လောကပါလ - “ဒေါ်နယ်ကလည်း ဒေါ်နယ်”



လောကပါလ - “ဒေါ်နယ်ကလည်း ဒေါ်နယ်”
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

ဦးစ (USA) (ဝါ) ဦးလေးစမ် (Uncle Sam) တို့ တိုင်းပြည်၏ မဟာသမ္မတမင်းလောင်း အပြေးပြိုင်ပွဲကား အုတ်အော်သောင်းတင်း ဖြစ်နေချေပြီ။ အထူးသဖြင့် ခန့်ညားသောပါတီအိုကြီး (Grand Old Party) ဟု ဂုဏ်ယူ မဆုံးရှိကြသည့် ရှေးရိုးစွဲ ရီပါဘလီကင် (Republican) ပါတီအတွင်းမှာ အသံတွေပိုကြားနေရ၏။ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ်၊ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ဆောက်လုပ်ရေး သူဌေး စသည်ဖြင့် ပြိုင်ပွဲဝင် ၁၇ ဦးတို့ ရှုံးထွက်စံနစ်ဖြင့် အစပြုခဲ့ရာမှ (ရှုံးထွက်ဆို၍ မည်သူကမျှ ထွက်ခိုင်း မည်တော့မဟုတ် ကိုယ့်အခြေအနေကိုယ်သိလျှင် ကိုယ့်ဘာသာဆက်မပြိုင်ဘဲ နေလိုက်ခြင်းသာဖြစ်၏။ သည်လိုမှ မထွက်ဘဲ ရန်ပုံငွေထုတ်ပေးသူတွေကို အားမနာလျှာမကျိုး ဆက်လုပ်နေလျှင် အများတံတွေးခွက်မှာ ပက်လက်မျောသွားမည်။ သူတို့က တံတွေးကြောက်သူတွေဖြစ်ကြ၏) ယ္ခုအခါ သုံးဦးသာ ဆန်ကာတင် ကျန်ရစ် တော့သည်။ ၎င်းတို့မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ် (ထရန့်)၊ ဆီးနိတ်လွှတ်တော် အမတ်ဟောင်း တဒ် (ခရု) နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန် (ကေဆစ်) တို့ဖြစ်ကြပြီး သုံးဦးစလုံးပင် မိမိသာလျှင် သမ္မတ အဖြစ်ထိုက်ဆုံး ဟု ပြောဆိုလှုပ်ရှားနေကြလေသည်။ သာမန်အားဖြင့် ထိုသုံးဦးဆက်ပြိုင်ကြပြီး လူကြိုက် အများဆုံးသူကသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရုံသာရှိ၏။ သို့သော် ဒီမိုကရေစီတို့၏ဘိုးအေ ကမ္ဘာ့ စူပါစွမ်းအားရှင်၊ ကမ္ဘာ့ပုလိပ်ကြီး ဦးလေးစမ်တို့ တိုင်းပြည်မို့ သမ္မတလောင်းဖြစ်ဘို့ရာ သည်မျှမရိုးစင်း။ သမ္မတ ဖြစ်ဘို့ရာကား ဆိုဘွယ်ရာမရှိပြီ။

သူတို့ဆီမှာ အကြင်သမ္မတလောင်း၏ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သာမက ယင်းတို့နှင့် ဃရာဝါသ သမ္ဗန္ဓကြ သူတွေပါ သည်မြေမှာမွေး၍ ကြီးပြင်းခဲ့ကြသလေ ဖြစ်စေရမည်ဟု ပြဌာန်းထားခြင်းမရှိသလို သမ္မတအထက်မှာ မည်သူမျှ မည်သည့်အကြောင်းကြောင့်မျှ ရှိနေ၍မရ။ သမ္မတအထက်မှာ အဘမရှိ၊ အစ်မမရှိ၊ သူကြီးမရှိ၊ နှစ်လုံးပြူးကိုင် မရှိ။ ရော့ နင်ကသမ္မတလုပ် နင်ကကာချုပ်လုပ် ငါကနင်တို့ကိုစောင့်ကြည့်နေတဲ့ အစ်ကိုကြီး (Watching Big Brother ) လုပ်မယ် ဆိုသော အချိုးမျိုး ဝေစားမျှစားဒီမိုကရေစီထွန်းကားရေး မိုင်းဆက်တွေမရှိ။ ခြေဥကို လေဥသလိုဥပြီး “အများပြည်သူအကျိုးစီးပွားအလို့ငှါ” ဆိုကာ မျက်စေ့ပိတ် ပါးချိတ်ထိုးမည့် သမ္မတမျိုး အလိုမရှိ။ ကမ္ဘာ့အကြီးဆုံးစစ်အင်အား ရှိသောကြောင့်၎င်း၊ အများဆုံးသော နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်ထားသောကြောင့်၎င်း၊ ပြည်သူရွေးသောသမ္မတကိုသာ ကာကွယ်ရေးဦးစီးချုပ်အရာ အပ်နှင်းထားလေ သောကြောင့်၎င်း အရာရာကိုစစ်မြေပြင်သဘွယ်ရှုမြင်တတ်သူများ စစ်တိုက်တတ်လျှင်ပြီးပြည့်စုံပြီဟု သွေး နထင်ရောက်နေသူများ ထစ်ကနဲရှိလျှင် မိုးပေါ်ထောင်မပစ်ဘူးနော်ဟု ပြောပြောပစ်ပစ်လုပ်တတ်ခြင်းအား ဂုဏ်ယူတတ်ကြသူများကို သမ္မတ တင်ချင်၍မဖြစ်။ ကမ္ဘာပေါ်မှာစီးပွားရေးအမြင့်မားဆုံးတိုင်းပြည်မို့ အိမ်တော်ပါ လူတစ်စုချမ်းသာရေးကိုသာ ရှေးရှုမည့်သူတွေ၊ မင်းဘဏ္ဍာကိုယ်ဟာမှတ်သူတွေ သမ္မတဖြစ်မလာဘို့ လိုသလို ပေါက်နှင့်ကျေးပမာရှုပ်ထွေးလှစွာသော နိုင်ငံတော်ကြွေးမြီ၊ အခွန်အကောက်၊ လူမှုဖူလုံရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒကိစ္စတွေကြောင့် စိတ်ရှည် သီးခံဇွဲမြဲသန်သော သမ္မတဖြစ်ဘို့လိုသည်။ ထိုထက်ပို၍ အလိုအပ်ဆုံးကား ရီပါဘလီကင် သမ္မတဖြစ်ရေးတည်း။

ခက်သည်က ဒေါ်နယ်။ ယ္ခုနှစ်သမ္မတလောင်းပြိုင်ပွဲတွင် နောက်မကျတကျ ဝင်လာသော ကုဋေကြွယ် သူဌေးကြီးကား စင်စစ်အားဖြင့် မျက်နှာသစ်တော့မဟုတ်။ ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲတုန်းက မထင်မရှား ပါတီငယ်တစ်ခုကိုကိုယ်စားပြုပြီး အခြေခံအဆင့် တစ်နေရာ နှစ်နေရာလောက်အထိ ဝင်ပြိုင်ခဲ့ဘူးသည်။ သည့် နောက်ပိုင်း အဓိကပါတီကြီးနှစ်ခုအအကြား ဟိုပင် သည်ပင် ကူးပါလို့ဆိုသလို နေရာရှာရင်း (နောက်ဆုံးတွင် ရီပါဘလီကင်ဘက် စိတ်ဒုံးဒုံးချကာ ပြန်လှည့်လာသည်အထိ) သမ္မတနေရာကို ဘီလူးခြုံက လခြောင်းတည်း လုပ်ခဲ့ဘူးသည်။ ဆောက်လုပ်ရေး၊ ကုန်တိုက်၊ လေကြောင်းလိုင်း၊ ဘဏ်၊ ကာစီနို၊ တက္ကသီလာမှသည် ရုပ်မြင်သံကြားဇာတ်လမ်းတွဲအထိ လုပ်သမျှအရာရာနှင့် အကြောင်းကြောင်း ဖြစ်ခဲ့ဖူးလင့်ကစား “လူဆိုတာ တစ်ခုခုကို တစ်ခါလောက်တော့ လုပ်ကြည့်သင့်တယ်” ဆိုသော သူ့မူအရ သမ္မတတစ်ခါလောက် လုပ်ကြည့် ချင်စိတ် ပြင်းပြနေပုံလည်းရ၏။ ထိုအတွက် ပါတီရေပေါ်ဆီအုပ်စု (Establishment) က မနှစ်မြို့လှသော်လည်း အရှိန်ကုန်လျှင်ရပ်သွားမည့် ဂျင်စုတ်ကလေးပမာလျှော့တွက်ခါ သဘောထားကြီးကြောင်းပြသခဲ့၏။ သည်ဂျင်က သူတို့ထင်သလိုအရှိန်ကုန်မည့်ဂျင်မဟုတ် ရှစ်စပ်ကမွှတ်အောင်လည်မည့် ဂျင်မှန်းသိသောအခါ ထိုသဘောထား မျက်နှာဖုံးတို့ကွာကျ ကြလေကုန်သည်။ သို့သော် အကွာကောင်းပေမင့် အခါကနှောင်းခဲ့၏။

နဂိုလူသိများပြီးဖြစ်သည့် ဒေါ်နယ်ကို နိုင်ငံရေးလောကမှ မဲပြာပုဆိုးတွေအကြား တစ်မျိုးတစ်ဘာသာ ထူးခြားသူ အဖြစ် ပရိဿတ်ကကြိုဆိုခဲ့ကြသည်။ သူကလည်း ထိုအတွက်အားမပျက်စေခဲ့။ သမ္မတလောင်း ပြေးပွဲပြိုင်ပွဲ မဝင်မီကပင် သူ့ပြေးလမ်းကြောင်းကို ဗြောင်းဆန်အောင် ဖွင့်လှစ်ပစ်လိုက်သည်။ ဦးစတို့နိုင်ငံမှာ ပထမဆုံး လူမဲကပြားသမ္မတဟု သမိုင်းမော်ကွန်းထိုးခဲ့သော လက်ရှိသမ္မတ အိုဘာမ၏ မွေးစာရင်းအစစ်ကို တရားဝင် ထုတ်ပြန်ဘို့ တောင်းခံပြလိုက်၏။ သမ္မတခမျာ ဒုတိယသက်တမ်းတစ်ဝက်ကျော်သည်အထိ အိမ်ဖြူတော်မှာ အခန့်သားနေလာပြီးကာမှ ညကြီးမင်းကြီး သန်းကောင်စာရင်းအစစ်ခံရသလို အောင့်သက်သက်ဖြစ်သွားရရှာ လေသည်။ သို့သော် မိုးနှင့်နသိုး အစိုးမရသလို ဒေါ်နယ်၏ အော်ကျယ်အော်ကျယ်တွေကိုလည်း အကဲမရသာ ရှိလေရကား လူမိုက်အားရင်ကြားစေ့ခြင်းဖြင့် အနိုင်ယူရာ၏ဟူသော ခေတ်သစ် လောကနီတိထုံးကို နှလုံးမူလျက် မွေးစာရင်းအရေးအမှန် တွေးကြံလျက် မနှေးအမြန် တင်ပြခဲ့ရလေတော့၏။ ဒေါ်နယ်တို့ဘုန်း မိုးသို့ခြုံးပြီတည်း။

ပြေးပွဲ ခရာတွတ်သည်နှင့် “အမေရိကန်ကို တစ်ကြော့ပြန်၍ ကြီးမြတ်စေမည်” ဟု ဟစ်ကြွေးလျက် ဒေါ်နယ်က သူ၏ရေပန်းအစားဆုံး လူဝင်မှုကြီးကြပ်ရေးဘာသာရပ်ကို ရှေ့တန်းတင်ပြီး တာထွက်လိုက်၏။ “ကျုပ်တို့ နိုင်ငံမှာ တောင်ဘက် တံခါးပေါက်ကြီး တစ်ဘက်သတ်ဟောင်းလောင်း ပွင့်နေလေရဲ့။ အဲသည်ကနေတစ်ဆင့် တစ်ဘက် နိုင်ငံဟာ ကျုပ်တို့ဆီကို မူးယစ်ဆေးတွေ ရာဇဝတ်မှုတွေ လူဆိုးဓားပြတွေ မုဒိန်းကောင်တွေ တင်ပို့နေတယ်” ဟု စွတ်စွဲ၏။ ဒါကို အမြန်ဆုံးရပ်ပစ်ရမယ်ဆိုကာ သူသာသမ္မတဖြစ်လျှင် မိုင် ၂၀၀၀ ခန့် ရှည်လျားသည့် တောင်ဘက်ခြံစည်းရိုးကို တရုပ်ပြည်မဟာတံတိုင်းကြီးပမာ ကာရံထားလိုက်မည်ဟု ကြုံးဝါး၏။ ထိုမျှမကသေး တံတိုင်းကာသည့်ကုန်ကျစရိတ်ကို တစ်ဘက်နိုင်ငံအား ကျခံစေမည်ဟုလည်း အာမခံခဲ့၏။ သြဘာသံအပေါင်း သောင်းသောင်းညံချေပြီ။ ဘယ်လိုလုပ်မှာလဲဆိုသောမေးခွန်းကို ကြည့်နေပါ ကျုပ်လုပ်ပြပါမယ် ဟုသာဖြေ၏။ တစ်ဘက်နိုင်ငံက ဒေါနှင့်မောနှင့်တုံ့ပြန်လာသည့်အပေါ်တွင်လည်း “ဒီလိုလား ရတယ်လေ တံတိုင်းကို ၁၀ ပေ ထပ်မြှင့်ပြီး ခင်ဗျားတို့ကို ပေးခိုင်းမယ် တကယ်” ဟု တုံ့ပြန်၏။ အလုပ်အကိုင် ပါးလျားသောခေတ်မှာ သင်းတို့ မှတ်တမ်းမှတ်ရာမဲ့ အလုပ်သမားတွေက ငါတို့အလုပ်တွေလာပြီး လုလုပ်နေသည် (အမှန်စင်စစ် ဟိုခမျာတွေမှာ သူတို့ မလုပ်ချင်သည့် အလုပ်တွေကို လုပ်နေကြရခြင်းသာဖြစ်၏) ဟု ထင်နေကြ သူတို့အတွက် ဒေါ်နယ်သည် ပီဘိဟီးရိုး။ သည်ဟီးရိုးက ၁၁ သန်းမျှသော တရားမဝင်နေထိုင်ကြတွေကို သူသမ္မတဖြစ်ပြီး နှစ်နှစ်အတွင်း ပြောင်အောင် ရှင်းပြမည်ပြောသောအခါ လက်တွေ့ကျကျ တွက်ချက်သံသယရှိသူတွေရှိကြ၏။ ဒေါ်နယ့်မှာလည်း အဖြေ ရှိသည်ပင်။ လူမှန်နေရာမှန် စီမံခန့်ခွဲမှု မှန်မှန်နဲ့ဆို မြန်လွန်းလို့ ခင်ဗျားတို့မျက်စေ့တွေလည်ကုန်ကြမယ် ဟူ၏။ အာဂဒေါ်နယ်ပေတကား။

သည့်နောက်တွင်မူ ယှဉ်ဘက်သမ္မတလောင်းအတော်များများ ဒေါ်နယ်၏ ကွက်ပျောက် လေသိုင်းကြားမှာ (မည်သို့မည်ပုံ ပြုလုပ်ခံလိုက်ရသည်မသိ) အတုံးအရုံး ကျဆုံးကြရလေတော့သည်။ စင်စစ် သူတို့အများစုက ဆီးနိတ်အမတ်လို အုပ်ချုပ်ရေးမှူးလို နိုင်ငံရေးရာထူးလက်ရှိတွေ သံခင်းတမန်ခင်းရှိသူတွေ သမ္မတအလုပ်ကို ဒေါ်နယ် ထက်ပို၍နီးစပ်ကြသူတွေဖြစ်၏။ သို့သော် ထိုနှလုံးရည်သမားတွေမှာ ဒေါ်နယ်နှင့်စကားစစ်ထိုးရန် စင်မြင့်ပေါ်သို့တက်မိကြသည်နှင့် ကေသရာဇာကို ခလုပ်တိုက်မိသည့် ယုန်သူငယ်လေးများပမာ ကျီးကြည့် ကြောင်ကြည့် ဖြစ်ကုန်ကြတော့ကာ သန်းပေါင်းများစွာသော (ရုပ်မြင်သံကြား) ပရိဿတ်ရှေ့မှောက်၌် သူတို့၏ အစွမ်းအစတွေ ပညာဗဟုသုတတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီးသကာလ လူလိမ် လူညာ လူပျော့ လူပြင်း လူဖျင်း လူညံ့ စသည်အားဖြင့် ဒေါ်နယ်ခပ်နှိပ်သမျှ တံဆိပ်များကို ရင်ဝယ်ပိုက်၍ ဆင်းကြရရှာလေ၏။ စစ်တမ်းတွေ ထွက်လာသောအခါ ဒေါ်နယ်သည်ပထမ။ ဒေါ်နယ်သည်သာ အောင်ပွဲရစစ်သူကြီး။ ပမာအားဖြင့် သမ္မတဟောင်း ဂျီ အိပ် ဘွတ် ၏သား ဂျီ ဘွတ်၏ညီ ပြိုင်ဘက်သမ္မတလောင်း ဂျေ ဘွတ်ဆိုလျှင်ဒိတ်ဒိတ်ကျဲ ရီပါဘလီကင်တို့၏ လက်ရွေးစင်။ ဒေါ်နယ်ကိုနင်းချေဘို့ ပါတီအေလစ် (Elite) တို့က လက်နက်တပ်ဆင်ပေး ထားသည့် လူစွမ်းကောင်းကွန်ဆာဗေးတစ် စစ်စစ်ဖြစ်၏။ သို့သော် ခမျာမှာ ပဲရစ်အကြမ်းဘက်တိုက်ခိုက်မှု ကဲ့သို့သော လတ်တလောအရေးအခင်းနှင့် စပ်လျဉ်းသည့် ဒေါ်နယ်၏ရဲရဲတောက် ပေါ်လီစီ (မွတ်စလင်မဝင်ရ) ကို ကျိုးကြောင်းပြကာ ဆန့်ကျင်မိသဖြင့် သူ့အစ်ကို ဂျီ ဘွတ် လက်ထက် ၉/၁၁ အရေးအခင်းနှင့် အီရတ်စစ်ပွဲ ကိစ္စတွေ တစ်နွယ်ငင်တစ်စင်ပါသိမ်းကြုံးပြီး ဒေါ်နယ်၏ လူလိမ်လူညာ ဂါထာမန္တရားတွေကြားမှာ သမ္မတဖြစ်ရန် စွမ်းအင် နိမ့်ကျသူ ဟူသော အမည်တစ်မျိုးတိုးပြီး ငုတ်လျှိုးပျောက်ကွယ်သွားခဲ့ရ၏။

နောက်တစ်ဦးက ဖလော်ရီဒါ ဆီးနိတ်အမတ် မာကို (ရူဘီယို)။ သူလည်း ဂျီအိုပီဖေးဖရိတ်မို့ ခေသူမဟုတ်။ တရားမဝင်အလုပ်သမားကိစ္စ ဆင်ဖမ်းမယ်ကျားဖမ်းမယ်လုပ်နေသည့် ဒေါ်နယ်တစ်ယောက် သူ့ဆောက်လုပ်ရေး လုပ်ငန်းအတွက် တရုပ်အလုပ်သမား ၂၀၀ ကို ဒဏ်ကြေး (ဒေါ်လာ ၁သန်း) ပေးပြီး သွင်းခဲ့ဘူးသည့် ရာဇဝင်ကို တူးဆွဖေါ်ထုတ်လိုက်ခြင်းဖြင့် ရီပတ်ဘလီကင်တို့အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ သယ်ဆောင်မည့်သူ ဖြစ်လာခဲ့၏။ သို့သော် သူလည်း သက်ဆိုးမရှည်။ ဒုတိယအကြိမ် သမ္မတလောင်းစကားစစ်ထိုးပွဲစင်မြင့်ပေါ်မှာ သူနှင့်ဒေါ်နယ်တို့ အပြန်အလှန် ကိုယ်တွင်းကိုယ်ပ တိုင်းထွာ အနိုင်လုခဲ့ကြရာမှ သူ့အပေါ်ထောက်ခံမှု ကျဆင်း သွားခဲ့၏။ စင်စစ် ခန္ဓာကိုယ်အဟန့်သေးသောမာကိုကို လူညှက်ကလေးဟု ဒေါ်နယ် ကျီစယ်ရာမှ စသည်။ သူ့ကိုယ်ခန္ဓာ အရွယ်အစားအား ချိုးချိုးနှိမ်နှိမ်လုပ်လာသည့် ဒေါ်နယ်ကို မာကိုက “ကျွန်တော့်ကို လူကောင် သေးတယ်လို့ ပြောတယ် သူ့ (ဒေါ်နယ်) ကျတော့ လူကောင်ကြီးသလောက် “လက်” က သေးသေးလေး” ဟု ပြန်ပက်၏။ ဒေါ်နယ်က သူ့ဝသီအတိုင်း “ကျုပ်ဘာသာကျုပ် ‘လက်’ သေးတာဘာဖြစ်လဲ။ ပရိဿတ်ကြီးခင်ဗျား လက်သေးပေမယ့် သူပြောချင်သလို ကျုပ်ရဲ့ဟိုနေရာ မသေးစေရဘူးဆိုတာ အာမခံပါတယ်’ ဟု စွတ်ရွတ် ပြောသည်။ ကျော်ရွဲ့ကြီးပြက်လုံးထုတ်သလို “မင်းအဖိုးလည်းနာမည်ပျက် ငါ့ခေါင်းလည်းသုံးမရတော့” သည့် ကိန်း ဆိုက်ခဲ့ရလေ၏။ သို့သော် ချိုးဖဲ့သူဒေါ်နယ်နှင့်ပြန်တွယ်သူမာကို အရိုင်းဆိုဖေါ်ဆိုဖက်နှစ်ဦးအနက်တွင်မှ ကံကွက်ကြား၍ ငမိုက်သားမာကိုရေ နင်ချည့်ပင်သေစေရော့ ဆိုသကဲ့သို့ သူ့ဒေသဖလော်ရီဒါမှာပါ ဒေါ်နယ်ကို ရှုံးချက်နာပြီး သကာလ ကွင်းပြင်သို့ ထွက်ခွာရတော့သတည်း။ ဒေါ်နယ်တို့ နတ်ကြီးပုံ အံ့ဘွယ်သူရဲရှိပေစွ။

သုံးပွင့်တစ်ခိုင်ဇာတ်လမ်းက သည်မှာစသည်။ စပ်မိ၍ပြောရလျှင် သူရို့ရွေးကောက်ပွဲကလည်း ဆန်းလှချေ၏။ သမ္မတလောင်းတွေစင်ပေါ်တင်၊ ရုပ်တွေပြ၊ စကားတွေစစ်ထိုးကြသည့်တိုင် တစ်ကယ့်တစ်ကယ် သူတို့ကို (လူကို) တိုက်ရိုက်ရွေးကြသည်မဟုတ်။ အနိုင်အရှုံးအလိုက် (သူတို့ကိုသမ္မတအဖြစ်မဲပေးမည့်) ကိုယ်စားလှယ် ဦးရေခွဲတန်းချပေးခြင်းသာဖြစ်၏။ ဟိုသတ္တဝါပြပြီး ဟိုဟာတောင်းခြင်းနှင့် ဆင်ဆင်တူခြိမ့်မည်။ အခြေခံဒေသ (Primaries) တွေမှာ ရှိသမျှကိုယ်စားလှယ်ဦးရေကို တစ်ချို့ဒေသတွေမှာ နိုင်သူအကုန်ယူ၊ တစ်ချို့နေရာမှာ အချိုးကျ (ဖက်ဒရယ်ပြည်ထောင်စုမို့ ဒေသဆိုင်ရာဥပဒေတွေက အမျိုးမျိုးအပြားပြားရှိနိုင်သည်။ အရေးကြီး သည်က လိုက်နာဘို့ဖြစ်၏။ ဤကားစကားချပ်)။ သတ်မှတ်ကိုယ်စားလှယ်ဦးရေ အရင်ဆုံးပြည့်မီသူသည် ပါတီ၏ သမ္မတလောင်း (ဝါ) မင်းလောင်းဖြစ်၏တည်း။ ဖိုးသူတော်ဆန်ခံသည့်နှယ် မြန်မြန်နှင့် များများရဘို့ အရေးတွင်မှ ဒေါ်နယ့်လို မျက်စေ့လည်လေ ဆန်များများရလေ အဖြစ်မျိုးကလည်း ကြုံတောင့်ကြုံခဲရှိ၏။ ခုဆို သတ်မှတ် ကိုယ်စားလှယ် ၁၂၃၇ ဦးအနက် ၇၃၆ ဦးကို ရထားပြီး ရှေ့ဆုံးကအပြေးသမားဖြစ်နေပြီ။ နောက်ထပ် ၅၀၁ ဦး ကိုလည်း ကျန်နေရာလွတ် ၉၄၃ ဦးထဲမှထပ်ရနိုင်သည့် အခွင့်အလမ်းကောင်းတွေရှိနေသည်။ သို့သော် ပွဲကကျပ်လာပြီ။ သူ့နောက်မှာ ဆီးနိတ်တာ (ဟောင်း) တဒ်က (ကိုယ်စားလှယ် ၃၀၀ နီးပါး ဖြတ်ချထား သည့်တိုင်) ထက်ချပ်မကွာလိုက်လာသည်။ တဒ်ကို ဂျီအိုပီက မကြိုက်လှသည့်တိုင် ဒေါ်နယ့်အပေါ်မှာ ထက်တော့ မေတ္တာထားသည်။ ကိုယ်စားလှယ် ၁၄၃ ယောက်လောက်နှင့် ဇွတ်ဆွဲကြီးတရပေ လုပ်နေသော ဂဗ္ဗန္နာ ဂျွန် ကတော့ ဖျက်မြင်းသာသာ။ သို့သော် ဒင်းကိုလည်းမျက်ခြေပြတ်၍မရ။ ဂျွန်သည် ဂျီအိုပီ၏ မွေးစားသား၊ နောက်ဆုံးခံတပ်၊ ငါးမရလျှင် ရေချိုးရုံမကရေပါခပ်ပြီးပြန်မည့်သူ။ ဒေါ်နယ်တို့ ဒူးမနှန့်သာအောင် သည်လိုအကွက်ဆန်းကလေးတွေက ရှိသေးသည်။

ပြောသာပြောရသည် ဒေါ်နယ်ကလည်းဒေါ်နယ်ပင်။ “ဟေ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အရွေးခံတာကွ” ဟု သူများ ပိုက်ဆံ (ရန်ပုံငွေ) နှင့် ဝင်အရွေးခံသူတွေ မခံချည့်မခံသာဖြစ်အောင်ပြောသည် (စစ်တမ်းအရတော့ သူ့မှာလည်း ရံပုံငွေတွေရှိနေသည်ဟု ဆိုကြ၏)။ “ကျုပ်က သူဌေးဗျ” ဟုလည်းမကြာမကြာဝါလေ့ရှိသည်။ သွားလေရာ ကိုယ်ပိုင်လေယာဉ်ကြီး တကားကားနှင့် ကိုယ့်ပစ္စည်းနှင့်ကိုယ် လူအမြင်ကပ်စရာတွေ လုပ်ပြသည်။ သူချမ်းသာ မှန်ပါရဲ့ အဲဒါတွေက သူလုပ်တာထက် အမွေရတာတွေ ခပ်များများပါ။ သူ့လုပ်ငန်းတွေ ဘယ်လောက်အောင်မြင် သလဲဆိုတာ ထရန့်လေကြောင်းလိုင်း ထရန့်တက္ကသိုလ် ထရန့်ဗေါ်ဒဂါ ထရန့်အသားကြော် ထရန့်မဂ္ဂဇင်းတွေ ဘာဖြစ်သွားသလဲကြည့်လိုက်၊ ဒီလူဟာ အကြံအဖန် လူညာလူကြွား မရိုးသားတဲ့သူ သူ့စီးပွားရေးအစီအမံတွေ ကိုသာ လက္ခံလိုက်ရင် အမေရိကန်ပါ စီးပွားပျက်ကပ်ဆိုက်သွားမယ်ဟု ၂၀၁၂ ရွေးကောက်ပွဲတွင် ဒီမိုကရက်ကို ရှုံးခဲ့သော ဂျီအိုပီသမ္မတလောင်း မစ်ရွန်နီကပြော၏။ သူသည် ၂၀၁၂ မဲဆွယ်စဉ်က ဒေါ်နယ်၏ ဟော်တယ်တွင် တည်း ဒေါ်နယ်၏အားပေးခြင်းကို ခံယူကာ ‘အမေရိကန်တွေကို အလုပ်အကိုင်အခွင့်အလန်းတွေ ဖွင့်ပေးမယ့် အာဂစီးပွားရေးသမား’ ဟု ဒေါ်နယ်အား လူသိရှင်ကြား ချီးမွမ်းခဲ့သူဖြစ်၏။ “အလကားအရှုံးသမားပါ သူညံ့လို့ အိုဘာမ နိုင်သွားတာ၊ အဲသည်တုံးကတော့ ကျုပ် ဒူးထောက်ခိုင်းရင်ထောက်မဲ့လူဗျ” ဟု ဒေါ်နယ်က ဖွင့်ချသည်။ ကိုရွှေမင်းလောင်းတို့များ တတ်လည်းတတ်နိုင်ကြပါပေ့။

ခုတော့ (သွားလေသူဆရာမောင်သာရ၏ စကား လေးစားစွာ ငှားသုံးရသော်) တံငါသည်ရေနစ်ပြီ။ ကွင်းထဲကို ကစားသမားဟောင်းတွေရော ပရိဿတ်တွေပါဆင်းလာကြပြီ။ မည်သူကမည်သူ့ကို မည်သို့လှုံ့ဆော်သည်မသိ ဒေါ်နယ်သွားလေရာ ကန့်ကွက်ဆန္ဒဖေါ်ထုတ်ပွဲတွေဖြစ်လာ၏။ သူ့လူတွေနှင့် ထိုးကြကြိတ်ကြသည်အထိ ပွဲက ကြမ်းလာသောအခါ စိတ်ချဉ်ပေါက်တတ်သော ဒေါ်နယ်ကလည်း “လုပ်သာလုပ် ဖြစ်ရင် ကျုပ်ရှင်းမယ်” ဟု စွတ်တင်လိုက်ပြန်၏။ ဆရာကောင်းတပည့် ပန်းကောင်းပန်သူ မန်နေဂျာက သတင်းယူဘို့ အနားကပ်လာသော သတင်းထောက်မလေးတစ်ဦးကို ကြမ်းတမ်းစွာဖယ်ရှားသည့်အခါ လက်ရောက်မှုဖြင့် တရားစွဲခံရလေသည် (သူ့ကိုအလုပ်မဖြုတ်နိုင်ဘူး သူလုပ်တာမှန်တယ် ကလေးမလေးကိုင်လာတဲ့ဘောပင်ဟာ ဗုံးဖြစ်မနေဘူးလို့ ဘယ်သူပြောနိုင်မှာလဲဟု ဒေါ်နယ်ကရပ်တည်ခဲ့၏)။ သည်ကြားထဲ ဒေါ်နယ်နှင့်ညား၍မိဖုရားဖြစ်တော့မည့် ဇနီးသည် (တတိယမြောက်) ဆလိုဗေးနီးယားသူ မီလန်နာ မိုဒယ်ဘဝက မဂ္ဂဇင်းထဲပါခဲ့ဘူးသည့် ဝတ်လစ်စလစ် ပုံတစ်ပုံ အွန်လိုင်းပေါ်တက်လာရာ ဒေါ်နယ်က တဒ်လက်ချက်ဟုပြောပြောဆိုဆို တဒ်ကတော် ဟေဒီ ၏ မလှမပဓါတ်ပုံတစ်ပုံကို သူ့မီလန်နာပုံလှလှလေးနှင့်ယှဉ်ကာ တင်ပြလိုက်သည်။ ညောင်မြစ်တူးလျှင် ပုတ်သင်ဥ ပေါ်စေရမည်ဟုလည်းရေးလိုက်သေးသည်။ မိန်းမတွေကို မဆီမဆိုင်ပြိုင်ပွဲထဲဆွဲခေါ်ခြင်းမှာ သူရဲဘောကြောင်ဘိခြင်းဟု တဒ်က ယမ်းပုံမီးကျတော့၏။ ဒေါ်နယ်ဆန့်ကျင်ရေးအထူးရံပုံငွေအဖွဲ့အစည်း (Super PACs) တစ်ခုက ထိုကိစ္စမှာသူတို့လက်ချက်ဖြစ်ပြီး တဒ်နှင့်မဆိုင်ဟုရှင်းလင်းသည့်တိုင် ဒေါ်နယ်ကလက်မခံ။ ဆိုင်သည် ဒါတွေအားလုံး မစ်ရွန်နီ ကြိုးဆွဲနေသည်ဟုပြောသည်။ မကြာမီ စာစောင်တစ်ခုမှာ တဒ်နှင့်မိန်းမ ငါးယောက် အရှုပ်တော်ပုံကိစ္စ ပါတီကစုံစမ်းမည့်သတင်း ပါလာသည်။ ထိုသတင်းမှာလံကြုတ်သာဖြစ်ပြီး ဒေါ်နယ်၏ အဓိက အကြံပေးတစ်ဦး၏ ရိုက်ချက်ဟု တဒ်ကဆိုသည်။ မြွေမြွေခြင်းခြေစွမ်းပြကြပြီ။ သည်ပွဲမှာ တဒ်ကခြေပိုပေါ်ပုံ ရ၏။ ကောက်ယူနေကျ စစ်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် တဒ်အောက်သို့ဒေါ်နယ်ရောက်သွားလေသည်။

သည်ကြားထဲ ဒေါ်နယ် အိမ်စာမလုပ်မှန်းသိလာကြသော မီဒီယာတွေကလည်း ငါးရှဥ့်ထက်ဖမ်းရခက်သော သူ့ကို ညှပ်ပူးညှပ်ပိတ်လုပ်လာကြ၏။ မနေ့ကတွေ့တဲ့ဒေါ်နယ်နဲ့ သည်နေ့တွေ့တဲ့ဒေါ်နယ် မတူပါဘူးကွယ်ဟု သက်သေ ပြကြသည်။ အစ္စရေးနဲ့ လက်တွဲဖြုတ်၊ ဆီးရီးယားက အာဆဒ်ကို ဆင်းခိုင်းမယ့်အတူတူ ဒင်းကို အိုက်ဆစ်က ဝင်တိုက်တာ ကြည့်နေလိုက်ပါလား။ ဂျပန်ကိုနျူကလီးယားလက်နက်ပေးထုတ်ပြီး မြောက်ကိုရီးယားကိစ္စ သူ့ ဘာသာသူ ရှင်းခိုင်းလိုက်။ နေတိုး (မြောက်အတ္တလန္တိတ်စာချုပ်) ဟာ အသုံးမဝင်တော့ဘူး၊ ဂျီနီဗာကွန်ဗင်းရှင်း ဆိုတာ အပိုအလုပ်တွေ စသည်စသည်ဖြင့် ဒေါ်နယ်၏ လျှမ်းလျှမ်းတောက်အပြောတွေကို လိုတိုရှင်း အမေး အဖြေ တို့ဖြင့် မှတ်တမ်းတင်ကာ လွှင့်ထုတ်ကြသည်။ စာမကျေသည့်ဒေါ်နယ်တစ်ယောက် နောက်ဆက်တွဲ ပြင်ဆင်ချက်တွေ ထုတ်ရဖန်များသည်နှင့်အမျှ ခုတစ်မျိုး တော်ကြာတစ်မျိုး ဒေါ်နယ်ကို လူဆိုးဘဝသို့ ရောက်ရ လေတော့သတည်း။ ရိပ်စားမိသူတို့က ဒေါ်နယ်တို့ မိုင်း (ဗုံး) နင်းမိသည်ဟု ဆိုကြသည်။

ဒေါ်နယ်ကို ဒုက္ခိတဘဝသို့ပို့ဆောင်မည့် မိုင်းတွေအနက် မနေ့တစ်နေ့က မိုင်းမှာ ပွဲသိမ်းမိုင်းဟုဆိုလောက်သည်။ ဥပဋ္ဌာနပစ္စယာဘဝေါ မေထုန်ကာမကို အာဟာရပမာ လွပ်လပ်စွာစွဲလမ်း သုံးဆောင်ကြကုန်သော ထိုရပ်ဝန်း၌ ဘဝပစ္စယာဇာတိ ဖြစ်လာသည့် ပဋိသန္ဓေကိစ္စ ရှင်သန်ခွင့်နှင့် ရွေးချယ်ခွင့် အငြင်းပွားမှုတွေက အတောမသတ်။ တည်ဆဲဥပဒေက ရွေးချယ်ခွင့်ပေးထားပြီး ဖြစ်သည့်တိုင် ရီပါဘလီကင်တို့က ရှင်သန်ခွင့်ကိုတစ်စိုက်မတ်မတ် ကိုင်စွဲကြဆဲ။ တစ်နည်း ရီပါဘလီကင်မှန်လျှင် ရှင်သန်ခွင့်ကိုယုံရမည်။ ပဋိသန္ဓေဖျက်ချခြင်းကို အပြစ်ဟု မှတ်ယူစေရမည်။ သို့သော် မည်သူ့ကို အပြစ်ပေးမည်နည်း။ “မိန်းမတွေကို အပြစ်ပေးရမယ် ဒါသူတို့ကိစ္စ” ဟု ဒေါ်နယ်က (အချိန်ပေးသမျှ စက္ကန့်ပိုင်းအတွင်း) တွေးတွေးဆဆဖြေ၏။ သည်မိုင်းပေါက်ကွဲမှုက အိမ်ဖြူတော်သို့ ချီတက်မည့်ဒေါ်နယ်ကို ကြီးစွာ ချိနဲ့စေခဲ့၏။ ဒီလိုလူမျိုးကို အိမ်ဖြူတော်အရိပ်တောင် မနင်းစေသင့်ဘူး ဟု ပြိုင်ဘက်ပါတီ၏ နိုင်ငံရေးအမြတ်ထုတ်ခြင်းခံသည်။ မျိုးမစစ်တဲ့ ရီပါဘလီကင်ဟု ပါတီတူပြေးဖော်ပြေးဖက် သမ္မတလောင်း၏ ကောင်းချီးပေးခြင်းခံရသည်။ အဆိုးဆုံးက ရာခိုင်နှုံး ၅၀ ကျော် ၆၀ နီးပါး အမျိုးသမီး မဲဆန္ဒရှင်တို့၏ အသည်းကြားက မဲတစ်ပြားနှင့် ဝေးရမည့်ကိန်းဆိုက်သွားသည်။ သည်ပုံဆို အောင်ဖျာလိပ်သွားရ နိုင်သည်။ အမျိုးသမီးထုမဲဆန္ဒအများစုကို ရအောင်မစွမ်းဆောင်နိုင်ခြင်းမှာ ပြီးခဲ့သောရွေးကောက်ပွဲ၌ ကျွန်ုပ်တို့ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းဖြစ်တော့သည်ဟု ပါတီက သုံးသပ်ဝန်ခံထားသည်မဟုတ်ပါလား။ သို့သော် ဒေါ်နယ့်ကို ထိုအရာတို့ထက်ပို၍ နာကျင်စေသည်က တဒ် ၏ လက်ပမ်းပေါက်ခတ်သံပင်ဖြစ်သတည်း။ ‘ဒီလူ တစ်ခြားမိန်းမတွေကိုရော ကျုပ်မိန်းမကိုပါ စော်ကားမော်ကားပြောထားပေမယ့် ကျုပ်ကဗွေမယူပါဘူး။ ဒါတွေကို ကျုပ်မေ့ထားလိုက်ပြီ။ ခုချိန်မှာ ကျုပ်အာရုံစိုက်နေတာက လက်ရှိအစိုးရနှိပ်စက်သမျှ ကျောစင်းခံနေကြရတဲ့ အမေရိကန်ပြည်သူတွေနဲ့တစ်ကွ သူတို့ကျုပ်တို့သားသမီးတွေအားလုံးရဲ့ဘဝ ပြန်လည်မြင့်မားလာရေးကိုပဲ။ မလိုပါဘူး။ ဒေါ်နယ်ကျုပ်ကို တောင်းပန်စရာမလိုပါဘူး။ တစ်ကယ်တန်းကျုပ်ကို တောင်းပန်သင့်တဲ့ သူတွေက သည်တိုင်းပြည်ကြီးကို အဘက်ဘက်က ယိုယွင်းသွားအောင်လုပ်ခဲ့ကြတဲ့ အိုဘာမ (လက်ရှိသမ္မတ) နဲ့ ဟီလာရီ (တစ်ဘက် သမ္မတလောင်း) ခင်ဗျ’ (လက်ခုပ်သံများ)။

“ဒီအပတ် (သည်တစ်ပတ်) မစားသာပါလား” ဟူသော ဒေါ်နယ်၏ ညည်းတွားသံကို ကြားသူတို့ ကြားလိုက်ကြ ရသည် ဟူသတတ်။

ကိုးကား။ 2016 GOP Election News