ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) - သင်္ကြန်ပလေးဘက်


ကျော်မောင်(တိုင်းတာရေး) - သင်္ကြန်ပလေးဘက်
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၆
ခလေးတယောက် မနက်မိုးလင်း အိပ်ရာနိုးစတွင် အိပ်ရာက မထဘဲ ဆက်လက်နှပ်နေရင်း ဒီနေ့ဘယ်ကို ခြေဦးလှည့်ရင် ကောင်းမလည်းဟု တွေးနေသည်။

“ခလေးရေ နိုးနေရင် ထတော့ဟေ့။ နှပ်မနေနဲ့။ နင့်တူ မုန့်ဟင်းခါးဝယ်ထားတယ်”

ဒါက အိမ်ရှေ့ခြံဝန်းထဲမှာ ပန်းပင်တွေ ရေလောင်းနေရင်း မောင်အငယ်ဆုံးဖြစ်သူကို အမကြီးဖြစ်သူက လှမ်းကာ ပြောနေခြင်းဖြစ်သည်။ မွေးချင်း အားလုံးက သူ့ကို ခလေးဟုသာ ခေါ်ကြသည်။ သူကလည်း အမ အသက် လေးဆယ်လောက်မှ နောက်ပေါက်မွေးလာသူဖြစ်သောကြောင့် အထက်မွေးချင်းတွေနှင့် အသက်အတော်ကွာသည်။ ခလေးတို့ မိသားစုမှာ အမေကို အမဟု ခေါ်ကြသည်။ သူတို့လက်ထက်မှာပဲ ခေါ်တာဖြစ်သည်။ အမကြီးနှင့် အမလတ်တို့ မိသားစုလက်ထက်တွင် သူတို့ကလေးတွေက သူတို့အမေကို အမေဟုသာ ခေါ်ကြသည်။

အထက်က အကိုတယောက်မှာ အသက်ခုနှစ်နှစ်အရွယ်တွင် ဖိတ်စင်သွားပြီးနောက် နှစ်အတော်ကြာမှ ခလေးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ သက်ရှိထင်ရှားဟူ၍ အမကြီးက နှစ်ယောက်၊ အကိုက နှစ်ယောက်ရှိသည်။ သူ့ကို ချစ်စနိုးဖြင့် ကြာပေါ် ဟုလည်း ခေါ်ကြသေးသည်။ ကြာကြာနေသောအခါမှ ပေါ်လာသောသူ ဟူ၍။

မထချင်ထချင်နှင့် အိပ်ရာထ၊ မျက်နှာသစ် သွားတိုက်ပြီး တူတော်မောင် ၀ယ်ပေးထားသော မနက်စာ မုန့်ဟင်းခါးကို ပူပူလေးရှိတုန်း လွေးလိုက်ရသည်။ စားနေရင်း အမကြီးရဲ့သားလတ် တူတော်မောင်အကြောင်းစဉ်းစားမိသည်။ ဒီကောင်လေးကို ဒီမြို့မှာ လာမွေးပေမယ့် ရန်ကုန်မှာပဲ ကျောင်းတက် ဘာတက်နဲ့ဆိုတော့ ရန်ကုန်သားပုံစံဖြစ်နေသည်။ အတန်းတင်စာမေးပွဲဖြေပြီးတာနဲ့ ရန်ကုန်ကနေ သဘောင်္စီးကာ နွေလသုံးလလောက် အဖိုးအဖွားဆီ လာနေကြလေ့ရှိသည်။ ဦးလေးတယောက်ယောက်က လိုက်ပို့ရသည်။ သင်္ကြန်ပြီးမှ ပြန်ကြသည်။

ရန်ကုန်သားက သင်္ကြန်အခါတိုင်း အတော်ဆော့သော ကလေးဖြစ်သည်။ ဒီနှစ်လည်း ငါးတန်း စာမေးပွဲပြီးတာနဲ့ သူတို့ မောင်နှမတွေ ရောက်နေကြသည်။ မနေ့က သင်္ကြန်အကြတ်နေ့မှာ ခလေးတယောက်တည်း ဂျင်းဘောင်းဘီတွေ ဂျင်းဂျာကင်တွေ ၀တ်ပြီး စတိုင်မလိုင်အပြည့်နဲ့ အိမ်ကထွက်တော့ ဒီကောင်က ဦးခေါင်ထွေး ဘယ်သွားမလို့လည်းလို့ မေးကာ သူပါလိုက်မယ်လုပ်လို့ ဟိုနား ဒီနားပါဆိုပြီး ပတ်ပြေးခဲ့ရသည်။ ရန်ကုန်သားက စကားပြောမြန်တဲ့အတွက် သူ့ကို ခေါ်တိုင်း နာမည်ရဲ့ရှေ့နှစ်လုံးအသံက တလုံးအသံဖြစ်သွားပြီး ဦးခေါင်ထွေး အဖြစ်ပြောင်းသွားသည်။

ဒီနေ့ အစီအစဉ်က မနေ့ကအတိုင်း မြို့ထဲမဏ္ဍပ်တွေအောက် ကတ္တရာလမ်းပေါ်မှာ တီးလုံးသံတွေ သီချင်းသံတွေနဲ့အတူ တကိုယ်တော် ဒန့်ရန်ဖြစ်သည်။ ခလေးတို့ ခေတ်က ဒန့်သည့်ခေတ်ဖြစ်သည်။ ဘရိတ်ဒန့်ကို သူများထက် တော်အောင် ကျင့်ရသည်။ ဗီဒီယိုရုံမှာ ဇာတ်ကားမပြခင် ဒန့်သည့် သီချင်းအခွေတွေ ပြတာကို ကြည့်နိုင်အောင် စောစောသွားရသည်။ ဖန်သားပြင်ပေါ်က ဒန့်ကြသည့်အတိုင်း ကြည့်နေရင်း ထိုင်ရက်ပင် လက်ချိုး ခေါင်းချိုးကာ လိုက်ဒန့်ရသည်။ ဒါမှလည်း သင်္ကြန်ပွဲလိုမျိုးမှာ တခြားသူနဲ့ အပြိုင်ဒန့်ရလျှင် အနိုင်ပိုင်းနိုင်မှာဖြစ်သည်။ အိမ်မှာလည်း မှန်တင်ခုံရှေ့မှာ ခေါင်းဖြီးသလိုလို မှန်ကြည့်သလိုလိုနှင့် အဒန့်ကျင့်ရသည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မကျေပွဲထပ်နွှဲရဦးမည်။ မြို့လယ်မှာ မနေ့က ဒန့်သည့်တယောက်က အတော်တော်သည်။ သူ့အကွက်တွေကို လိုက်မမီခဲ့။ သူ့ဆီက ကကွက်တချို့တောင် မနေ့ည အိမ်ပြန်ရောက်တာနဲ့ ပြန်ကျင့်ဖြစ်သေးသည်။

အဲဒီတော့ ဟိုကောင် ရန်ကုန်သားလေးကို ခေါ်သွားလို့မဖြစ်။ ရန်ကုန်သားလေးကလည်း မနက်စာဝယ်ပြီးသွားတာနဲ့ ကွမ်းမြုံ့နေသော သူ့အဘနားမှာထိုင်ရင်း အဘနဲ့ စကားကောင်းနေသည်။ ဒီကောင်လေးက လူပျိုပေါက်အရွယ်၊ စူးစမ်းချင်စိတ်က အတော်များသည်။ အမေးအမြန်းလည်း ထူသည်။ သူ့ကို “စကားများ” လို့ နာမည်ပေးထားသည်။

“သင်္ကြန်မှာ ဘာဖြစ်လို့ ရေပက်ကြတာလည်း” လို့ တနေ့က ရစ်မေး မေးနေတာနဲ့ “ဒို့တတွေက ရေပေါလို့ ရေနဲ့ပက်တာပေါ့ကွ” လို့ ဘုတောပစ်လိုက်ရသည်။ ဒါကို “ရေမပေါဘဲ လေတွေသာပေါရင် လေတွေနဲ့ပက်မှာပေါ့ ဟုတ်လား ဦးခေါင်ထွေး” ဆိုပြီး လာအဓွန့်တက်နေတာကို ဗြောတင်မလို့ လက်ပြင်ပြတော့မှ ရယ်ဖြဲဖြဲနှင့် ပြေးသွားတဲ့ကောင်။ ဒီတော့ သူ့ကို ခေါ်သွားလို့ မဖြစ်။ ခေါ်သွားရင် ကောင်းကောင်း မဒန့်ရဘဲ သူမေးတာတွေ လိုက်ဖြေနေရတာနဲ့ပဲ အချိန်ကုန်နေမည်။

“ခလေးရေ ငါတို့ လူကြီးတွေ အားလုံး ဘုန်းကြီးကျောင်းသွားပြီး သီလယူ၊ ဥပုသ်စောင့်ကြမယ်။ ညနေလောက်မှ အိမ်ပြန်ရောက်မယ်။ နင် ကလေးတွေ ထိန်းရင်း အိမ်စောင့်ပေး။ မီးဖိုချောင်ထဲက ကြောင်အိမ်ထဲမှာ အားလုံးစားဖို့ ဟင်းတွေရှိတယ်။ ကလေးတွေ နေ့လည်စာစားဖို့ နင့်တာဝန်နော်”

အပြင်ထွက်ရင် ဒန့်ဖို့ ဒန့်ကွက်အသစ်တကွက်ကို စိတ်ကူးပုံဖော်နေသော ခလေး တော်တော်စိတ်ပျက်သွားသည်။ ဒီအတက်နေ့ တရက်ပဲ ကျန်တော့တာ။ စိတ်လွတ်ကိုယ်လွတ် ဒန့်မည့်အစီအစဉ်တွေ သင်္ကြန်ရေနဲ့ အတူ မျှောလိုက်ရမလို ဖြစ်သွားသည်။ အေးလေ သူတို့ကုသိုလ်ရအောင် ငါလည်း ဖြည့်ဆည်းပေးရင် ငါလည်း ကုသိုလ်ရနိုင်တာပဲဟု စိတ်ဖြေလိုက်သည်။

ရေချိုးတဲ့အုတ်ကန်ကို အဖေက အိမ်ရှေ့မှာပဲ အုပ်ဆောင်းနှင့်တကွ အကျအနလုပ်ပေးထားသည်။ အုပ်ဆောင်းကို ကန်ရဲ့ သုံးပုံနှစ်ပုံလောက် အုပ်ထားသည်။ သင်္ကြန်တွင်းမှာ မီးကလည်း မပျက်၊ ရေကလည်း ပုံမှန်ထက်တောင် ကြာကြာပိုပေးတဲ့အတွက် ရေပိုရေလျှံရှိသည်။ လမ်းထဲက ကလေးတွေက တူ တူမတွေနှင့် အုပ်စုလိုက် ရေကစားကြသည်။ သူတို့ ရေကစားနေတာကြည့်ရင်း ကလေးများကစားသော ရေကစားနည်းကို သတိထားမိသွားသည်။

ရန်ကုန်သားရဲ့နှမဖြစ်တဲ့ ရန်ကုန်သူ တူမလေးက ရေပက်ဖို့ လမ်းပေါ်အရင်ရောက်သည်။ သူက ရန်ကုန်မှာမွေးသော ရန်ကုန်သူစစ်စစ်ဖြစ်သည်။ ရန်ကုန်သူ လမ်းပေါ်ရောက်ပြီး ရေကစားဖို့ ရေခွက်လေးကိုင်နေတာနဲ့ သူ့အပေါင်းအဖော် ကလေးတွေက ဆိုင်ရာဆိုင်ရာ အိမ်တွေဆီက ရေပုံး၊ ရေခွက်၊ နို့ဆီခွက်၊ ရေပြွတ်၊ ရေသေနတ် စတာတွေကိုယ်စီကိုင်ရင်း လမ်းပေါ်ရောက်လာသည်။ ရန်ကုန်သူက ပထမဆုံးရောက်လာသည့် ရွယ်တူကလေးမလေးကို ပုံးထဲက ရေနှင့် အရင်ပက်သည်။ ကလေးမလေးကလည်း ပြန်ပက်သည်။ နှစ်ယောက်လုံး ရွှဲသွားတော့မှ ရေလောင်းတာရပ်ကြသည်။ သူတို့နှစ်ယောက်ပေါင်းပြီး နောက်ထပ်ရောက်လာသည့် ရေကစားဖော်များကို ရေလောင်းကြသည်။ အသစ်တိုးလာတိုင်း လက်ရှိရေကစားနေသူများက ၀ိုင်းပက်သဖြင့် အသစ်များသည် များမကြာမီပင် ရေများရွှဲရွှဲစိုကာ အဟောင်းများဖြစ်သွားရရှာသည်။ ခြံထဲရှိ အုတ်ကန်ကရေကို ခြံပြင်မှနေ၍ မမီ့တမီလှမ်းခပ်ကြသည်။ လမ်းသွားလမ်းလာများကို တဖွဲ့လုံးက လိုက်ပက်ကြသည်။ ပက်မယ့်သူ မလာသေးလျှင် အချင်းချင်းပြန်ပက်ကြသည်။

အိမ်ရှေ့လှေကားထစ်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေရင်း ကလေးတွေရေဆော့တာကို ကြည့်နေတာဖြစ်သည်။ အဲဒီမှာပဲ “ဦးခေါင်ထွေး ဘေးလေးခဏလောက်” ဆိုကာ ရန်ကုန်သားက အိမ်ပေါက်ဝမှ အိမ်အောက်သို့ဆင်းရန် တာစူနေသည်။ ဦးလေးကို ကျော်မသွားချင်၍ ဘေးနည်းနည်းဖယ်ပေးရန်ပြောခြင်းဖြစ်သည်။ ဒီကောင် လူကြီးကိုတော့ အလေးအမြတ်ထားသားပဲဟု စိတ်ထဲမှ ချီးကျူးမိသည်။ ကိုယ်ကို အနည်းငယ်ယို့ပေးလိုက်တော့ ရန်ကုန်သားလည်း လှေကားထစ်တဖက်စွန်းဖက်ကို အတော်များများကပ်ရင်း အိမ်အောက်ဆင်းသွားသည်။ လက်မှာက ရေပုံးခပ်လတ်လတ်တလုံးဆွဲသွားသည်။ ရေပုံးထဲမှာ အနီရောင်ပလတ်စတစ်ဖလားကို ထည့်ထားသည်။ ဒီဖလားမျိုးက ဒီမြို့မှာမရှိ၊ ဒီကောင် ရန်ကုန်ကနေ တကူးတက ၀ယ်လာတာဖြစ်မည်။ အုတ်ကန်ထဲမှ ရေကို ပုံးဖြင့်ခပ်သည်။ ခြံတံခါးကို မဖွင့်ခင် ရေပုံးကို ခေါင်းပေါ်မြှောက်ကာ ခေါင်းမှစကာ သူ့ကိုယ်သူ ရေလောင်းချသည်။

“ဟာ ဟေ့ကောင် ဘယ်လိုလုပ်” အာမေဍိတ်တောင် ထွက်သွားသည်။

ရန်ကုန်သားက ပြုံးကာ “ဦးခေါင်ထွေးကလည်းဗျာ ခြံပြင်ရောက်တာနဲ့ ကလေးတွေ ၀ိုင်းပက်မှာစိုးလို့ ရေစိုအောင် အရင်လောင်းထားတာ၊ ပိုင်တယ် မဟုတ်လား”

“ဦးလေးလည်း ရေမစိုသေးပါလား၊ တခွက်လောက်တော့ အလောင်းခံလိုက်”

“ကဲပါ အတော်ပိုင်တဲ့ တူကြီးရာ မင်းဘာသာမင်း ခြံပြင်သာကြွပါ၊ ငါ့ဇိမ်နဲ့ငါ နေပါရစမ်းပါကွာ”

“ကျနော်လည်း တကယ်မလောင်းပါဘူးဗျာ၊ ရေတောင်ကုန်သေး” ပြောရင်းဆိုရင်း ရေတပုံးပြန်ခပ်ပြီး ခြံတံခါးတွန်းဖွင့်ကာ ရေကစားနေသော ကလေးများကြားထဲတွင် ကလေးခေါင်းဆောင်လုပ်နေပြန်သည်။

ခလေးအတွေးတွေက လွန်ခဲ့သော ငါးနှစ်လောက်ဆီကို ပြန်ရောက်သွားသည်။ အဲဒီအခါတုန်းက သင်္ကြန်မကျမီ နှစ်လလောက်အလိုကပင် သူတို့မြို့ရှိ ရပ်ကွက်တိုင်းလိုလို သင်္ကြန်ယိမ်းတိုက်ကြ၊ သင်္ကြန်အမြောက်ခေါ်သော သံချပ်ထိုးတာတွေ တိုက်ကြနှင့် အတော်အလုပ်များကြသည်။ အတော်လည်း ပျော်စရာကောင်းသည်။ သင်္ကြန်တွင်း ညဖက်ရောက်သည့်အခါ မဏ္ဍပ်တွေမှာ သံချပ်ထိုးပြိုင်ကြ၊ ယိမ်းအကပြိုင်ကြနှင့် ကိုယ့်ရပ်ကွက် သူ့ရပ်ကွက် အကြိတ်အနယ်ပင်။ အကိုလတ်က သံချပ်ထိုးတာမှာ ပါဝင်သည်။ သူက ဒိုးပတ်အတီးကောင်းသူလည်းဖြစ်သည်။ သို့သော် အဲဒီတနှစ်က နာမည်အတော်ကြီးသွားသူမှာ ခလေးပင်ဖြစ်သည်။ သံချပ်ထိုးတာမှာ သရုပ်ဖော်တာတွေပါသည်။ အဲဒီသရုပ်ဖော်မှုထဲက တကွက်မှာ ခလေးပါရသည်။

သရုပ်ဖော်မှုက ဤသို့ဖြစ်သည်။ ဗလကောင်းကောင်း လက်ဝှေ့သမားပုံစံရှိသော ကိုဗလကြီးက စင်ပေါ်တွင် လက်ဝှေ့ဟန်ရေးပြသည်။ ပြီးသောအခါ အရပ်အမောင်း အလုံးအထည်တူ လက်ဝှေ့သမားတယောက်နှင့် အကြိတ်အနယ်ထိုးကြသည်။ ကိုဗလကြီးနိုင်သည်။ ကိုဗလကြီးက မာန်တက်ပြီး စင်အောက်မှ ပရိသတ်ကို စိန်ခေါ်သည်။ ပရိသတ်က တုတ်တုတ်မျှမလှုပ်၊ အဲဒီမှာ ပရိသတ်ထဲ ၀င်ထိုင်နေတဲ့ ခလေးက မတ်တပ်ထ လက်ထောင်ကာ ကိုဗလကြီးစိန်ခေါ်မှုကို တုန့်ပြန်လိုက်သည်။ ပရိသတ်ထဲကနေ စင်ပေါ်ကို သူသွားတော့ ပရိသတ်ထဲက တီးတိုးပြောကြသည်။

“ဟာ ဒီကောင်လေး ပိန်ပိန်ရှည်ရှည်လေးနဲ့ ဟိုက တချက်ထိုးလိုက်တာနဲ့ မှောက်သွားဦးမယ်”

“ဟဲ့ လုပ်ကြပါဦး အဲဒါ ညည်းတို့ မောင်လေ၊ ခလေး မဟုတ်လား” ဒီအသံက အမရဲ့အသံဖြစ်သည်။ သူ့သားလတ်ဖြစ်သူ သံချပ်ထိုးတာကိုပဲ သမီးတွေ မြေးတွေနဲ့အတူ သူလာကြည့်တာဖြစ်သည်။ အငယ်ဆုံးကောင် ခလေး ပါတာကို လုံးဝမသိ။ သူတင်မဟုတ် လာကြည့်သူ တရပ်ကွက်လုံးမသိ။ မခံနိုင်ဖြစ်ပြီး တကယ်တက်ထိုးမလို့ သွားသည်ဟုသာ ထင်သွားကြခြင်းဖြစ်သည်။ သရုပ်ဖော်ပြကွက်ဖြစ်ကြောင်း မရိပ်မိကြ။

စင်ပေါ်တက် စွပ်ကျယ်ဂျိုင်းပြတ်ကို ချွတ်တော့ နံရိုးအပြိုင်းပြိုင်းပေါ်သည်။ ပုဆိုးကို ခါးတောင်ကျိုက်ကာ လက်ခမောင်းခတ်ပြတဲ့အခါ စင်အောက်က လက်ဝှေ့ဝါသနာရှင်အချို့က လက်ခုပ်တဖြောင်းဖြောင်းတီးကာ အားပေးသည်။ ခလေးက တကယ့်လက်ဝှေ့ကြိုးဝိုင်းထဲမှာ မထိုးဖူးပေမယ့် မြို့ခံလက်ဝှေ့အကျော်အမော်သည် သူ့ဘော်ဒါဖြစ်သည်။ လက်ဝှေ့ထိုးလက်အိတ်ကို စွပ်ကြည့်ပြီး သဲအိတ်ကို အထိုးကျင့်ဖူးသည်။ ထို့အပြင် ခလေးသည် လက်ပျောက်အဖြစ် ဘော်ဒါအသိုင်းအ၀ိုင်းကြားတွင် နာမည်ကြီးသည်။ ရန်ဖြစ်လျှင် သူချတာကို လူမမြင်၊ လက်သွက်ပြီး သေသပ်သောကြောင့် သူ့ကို တော်ရုံလူ အကြောင်းသိဆိုလျှင် ရှိန်သည်။ စင်ပေါ်မှာ ဟန်ရေးပြတော့ သူ့အကြောင်းသိသူများက တကယ့်ပွဲဟုမှတ်နေကြသည်။

စင်ပေါ်မှာ ပထမအချီ ထိုးကြသည်။ ကိုဗလကြီးထိုးချက်မှာ ခလေး အလူးအလဲခံရသည်။ တခါတွင် သူစင်ပေါ်မှာ မှောက်သွားသည်။ ဒိုင်က အမှတ်စဉ်လာရေရင်း သူ့ကို အချက်ပြသည်။ သူက မှောက်သွားရာမှ ထရင်း ဒိုင်ကို ပုဆိုးကြားထဲမှာ ထည့်လာသော ကွမ်းယာတွေကို ထုတ်ကျွေးသည်။ ဒါက လာဘ်ထိုးတာကို ပြသော သရုပ်ဖော်မှုဖြစ်သည်။ ဒိုင်က ကိုဗလကြီးဆီသွားကာ အနားကပ်တီးတိုးပြောသည်။ ခလေးပေးလိုက်သော ကွမ်းတယာကို ပေးသည်။

ဒုတိယအချီတွင် ခလေးက လက်သီးနှင့်မထိုး၊ လက်ညှိုးကလေးဖြင့် ကိုဗလကြီး ဗိုက်တည့်တည့်ကို ဖြည်းဖြည်းလေး တို့ထိုး ထိုးလိုက်သည်။ ကိုဗလကြီး စင်ပေါ်မှာ မှောက်သွားသည်။ စင်အောက်မှ ပုဆိုးစလွယ်သိုင်းထားသော လူနှစ်ယောက်တက်လာကာ မှောက်သွားသူကို စမ်းသပ်သည်။ ခေါင်းခါကာ မ ထုတ်သွားကြသည်။ ထိုပြကွက်ပြီးသောအခါမှ သံချပ်က ၀င်သည်။ လုပ်ပွဲများ အကြောင်းဖြစ်သည်။

“ဟေ့ ဟိုက လမ်းထိပ်မှာ အန်တီတွေ၊ ဒီဖက်ကို လာနေပြီ သေသေချာချာပြင်ထားကြ၊ ဟိုကောင်မလေးတွေ နင်တို့က စက်ဘီးတွန်းလာတဲ့ အန်တီတွေကိုပက်၊ ငါတို့က လမ်းလျှောက်လာတဲ့သူတွေကို ပက်မယ်”

ရန်ကုန်သားရဲ့ ရေပက်တာဝန်ခွဲဝေသံ ဆူညံဆူညံကြားတော့မှ ခလေးရဲ့ သင်္ကြန်ပလေးဘက်က ပျောက်ကွယ်သွားပြီး လမ်းထိပ်ကို မြင်ရအောင် မတ်တပ်ထကြည့်မိသည်။

သင်္ကြန်အတက်နေ့မှာ ရေပက်ခံမထွက်ရ၊ မဒန့်ရတဲ့အခါ လမ်းထဲမှာ ရေလောင်းတာလေးလောက်တော့ လုပ်ဖို့သင့်တာပေါ့ဟူသော အတွေးကို အကောင်အထည်ဖော်ရန် အုတ်ကန်အနားမှာ တွေ့သော ရေပုံးခပ်ကြီးကြီးကို ရေကန်ထဲနှစ် ရေခပ်ရင်း တူတော်မောင် ရန်ကုန်သားတို့ ကလေးတသိုက် အဖွဲ့ထက်ဦးအောင် ရေပုံးကိုဆွဲ၊ ခြံတံခါးကိုဖွင့်ကာ ရေပက်ခံထွက်မည့် အပျိုတသိုက်ဆီသို့ ခလေးတယောက် ခြေလှမ်းကျဲကျဲဖြင့် ဦးတည်လိုက်ပါတော့သည်။

ကျော်မောင်(တိုင်းတာရေး)
၁၅-ဧပြီ-၂၀၁၆