ခင်လေး - ငါသာလျှင် ငါ့ဘဝ၏ ဘုရင်မ

ခင်လေး - ငါသာလျှင် ငါ့ဘဝ၏ ဘုရင်မ
(မိုးမခ) ဧပြီ ၇၊ ၂၀၁၆

မိုးမခ မတ်လထုတ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

မနေ့ညက အိမ်ပြန်ရောက်တော့ Skynet ကနေ "Queen" ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကို ကြည့်လိုက်ရတယ်။ ဇာတ်လမ်း ထဲမှာ မင်းသမီးက အိန္ဒိယယဉ်ကျေးမှုဓလေ့ထုံးစံအရ မင်းသားကို လက်ဖွဲ့ပစ္စည်း ငွေသား အစုံအလင်နဲ့ တင်တောင်းပြီးကာမှ မင်းသားက လက်မထပ်ဘဲ ပစ္စည်းတွေ ငွေတွေယူပြီး ကောင်မလေးကို ထားသွားလို့ အရှက်တကွဲဖြစ်ရချိန်၊ ကောင်မလေးက သူတို့လက်ထပ်ပြီးရင် ဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားတဲ့ ပြင်သစ်ကို တယောက်တည်းထွက်လာတာကနေ “ကိုယ့်ဘ၀မှာ ကိုယ်သာလျှင် ဘုရင်မ” ဆိုတာကို သိနားလည်လာတဲ့ ဇာတ်လမ်းပါ။ မိန်းမဆိုရင် နိမ့်ကျတယ်ဆိုတဲ့ ရှေးရိုးစွဲအယူဝါဒကနေ ဖောက်ထွက်ပြီး ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်လို့ပြောရမှာပါ။

ဟုတ်ပါတယ်။ ကိုယ့်ဘ၀ကို ကိုယ်ပိုင်ပါတယ်။ လူ့သားတယောက်ရဲ့အခွင့်အရေးတွေအားလုံး ကျွန်မတို့ မိန်းမတိုင်းမှာရပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ မိန်းမသားတွေဟာ ဘယ်လောက်ပဲ ထက်မြက်ကြပါစေ ပင်ကိုယ်သဘာဝကိုက မိခင်စိတ်ရှိကြသူတွေမို့ ချစ်တတ်ကြင်နာတတ်ကြပါတယ်။ အဲ့ဒီလို ချစ်တတ်ကြင်နာတတ်တာတွေနဲ့ လူမှုပတ်ဝန်းကျင်က ဓလေ့ထုံးတမ်းအစဉ်အလာဆိုတာတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကိုယ့်ရဲ့ချစ်သူ ခင်ပွန်းတွေနဲ့ပတ်သက်လာရင်  မိန်းမတွေကိုယ်တိုင်က ကိုယ့်ရဲ့လူသားတယောက် ရပိုင်ခွင့်တွေကို အလိုလိုနေရင်း ကျေကျေနပ်နပ် အလျှော့ပေး အဆုံးရှုံးခံတတ်ကြတာဟာ အရှေ့တိုင်း အနောက်တိုင်း ဘယ်နေရာက မိန်းမမှာမဆို အနည်းနဲ့အများရှိနေတတ်ကြပါတယ်။ ဒါကိုပဲ အခွင့်ကောင်းယူ အနိုင်ယူတတ်ကြတဲ့ ယောက်ျားတွေကလည်း လူမှုအဖွဲ့အစည်းမှာ ဒုနဲ့ဒေးပါ။

တကယ်တော့ ကျွန်မတို့ မိန်းမတွေမှာ ကိုယ်ရွှေယောက်ျားလို့ သူတို့ကိုသူတို့ တင်စားတတ်လွန်းကြတဲ့ ယောက်ျားတွေအောက် မနိမ့်ကျတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ လုပ်ရည်ကိုင်ရည်တွေရှိကြပါတယ်။ ဆရာမကြီး ဒေါ်ကြည်အေးရဲ့စကားနဲ့ ပြောရ မယ်ဆိုရင်ဖြင့် ယောက်ျားတွေဟာ တကယ်တော့ ကလေးဆိုးကြီးတွေပါပဲ။ လူမှုပတ်ဝန်းကျင်နဲ့ ဓလေ့ထုံးတမ်းအရ သူတို့ ကိုယ်သူတို့ မိန်းမတွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဦးဆောင်ဦးရွက်ပြုသူတွေလို့ ခံယူနေတတ်ကြတဲ့ ကလေးအတွေးမျိုး သူတို့မှာ ရှိနေတတ်ကြပါတယ်။  ဒါကိုကျွန်မတို့ မိန်းမတွေက ကျေကျေနပ်နပ်ကြီး လက်ခံတတ်ကြပြန် ပါသေးတယ်။

ယောက်ျား မိန်းမ ဘယ်လိုလိင်အင်္ဂါမျိုးနဲ့ပဲ မွေးဖွားလာပါစေ လူဟာလူပါပဲ။ လူသားတယောက်မှာရှိရမယ့် ကိုယ်ရည်ကိုယ် သွေး ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့ မွေးဖွားလာကြသူတွေချည်းပါပဲ။ ဘယ်သူကမှ ဘယ်သူ့ကို ဦးဆောင်နိုင်တယ်ဆိုတာမျိုး၊ ဦးဆောင်လမ်းပြမှုကို ခံယူထိုက်တယ်ဆိုတာမျိုးမရှိပါဘူး။ ဘယ်သူကမှ ဘယ်သူ့ကို အထင်သေးနှိမ်ချဆက်ဆံတာမျိုး၊ တဆင့်နှိမ့်ဆက်ဆံတာမျိုး မရှိသင့်ပါဘူး။ ကိုယ်ပိုင်အသိ ဉာဏ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တွေးခေါ်ဆုံးဖြတ်ထားတာကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းတာမျိုးတွေ၊ အပြန်အလှန် မှီခိုနေထိုင်ကြတယ်ဆိုတာထက်ပိုတဲ့ လွှမ်းမိုးချုပ်ကိုင်လိုမှုတွေကို ဘယ်ယောက်ျားတယောက်ဆီကမှ ကျွန်မတို့လက်ခံယူစရာ အကြောင်းမရှိပါဘူး။  ကိုယ့်ပိုင်ဘ၀လုံခြုံမှုနဲ့ စိတ်ဓာတ်ပိုင်းကြံ့ ခိုင်လာဖို့ဆိုတာဟာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘ၀အတွေ့အကြုံတွေကနေ တည်ဆောက်ယူကြရတာပါ။ ဘယ်ယော က်ျားဆီကမှ တောင်းယူလို့မရနိုင်ပါဘူး။

နှစ်ယောက်ပေါင်း တဘ၀ဆိုတဲ့ အိမ်ထောင်ရေးနယ်ပယ်မှာတောင် တယောက်နဲ့တယောက် ဖေးမကူညီပြီး ဘ၀ခရီးကိုအတူ လျှောက်တဲ့ လက်တွဲဖော်ဆိုတာမျိုးထက်ပိုတဲ့ ယောက်ျားတွေရဲ့အနိုင်ယူ လွှမ်းမိုးချုပ်ကိုင်လိုမှုတွေကို ကျွန်မတို့မိန်းမတွေဟာ ပါးနပ်စွာနဲ့ဆန့်ကျင်တတ်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့မှာ ကိုယ်ပိုင်ဘ၀ဆိုတာရှိရပါမယ်။ ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို မထိ ခိုက်နိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်မျိုးနဲ့ လူမှုရေးနယ်ပယ်မှာ ၀င်ဆံ့နိုင်တဲ့ မိန်းမမျိုးဖြစ်ရပါမယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက် ဘ၀ကို မြှင့်တင်နိုင်တဲ့အစွမ်းနဲ့ ကိုယ့်ရဲ့ဘ၀ကိုပါစိမံခန့်ခွဲနိုင်တဲ့အစွမ်းမျိုး မိန်းမတိုင်းမှာရှိဖို့လိုအပ်ပါတယ်။

ကိုယ်ဘ၀ကို ကိုယ်ပိုင်အသိဉာဏ်နဲ့ စီမံခန့်ခွဲနိုင်တဲ့ ဘုရင်မရာထူး ကျွန်မတို့မိန်းမသားတိုင်းမှာ ရှိတာမို့ကိုယ်ပိုင် တယောက်တည်းဘ၀မှာနေထိုင်သည်ဖြစ်စေ၊ နှစ်ယောက်ပေါင်းတဘ၀ဆိုတာကို ရွေးချယ်သည်ဖြစ်စေ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်ရည် ကိုယ်သွေးမြင့်မားပြီး ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ခွန်အားမြင့်မားစွာ တွေးခေါ်နိုင်တဲ့ အမျိုးသမီးတွေဖြစ်ဖို့ ကျွန်မတို့မိန်မသားတွေရဲ့စိတ်ထားတွေကို ကိုယ်တိုင်ပြောင်းလဲ မြှင့်တင်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ခင်လေး
03-03-2016 (10:21 AM)

(မိုးမခ အတွဲ ၃၊ အမှတ် ၃၊ ၂၀၁၆ ခုနှစ် မတ်လထုတ်တွင် ပုံနှိပ်ခဲ့သည်။)