မင်းကိုနိုင် ● မြိတ်ဆိပ်ကမ်းက တိတ်တဆိတ် အလွမ်း

မင်းကိုနိုင်  ● မြိတ်ဆိပ်ကမ်းက တိတ်တဆိတ် အလွမ်း
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမှိုက်ပုံးတွေစိမ်းပြီး
ဆိုင်းဘုတ်တွေနီသွားပေမယ့်
မေမြို့(သို့) ပြင်ဦးလွင်လို
ပန်းရနံ့တွေနဲ့ မကြိုနိုင်
နေမြင့်လေလေ
ငါးမှုန့်စက်ရုံအနံ့တွေ
မွေးမြူရေး (CP) ကြက်ချေး အညှီတွေနဲ့
ဧည့်သည်ကို အားနာ
မျက်လွှာချ ကြိုရရှာတဲ့မြို့
.
ရေသယံဇာတနဲ့
ကံဇာတာ.. ... ထဖူးသမျှ
(တခါက) ဘိတ်ကလာတဲ့ ငံပြာရည်
အထည်ကြီးပျက် ခံစားချက်ကို
(အခုတော့) ထိုင်းကဝယ်တဲ့ ငံပြာရည်နဲ့
တို့စားရင်း ကြိတ်မှိတ်လွမ်း
မြိတ်ဆိပ်ကမ်းမှာ........
.
Sea View တဲ့
ပင်လယ်ရှူခင်းကို... ကွန်ဒိုဆယ်လုံး
အထပ်သုံးဆယ်စီ
ဒီစီမံကိန်းက
အိမ်ဆိုတာ နှစ်ထပ်ကျော်လျှင်
လူနေဖို့မဟုတ်
ငှက်မွေးဖို့လုပ်တာလို့ မြင်တဲ့
မြိတ်သားတွေအတွက် ...
ဘယ်လိုခံစားရပါ့မလဲ
.
မြိတ်ဆိပ်ကမ်းမှာ
တိတ်တဆိတ်အလွမ်းတွေနဲ့
စုံတွဲလေးတွေရယ်
ဆိုင်ကယ်ရပ်ရင်း
ပင်လယ်ကိုငေးတယ်
ပြီးတော့.. . ချစ်သူကိုမေးတယ်
မြေတကွက် သိန်းငါးထောင်
ဘယ်လိုအိပ်မက် မက်မလဲမောင်
ချစ်သူကို ..လှောင်တာလား
ခေတ်ကိုပင် .. ပြောင်တာလား
မြိတ်ဆိပ်ကမ်းမှာ
တိတ်တဆိတ် အလွမ်းတွေနဲ့
.
ကိုယ်ထူကိုယ်ထ
အမှိုက်ပုံးတွေ ဝယ်ထည့်ပြပေမယ့်
အမှိုက်ကားလာချိန်ဟာ
နက်ဖြန် (သို့) ဘယ်သောအခါ
သီချင်း ဆိုနေတဲ့မြို့
ပုဇွန်တွေကုန်၊ ငါးတွေကုန်တော့
ပင်လယ်ထဲ သဲတွေ ကြုံးရောင်းတာ
ဂုဏ်ယူရမှာလား၊ ရှက်ရမှာလား၊
မေးချင်တဲ့မြို့
.
ဒီမှာ
လူတွေမဆိုထားနဲ့
ဇီဝဇိုးငှက်ကလေးများတောင်
အာဏာဖီဆန်ခဲ့တဲ့မြို့
မတရားသိမ်းခံရတဲ့ အိမ်ကိုမပြန်စတမ်း
ငှက်သိုက်တွေ...မအန်စတမ်း
အာခံခဲ့တဲ့မြို့
အဲဒီမြို့ကလေးဟာ
အဲဒီအလံနဲ့
ခုထိ .. ရပ်ခံနေတုန်းပဲ ....။ ။
.
#‎မင်ကိုနိုင်‬
(၂၈/၄/၂၀၁၆ ၊ မြိတ်မြို့ရောက်အမှတ်တရ )


ကိုမင်းကိုနိုင် လူမှုကွန်ယက်စာမျက်နှာမှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။