ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - အိပ်မက်ထဲက ကားကြီး

 ဖိုးထက် - အိပ်မက်ထဲက ကားကြီး
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆

မြန်မာစကား ပီပီသသ၊ ရှင်းရှင်းလင်းလင်းကြီးရှိပါလျက်နဲ့ ဘာသာခြား စကားလုံးများကို မြန်မာမှုပြုကြသောအခါ အချို့က အလွဲကြီး လွဲကြသည်။ သိသိကြီးနဲ့ မှားကြသလော၊ ဂရုမပြုမိသဖြင့် မှားကြသလော၊ နမော်နမဲ့ကြောင့် မှားကြသလော၊ လူရေးလူရာ ၀င်ချင်လွန်းသဖြင့် မှားကြသလော။ လွဲတာတော့ အတော်လွဲကြသည်။ Main Sponsor ကို မိန်းစပွန်ဆာဟု နိုင်ငံအဆင့်ပွဲထက်က စင်မြင့်ပေါ်မှာ ထပ်ပြန်တလဲလဲ ပြောကြသည်။ “အဓိက ကူညီပံ့ပိုးသူ” ဆိုသည့် အားအင်ပြည့်ဝသည့် မြန်မာဘာသာဖွင့်ဆိုချက်ရှိပါလျက်နဲ့ စပွန်ဆာ၊ စပွန်ဆာလုပ်နေကြတာ ဘယ်သူများ စပွန်ဆာလိုချင်နေကြသလဲလို့ နောက်တောက်တောက် တွေးမိသည်။ ရှိစေတော့။

အခြားသော နယ်ပယ်တွေမှာ ဘာသာခြား ဘာသာစကားလုံးများကို မြန်မာမှုပြုကြသည်များ မည်ကဲ့သို့ရှိသည် ကျွန်တော် မသိ။ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး မင်းသုဝဏ်တို့ မရှိကြတော့တဲ့နောက်ပိုင်း ပညာရပ်ပိုင်းဆိုင်ရာတွေမှာ မြန်မာ မှုပြုခြင်းသည် အားနည်းသည်ထက် နည်းလာခဲ့သည်ဟု တစ်ထွာတစ်မိုက် ဉာဏ်ရည်လေးဖြင့် မှတ်ချက်ချချင်သည်။ သို့ သော် မြန်မာပြည်ကားလောကမှာတော့ မြန်မာပြုခြင်းသည် အတော်ကြီး စိတ်ကျေနပ်စရာလည်း ကောင်းသည်။ ချစ်စရာလဲ ကောင်းသည်။ သူတို့၏ စိတ်ကူး၊ စိတ်သန်း၊ ဉာဏ်အရည်အသွေးက မျက်ခုံးပင့်ကြည့်စရာ လေးစားဖို့ ကောင်းသည်။

ကားတွေ၏ နာမည်တွေကို မြန်မာမှုပြုထားကြတာများ စက်ရုပ်တဲ့၊ ရွှေငါးတဲ့၊ ဆင်ခေါင်းတဲ့၊ နွားကြီးတဲ့၊ ဖားပြုပ်တဲ့၊ ခွေး ခေါင်းတဲ့၊ ကြက်တူရွေးတဲ့။

စက်ရုပ်ဆိုတာ ကမ္ဘာကျော် ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီ Toyota မှထုတ်လုပ်သော Caldina မောလ်ဒယ်လ်များကို ခေါ်ခြင်းဖြစ်သည်။ Toyota ၏ အမှုဆောင်အရာရှိချုပ်ကို စက်ရုပ်တစ်စီးလောက်လိုချင်လို့ဟု သွားမေးလျှင် နားလည်မည် မထင်။ သို့သော် စက်ရုပ်ဆိုသည့် မြန်မာမှုပြုခြင်းက အဆိုပါကားပုံစံနှင့် အစပ်အဟပ်တည့်သည်။ ကားပုံလေးက စက်ရုပ် လေးနှင့် သေချာကြည့်လေ တူလေ။

ကြက်တူရွေးဆိုတာက Toyota ၏ Carina မောလ်ဒယ်လ်များကို ခေါ်ခြင်းဖြစ်သည်။ ကားပုံစံလေးက သူတို့ပြောမှ ကြက်တူ ရွေးလေးတစ်ကောင် ကြွားကြွားရွားရွား ရှိနေသလိုလို။ ကားလောက အခေါ်အဝေါ်၊ အပြောအဆိုတွေက ကွင်းကနဲ့၊ ကွက် ကနဲ့ ရှင်းလင်းပြတ်သားသည်။

“Wish က ဒီမှာ လူကြိုက်များတယ်။ 180 နဲ့ 200 ကြားမှာ ရှိမယ်ထင်တယ်။ စကတ်ပါရင် နည်းနည်းပိုမြင့်မှာပေါ့။ အော် တီဗွီ နဲ့ နောက်ကင်မရာပါရင် ပိုပြီးဈေးခေါ်မှာပေါ့။ ဒီအထဲကမှ အလယ်မှာ လျှောက်လမ်းပါရင် ၂၀၀ တောင် ကျော်မယ် ထင်တယ်။ 1.8 လေ။ 2.0 လဲ လာတယ်။ ဒီမှာတော့ ရှားတယ်။1.8 ဘဲ ပေါတယ်။ တော်ပြီပေါ့။ ဆီဆားလဲ သက်သာ။ ဗင်ထဲ မှာတော့ အတော်ကောင်းတဲ့ စီးရီးပေါ့။ ခရီးဝေးသွားရင်လဲ 1.8 ဆိုတော့ အားမနာရဘူးပေါ့။ 1.3 ဆိုရင် ခရီးဝေးမှာ အဆင် မပြေဘူးလေ။”

Wish ဆိုတာ Toyota က ထုတ်လုပ်သည့် ကားအမျိုးအစား။ 180 နဲ့ 200 ဆိုတာ မြန်မာငွေကျပ် သိန်းပေါင်း။ စကတ်ဆိုတာ ကား ဘော်ဒီ၏ အောက်ဖက်မှာ ပိုပြီးကြည့်လှသွားအောင် တွဲစပ်ထားသည့် အပိုဆောင်းတပ်ရသည့်ပစ္စည်း။ စကတ်ဆိုတာ Skirt ကို ပြောခြင်း ဖြစ်မည်။ “အော်” ဆိုတာက Original ကို ချစ်ဖွယ်သော အတိုကောက်စာလုံးဖြင့် မြန်မာမှုပြုထားခြင်း။ 1.8 နှင့် 2.0 ဆိုတာ အဂျင်ပါဝါအား။ လိုရင်း တိုရှင်း ကားပွဲစား စကားများကို ကျွန်တော် ချစ်ပါသည်။ သူတို့စကားတွေ နား ထောင်ရတာ လှပပြည့်စုံသော အက်ဆေးတစ်ပုဒ်ကို ဖတ်ရသလို။ အပိုအလိုမရှိ။ ကွက်ခနဲ၊ ကွင်းခနဲ။

ကျွန်တော်တို့ မြန်မာတွေက စိတ်အစွဲအလန်းကြီးသည်။ ဒီစိတ်ဓာတ်က ကားလောကမှာ အများကြီး အကျိုးသက်ရောက်မှု ရှိသည်။ Toyota တံဆိပ်ကို အခြားသော Mazada၊ Nissian၊ Honda တံဆိပ်များထက် ပိုပြီး နှစ်သက်ကြသည်။ ဒါကလဲ မစ္စတာ တိုရိုတာနှင့် ခင်လို့မဟုတ်။ တိုရိုတာဆိုကောင်းတယ်၊ ပစ္စည်းပေါတယ်ဆိုသည့် စိတ်အစွဲက အတော်ကြီးကြသည်။
SE ဗင်ကားလေးများက မြန်မာပြည်ဈေးကွက်မှာ ပြိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့သည်။ ကြိုက်လို့သာ ကြိုက်ကြပေမယ့် ထိုကားတွေက ဇိမ်ခံဖို့ ထုတ်ထားတာ မဟုတ်။ လေး အောက်ခံ (suspension) တွေဆိုတော့ ကားက မာဆတ်ဆတ်။ စိမ်းဆတ်ဆတ် နိုင်သည်။ သူ့နောက်က ထွက်လာသည့် ဖင်ကောက်ခေါ် ဖင်လေးကောက်ကောက် ခုံးခုံး ဗင် (Van) တွေက လေး အောက်ခံနှင့် မဟုတ်တော့ဘဲ စပရင်အထိုင်တွေနှင့် ဖြစ်သွားသည်။ ကားက ပိုပြီး ညက်သည်။ မောင်းရတာ အရင် SE တုံးကလို မကြမ်း။ ဒါပေမယ့် SE မှ SE။ ဖင်ကောက်က ပျော့တယ်။ မြန်မာပြည်က လမ်းတွေနဲ့က လေးထိုင်မှ ကောင်းတာဟု ဆိုကြ၏။ ခေတ်တွေ၊ နည်းပညာတွေ ပြောင်းလာတော့ ဖင်ကောက်ဆိုတာ ရာဇ၀င်ထဲမှာ ထားခဲ့သင့်ပြီ။ သို့ပေသိ အခုနောက်ပိုင်း အဆင့်မြင့် ကွန်ပြူတာစနစ်ထိန်း ကားတွေ ရောက်လာတော့လည်း ဖင်ကောက်လေးတွေက ပိုကောင်းတယ် ဟု ဆိုလာကြပြန်သတဲ့။ ကားလောကထဲမှာ ဖင်ကောက်တွေ တန်းတစ်ခုတော့ ရသေးသတဲ့။ သူတို့က အခုနောက်ထုတ် တွေထက် ပိုမာ၊ ပိုကောင်းသတဲ့။ ပြုံးချင်စရာ၊ နှစ်သက်စရာ စိတ်အစွဲအလန်းများ။

“ညီလေးကလည်း မင်းလိုချင်တဲ့ ကား ဘယ်လိုလုပ် ရှိတော့မှာလဲ။ အရမ်းလိုချင်သပ ဆိုရင်တော့ ရှာထားပါ့မယ်။ အခု သူ့ နောက်ထုတ်ကားတွေ ၆၀၀ လောက်ဆို ကောင်းကောင်းရတယ်။ ခိုင်းစမ်း။ သွားစမ်း။ မင်းကြိုက်သလိုသွား။ ကောင်းမှ ကောင်း။ လိုချင်ရင်ပြော”

မြန်မာငွေ သိန်းခြောက်ရာတန်ကားကို ကျွန်တော့်အား ၀ယ်စီးနိုင်သည်ဟု ထင်မြင်နေသော သူ့ကို အားနာသွားသည်။  ကျွန် တော်လိုချင်တယ်လို့ပြောသောကားက “God Must Be Crazy” ဇာတ်လမ်းထဲက လူဖြူမင်းသားစီးသည့် လင်ရိုဗာ။ ကား ကိုယ်က သံဘော်ဒီ စစ်စစ်ကြီး။ လေယာဉ်ပေါ်က ပြုတ်ကျလာသည့် Pepsi ပုလင်းကို ခေတ်ကြီးနဲ့ ပြတ်ကျန်ခဲ့သည့် လူမည်း ရွာသားက အဝေးဆုံးကို လာစွန့်ပစ်ဖို့ကြိုးစားရင်း သစ်တောထိန်းသိမ်းရေးအရာရှိ လူဖြူနှင့် တွေ့သည့်ဇာတ်လမ်း။ အတွဲ ၁၊၂၊ ၃ ဖြင့် ကမ္ဘာကျော်ဇာတ်လမ်းဖြစ်သလို 1990 တန်း ကျွန်တော်တို့ မြန်မာအများစု သိကြသည်။ ထို့ကြောင့်လည်း “ဟိုဗျာ..ပက်ပစီ ပုလင်းပြန်လိုက်ပေးတဲ့ ဇာတ်လမ်းဗျာ။ ကြာပြီဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ငယ်က ဇာတ်လမ်းဗျာ။ အဲဒီထဲက ကား။ လင်ရိုဗာကား။ အဲဒီလိုကားလိုချင်တာဗျ။” ဟု ကျွန်တော့်အညွှန်းကို “သြော်” ဟု တန်းသိခြင်းဖြစ်သည်။

“အာ…ဆရာလေး စိတ်ကောကောင်းရဲ့လား။ စိတ်မဆိုးပါနဲ့။ အခုခေတ်လို အဲယားကွန်း၊ လေအိတ်နဲ့ ကားတွေ အများကြီး ထွက်နေချိန်မှာ ရှေးထုတ် လင်ရိုဗာကြီး လိုချင်တာက ထူးချင်ထူး၊ ရူးချင်ရူး ဒီနှစ်ခု တစ်ခုဘဲ ဖြစ်မယ်။ ဆရာလေး အခြေ အနေက ကားကို ၀ယ်စုနိုင်တဲ့ပုံစံလဲ မဟုတ်ပါဘူး။”

အဆုံးသတ်မှာ ကျွန်တော့် အခြေအနေမှန်ကို သိသွားသဖြင့် နေသာ ထိုင်သာ ရှိသွားသည်။ ဟုတ်ပါသည်။ ကျွန်တော်က သိန်းခြောက်ရာတန် ကားမပြောနှင့် သိန်း ၁၆၀ တန်ကားသော်မှ ၀ယ်စီးချင်သော သူမဟုတ်။ ကျွန်တော့်ရဲ့ လက်ရှိ ရွှေငါး လေးနှင့်ဆို ရပြီ။ ထသွား ထလာ သဘောထက် ဘာမှ ပိုမိုဂိုက်ထုတ်လို့မရသည့် ကားလေး။ ပြီးတော့ ကျွန်တော့် ရွှေငါးလေး က ဒေါ်စုရဲ့ကားလေးနှင့် မိသားစုဝင် Mark II series။ ဒေါ်စုကားလေးက 99 မော်ဒယ်လ်။ 99 မော်လ်ဒယ်လ် တိုရိုတာ မက်တူး ကားတွေက မာမှ မာ။ အင်ဂျင်ပါဝါ ၂.၅။ အတွင်းခန်းတွေကလည်း ကျယ်ကျယ်ဝန်းဝန်း။ ကားတည်ဆောက်ပုံက တည်ငြိမ်သည်။ ရိုးရှင်းသည်။ ဘယ်လို ကြည့်ကြည့် ရိုးမသွား။ ခန့်ထည်သည်။ ပွဲတိုးသည်။

အရင်ကတော့ ကျွန်တော့် ရွှေငါးလေးကိုဘဲ စီးလို့ရသမျှ စီးတော့မယ်ဟု စိတ်ပိုင်းဖြတ်ထားသော်လည်း ခေတ်ဟောင်း အန်း တိတ် လင်ရိုဗာ သံဘော်ဒီကြီး လိုချင်လာသည်။ ရွှေငါးလေးက စီးလို့ကောင်းပေမယ့် ပျော့သည်။ လင်ရိုဗာကြီးနဲ့သာဆို လာ ထား။ ဘော်ဒီ တစ်ခုလုံး သံချည်း။ ဒီခေတ်ဒီအခါကားစီးရတာ ကိုယ်က မာမှ။ ကိုယ်မမာရင် ကိုယ့်ကို အမှုန့်ကြိတ်သွားမည့် သူတွေ အများကြီး။ ဒေါ်စုကတော့ သူ့ကား 99 လေးကို လဲတော့မည် မထင်။ ကျွန်တော်ကဖြင့် လင်ရိုဗာ အဟောင်းကြီး တစ်စီးလောက် စီးကြည့်ချင်သေးသည်။ တိုက်ချင်လဲ တိုက်။ လာထားစမ်း။ ကိုယ်နေရာရဖို့၊ အဆင်ပြေဖို့တစ်ခုတည်းသာ ကြည့်ပြီး အတ္တမာန်မာနကြီးကြီးဖြင့် ဖြတ်ဝင်သူတွေကို တိုက်ချိုးမည်။ စည်းကမ်းဖောက်သူတွေကို ခပ်တင်းတင်း ပြိုင်တိုး လို့ရပြီ။ မာန်မာနနဲ့ ကားမမောင်းသင့်ပေမယ့် ဘာဖြစ်မယ်မှန်း မသိရသော လမ်းပေါ်မှာ ဘော်ဒီမာသော လင်ရိုဗာကြီးကို သာ မောင်းချင်နေမိသည်။ အကြမ်းပတမ်းခံသော၊ ဟိတ်ဟန် မများသော၊ မာမာ တင်းတင်းရှိသော အိပ်မက်ထဲက ကားကြီး ကို ကားပွဲစားဆရာကြီး ရှာပေးနိုင်မည်ဟု ထင်မြင်မိသည်။

ဖိုးထက်