည်"ဟု ၀မ်ဂါရီ မန်သိုင်းက ကမ္ဘာကြီးကို သတိပေးခဲ့ဖူးသည်။

ကညာနိုင်ငံအတွက် သစ်ပင် ဆယ်သန်းကျော် စိုက်ပျိုးပေးခဲ့သူ၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ကြိုးပမ်းသူ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ၀မ်ဂရီ မန်သိုင်းသည် ၂၀၁၁-ခုနှစ်၊ စက်တင်ဘာလ ၂၅-ရက်နေ့တွင် ကညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် သားအိမ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားလေသည်။ ကမ္ဘာမြေ စိမ်းလန်းစိုပြေရေးအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့သည့် ၀မ်ဂါရီ မန်သိုင်းကို ကမ္ဘာကြီးက အမြဲတမ်း သတိတရရှိနေပါလိမ့်မည်။

ကျနော်တို့တိုင်းပြည်တွင် သစ်တောများ ပျောက်ကွယ်သွားခြင်းနှင့်အတူ ပူတယ်၊ ပူတယ် ဟူသော အသံများကို တနိုင်ငံလုံး ကြားနေရပြီဖြစ်သည်။ မတော်မတရား အနိုင်ကျင့် ခုတ်ထွင်ရှင်းလင်း ခံလိုက်ရသည့် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်၊ ကျနော်တို့လူမျိုးတွေရဲ့ မျှော်လင့်ချက်တွေအတွက် ရင်နာလို့ မဆုံးပါလေတော့။ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့လူမျိုးတွေရဲ့ အနာဂတ်တွေ စိမ်းလန်းဖို့ ကျနော်တို့ သစ်ပင်တွေ ပြန်စိုက်ကြရအောင်ဗျာ။ လူထုခေါင်းဆောင်လည်း သစ်ပင်စိုက်၊ NLD ပြည်သူ့အစိုးရလည်း စိုက်။ ခင်များလည်း သစ်ပင်စိုက်၊ ကျနော်လည်း စိုက်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အမှန်တကယ်ချစ်တယ်ဆိုရင် သစ်ပင်တွေ သစ်တောတွေကိုလည်း ချစ်တတ်မှဖြစ် မယ်။ ၀မ်ဂါရီ မန်သိုင်းက သစ်ပင်ဆယ်သန်းကျော် စိုက်ပေးခဲ့သည်ဟုဆိုလျှင် ကျနော်တို့က သူ့ထက်တော့ လျှော့လို့မဖြစ်။ ကျနော်တို့ တနိုင်ငံလုံး ပူနေပြီ။ သစ်ပင်တွေ အမြန်စိုက်ကြပါစို့ဗျာ။

ကိုသစ် (သီတဂူ)

၃၊၁၇၊၂၀၁၆