ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်လူရေး - ပါးချပ်တပ်ထားသော မျက်စိဖြင့် ကြည့်သော ပညာရေး


မောင်လူရေး - ပါးချပ်တပ်ထားသော မျက်စိဖြင့် ကြည့်သော ပညာရေး
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၆

အစိုးရက ဘာကိုမှ တစက်ကလေးမှ တာဝန်ယူမထားသော ကလေးများ ရှိသည်။
အစိုးရက ဘာကိုမှ တစက်ကလေးမှ တာဝန်ယူမထားသော၊ ယောင်လို့မှ လှည့်မကြည့်သော ကလေးတွေ တော်တော်များများကို ရှိသည်။
လက်ဖက်ရည်ဆိုင်ထဲမှာ မျက်လုံးထဲမှာ ရွှင်ပျမှုအရည်မဲ့ကာ တောင့်တင်းခြေလှမ်းများနဲ့ ကလေးများ ရှိသည်။
လမ်းပေါ်မှာ လမ်းဘေးမှာ နေပူကျက်ကျက်ထဲမှာ မိုးရေစက်လက်ထဲမှာ အေးခဲမှုထဲမှာ မျက်လုံးထဲမှာ အရောင်ခြောက်ခြောက်ဝင်းဝင်းနဲ့ လက်ထဲမှာ ဆေးလိပ်နဲ့ ကွမ်းနဲ့ အရက်ပုလင်းနဲ့ ကော်ဗူးနဲ့ လက်နက်နဲ့ ကလေးတွေ တော်တော်များများကြီးကို ရှိသည်။
အလုပ်ရုံထဲမှာ လမ်းဘေးဆိုင်လေးထဲမှာ ဈေးထဲမှာ ကားဂိတ်မှာ ဘူတာမှာ သဘောင်္ဆိပ်မှာ တပ်ထဲမှာ ကလေးထောင်မှာ လူကြီးထောင်မှာ အချုပ်မှာ ဖာချောင်မှာ ခေါင်းလက်ထဲမှာ မှာ မှာ မှာ ကလေးတွေ ကလေးတွေ ကလေးတွေ အများကြီး ရှိသည်။
သူတို့သည် ထမင်းတနပ်နဲ့ တနပ်ကြား အလွန်ဝေးလံစွာ လျှောက်နေကြသည်။
သူတို့သည် ကျောခင်းစရာတနေရာနဲ့ တနေရာကြား အလွန်ပင်ပန်းစွာ တွားသွားနေကြသည်။
သူတို့၏ စိတ်အဟာရမှာ နာကျင်မှုသာ ဖြစ်သည်။ သွေးသည် သူတို့၏ ချဉ်ခြင်း။ လိင်သည် သူတို့၏ အစိတ်အပိုင်း။
သူတို့မှာ ပညာရေး မရှိ။ ပညာသင်ခြင်း မရှိ။ ပညာသင်ကြားရခြင်း မရှိ။ ပညာသင်ရဖို့ အခြေအနေ မရှိ။ ပညာသင်ပေးသူ မရှိ။ သင်ပေးတဲ့ နည်းနာ မရှိ။ သင်ပေးတဲ့ ကျောင်း မရှိ။ လက်ခံတဲ့ နေရာ မရှိ။
သူတို့မှာ မှတ်ပုံတင် မရှိ။ လူဟု အသိအမှတ်ပြုထားသော လိုင်စင်တစုံတရာ မရှိ။ လုံခြုံသော နေရာ မရှိ။ ကျန်းမာရေးစောင့်ရှောက်မှု မရှိ။ ကာကွယ်ဆေးထိုးစီမံချက် မရှိ။
သူတို့မှာ လူမှုပတ်ဝန်းကျင် မရှိ။ လူ့ပတ်ဝန်းကျင်ရဲ့ သွန်သင်မှု မရှိ။ လူမှုဘဝရဲ့ နေ့တဓူဝဆက်ဆံရေး မရှိ။
သူတို့အတွက် ကားလက်မှတ် မရှိ။ ရထားလက်မှတ် မရှိ။ လေယဉ်လက်မှတ် မရှိ။ တည်းခိုခန်း မရှိ။ အစည်းအဝေး မရှိ။ ညီလာခံ မရှိ။ ဖိုရမ် မရှိ။ ကြားနာပွဲ မရှိ။
လူမှုဖူလုံရေး လူမှုဘဝလုံခြုံရေးဆိုသော ဝေါဟာရနှင့် လူပြန်ကယ်ဝန်ကြီးဌာနဆိုင်းဘုတ်
သည် ယင်းကလေးငယ်များ၏ဘဝကို ဒါးမွန်း ဆားသိပ်နေသည်။
လူတိုင်းအတွက် ပညာရေးဆိုသောကြွေးကြော်သံနှင့် ပညာရေးဝန်ကြီးဌာနအလံတော်သံပြားသည် ယင်းကလေးငယ်များ၏ နံပါးကို တဖျတ်ဖျတ် ခတ်လျက် ရှိသည်။
ကလေးတိုင်း အခွင့်အရေးရှိကြသည် ဆိုသော ကလေးသူငယ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ဆလိုဂန်သည် ယင်းကလေးငယ်များကို အနိုင်အထက်ပြုကျင့်ဆဲ။
ပညာရေးပြုပြင်ပြောင်းလဲမှုတောင်းဆိုသံများသည် ယင်းကလေးငယ်များ၏အပေါ်မှ လျှံတက်သွားသည်။ ပညာရေးဘတ်ဂျက် ပညာရေးအစီအမံ အသံမြားသည် ယင်းကလေးငယ်များရှေ့မှောက်တွင် ကောက်ကွေးလျက် ရှိသည်။
သူတို့သည် ပညာရေးဥပဒေတွင်ပါသော ကျောင်းအမျိုးအစား(၉)မျိုးလုံးသည် သူတို့လေးတွေအတွက် မဟုတ်။
ပညာရေးကို ထိုးထွင်းကြည့်သော မျက်လုံးအပေါင်းသည် ပါးချပ်တပ်ထားသော မြင်းများပမာ ကိုယ့်ရှေ့က ကျောင်းလွယ်အိပ်လွယ်ထားသော ကလေးများကိုသာ မြင်ကြပြီး ဘေးဘက်က လွယ်အိပ်မလွယ်နိုင်သောကလေးငယ်များ၏ ပညာရေးကို မမြင်ကြ။ ကျွေးမွေးစောင့်ရှောက်သူမဲ့ကလေးငယ်များ၏စားရေး ဝတ်ရေး နေရေး ကျန်းမာရေးကို မမြင်ကြ။ သူတို့ကလေးတွေ ဘယ်လို ဘယ်ပုံ ဘာနဲ့ ရှင်သန်နေကြလဲဆိုသည်ကို မမြင်ကြ။

 မောင်လူရေး