ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သစ်ထူးဆက် ● ကြွေး

သစ်ထူးဆက် ● ကြွေး
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

မနက်ဖြန်ဆိုလျှင် အဖေဆုံးတာ တနှစ်ပြည့်သည့်အတွက် ဘုန်းကြီးငါးပါးဆွမ်းကပ်လှူဒါန်းရန် အိမ်မှာ ချက်ပြုတ်ပြင်ဆင်နေကြ သည်။ အသီးအရွက်နှင့် သားငါးများ ဆေးကြောသူကဆေး၊ ကြက်သွန်နွှာသူက နွှာ၊ ငရုပ်သီးထောင်းသူကထောင်းနှင့် အ မျိုးသမီးတသိုက် အလုပ်ရှုပ်နေကြသည်။ ကျွန်တော်ကတော့ ဟိုဟာဝင်လုပ်ရနိုးနိုး ဒီဟာဝင်လုပ်ရနိုးနိုးဖြစ်နေသည်။ အမှန်က ဘာမှလည်း ကျွန်တော်မလုပ်တတ်ပါ။ ထိုသို့ယောင်ပေပေဖြစ်နေချိန်တွင် သူငယ်ချင်းကရောက်လာသည်။

ဟာ ဒေါ်ကြီး ... ဒီမှာ လာဝိုင်းလုပ်နေတာလား ....

အိမ်ထဲဝင်လာသည့်သူငယ်ချင်းက ခပ်ဝဝအမျိုးသမီးကြီးတယောက်ကို လှမ်းပြောလိုက်ခြင်းဖြစ်သည်။

ဟုတ်တယ်သားရေ။ ဒါ အဒေါ်တို့သူငယ်ချင်းလေ။ ဥပုသ်စောင့်ဖော် စောင့်ဖက်တွေပေါ့။ အဒေါ်ကလည်း အချက်အပြုတ် က နဂိုတည်းက ဝါသနာခပ်ပါပါဆိုတော့ အစ်မကို လာကူချက်ပေးတာ ...

အမျိုးသမီးကြီးက အမေ့ဘက်ကို မေးထိုးပြရင်း ပြန်ပြောသည်။ ဟိုယောင်ဒီယောင်ဖြစ်နေသည့် ကျွန်တော်ကလည်း သူ ငယ်ချင်းလာတာနှင့် အတော်ပဲဖြစ်သွားကာ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်ထွက်ခဲ့သည်။
********

လက်ဖက်ရည်ဆိုင်ရောက်တော့ သူငယ်ချင်းက တရပ်ကွက်တည်း တလမ်းတည်း အိမ်ချင်းမျက်နှာချင်းဆိုင်နေကြသူများ  ဖြစ်ပြီး အမျိုးသမီးကြီး၏အမည်မှာ ဒေါ်မြဖြစ်ကြောင်းပြောပြသည်။ ဒေါ်မြမှာ သားနှစ်ယောက်၊ သမီးတယောက်ရှိသည်။ သမီးလေးက သျှောင်နောက် ဆံထုးံပါ လင်သားရှိရာ တပြည်တရွာဆီမှာ ဖြစ်သည်။ သားနှစ်ယောက်ကတော့ ရပ်ကွက် အ ချစ်တော် ယမကာတောမှာ ပျော်ဝင်တဲ့ ယမကာလုလင်များ။ ရပ်ကျော် ရွာကျော် အောကျော့လန်ညီအစ်ကိုနှစ်ယောက်က တော့ ပေတေ မူးရှူးနေတာက များသည်။ ဘယ်သူတွေ ဘယ်လောက်မေတ္တာပျက်ပျက် သားနှစ်ယောက်အပေါ် ဒေါ်မြ မေ တ္တာမပျက်။ ဒေါ်မြအမျိုးသားကြီးကလည်း တနေကုန်နေလို့မှ စကားကိုတခွန်းစ နှစ်ခွန်းစထက် ပိုပြောတတ်သူမဟုတ်။ အေးဆေးသောဖခင်နှင့် အချစ်ပိုလွန်းသည့်မိခင်တို့ကြား သားနှစ်ယောက်မှာ မိုက်လုံးထွားပြီးရင်း ထွားလာကြသည်။

အရက်သမားတို့၏ထုးံစံအတိုင်း တယောက်ကစကားများရန်ဖြစ်ရာမှ ဓားထိုးခံရသည်။ နောက်တယောက်ကတော့ အရက် က နိုင်သွားရာမှပိန်ချုံးချည့်နဲ့လာကာ နောက်သုံးနှစ်ခန့်အကြာတွင် သူ့ညီနောက်လိုက်သွားတော့သည်။ သားဆိုးသားမိုက် နှစ်ယောက်က မိဘနှစ်ပါးထက် အရင်သွားနှင့်ခြင်းအတွက် ဒေါ်မြမှာ မျက်ရည်တဖြိုင်ဖြိုင်။ အခုတော့ အောက်ထပ်လေးငှားရသည့်အိမ်ငှားခလေးနဲ့ သမီးလေးထောက်ပံ့သမျှ နှစ်ခုပေါင်းပြီး ချွေချွေတာတာနေရကြောင်း သူငယ်ချင်းက ခရေစေ့တွင်း ကျ ပြောပြသည်။ ဒေါ်မြသည် တနေကုန်ချက်ရင်းပြုတ်ရင်း သွားလေသူသားတော်မောင်တွေအကြောင်း အမေနှင့် အခြား သူများကိုပြောပြနေသံ ကျွန်တော်ကြားရသည်။

အံ့သြစရာကောင်းတာက သူ့သားတော်မောင်နှစ်ယောက်အကြောင်းသည် လက်ဖက်ရည်ဆိုင်မှာတုန်းက သူငယ်ချင်းပြော ပြတာတွေနှင့် တခြားစီဖြစ်နေသည်။ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ကြားခဲ့ရသည်က အမေ့အပေါ်မထောက် ထားမညှာ တာသော ယစ်ထုပ်သားနှစ်ယောက်အကြောင်းဖြစ်သည်။ အခုဒေါ်မြပြောပြနေသည်က သားလိမ်မာနှစ်ယောက်၏ မိဘ အပေါ်သိတတ်သည့်ဇာတ်ထုတ်။ တခုခုလွဲမှားနေသည်ကို ကျွန်တော်သိနေသော်လည်း ဒေါ်မြသိအောင်ပြောပြဖို့ ကျွန် တော်စိတ်မကူးပါ။ သွားလေသူ သားတော်မောင်နှစ်ယောက်အပေါ် အပြစ်တင်သည့်စကား ဒေါ်မြတခွန်းမှမပြောခဲ့တာ ကျွန်တော်သတိထားမိသည်။ ဒေါ်မြသည်သားနှစ်ယောက်အတွက်ဂုဏ်မတက်ခဲ့ရသော်လည်း သားနှစ်ယောက်အပေါ်အ ခြားလူများက ဂုဏ်သိက္ခာကင်းမဲ့သည့်မှတ်ချက်များပေးလာမည်ကို ကြားချင်ဟန်မတူပါ။

ထို့ကြောင့် ဒေါ်မြတွင်မူကွဲနှစ်မျိုးနှင့် ပုံပြင်တပုဒ်ရှိနေခြင်းဖြစ်သည်။ အများအားဖြင့် ဒေါ်မြပြောဖြစ်သည့်ပုံပြင်က သွားလေ သူတွေအတွက် အနေမခက်စေသည့်ပုံပြင်ပဲဖြစ်သည်။ နောက်ထပ်လည်း ထိုပုံပြင်တခုတည်းကိုသာ အထပ်ထပ်အခါခါဒေါ်မြပြောဖြစ်နေဦးမှာ ကျွန်တော်မှန်းဆ၍ရပါသည်။
*******

တနေကုန် ချက်ဖို့ ပြုတ်ဖို့ပြင်ဆင်နေရသည်မို့ အမေအပါအဝင်တအိမ်သားလုးံမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေပြီ။ အိမ်မှာညအိပ်သော ဒေါ်မြဆီမှ ဟောက်သံကို ကျွန်တော်ကြားနေရသည်။ ညဉ့်နက်သန်းခေါင်တိုင် အိပ်မပျော်နိုင်သူက ကျွန်တော်တယောက်တည်း။ ဒေါ်မြသည် ယနေ့တိုင် သူ့သားမိုက်နှစ်ယောက်အကြောင်းကို တခုတ်တရပြောနေချိန် အ ဖေ့ပုံရိပ်တို့သည် ကျွန်တော့်အတွက် ဝိုးတဝါးဖြစ်နေသည်။

အမှန်အတိုင်းဝန်ခံရလျှင် လွန်ခဲ့သည့်ခြောက်လလောက်မှစ၍ အဖေ့အကြောင်း ကျွန်တော်သိပ်မတွေးဖြစ်တော့။ အဖေ့အ ကြောင်းလည်း ကျွန်တော်သိပ်မပြောဖြစ်တော့။ တကယ်တော့ အဖေကျွန်တော်တို့ဘဝထဲကထွက်ခွာသွားတာ မနက်ဖြန်မှ တနှစ်ပဲရှိသေးသည်။ အဖေသည် အရက်မသောက်သော်လည်း ဆေးလိပ်နှင့် လက်ဖက်ရည်ကို အရမ်းကြိုက်သည်။ ပထမလည်ပင်းတွင် အကျိတ်သေးသေးလေးဖြစ်လာသည်။ အမှုမဲ့ အမှတ်မဲ့နေရင်း အကျိတ်က ဘုကြီးသဖွယ် တဖြည်းဖြည်း ကြီးလာသည်။ တနေ့ကိုဆေးပေါ့လိပ် ဆယ်လိပ်လောက်သောက်လေ့ရှိသောအဖေသည် သူအလွန်နှစ်သက်သော ဆေး လိပ်ကိုဆက်သောက်၍မရတော့ပဲ ဖြတ်ပစ်လိုက်ရသည်။ သိပ်မကြာ အဖေအိပ်ယာထဲ လဲလေတော့သည်။ ဘယ်မှမသွား လာနိုင်တော့။ ဘာမှမစားနိုင်တော့ပေ။ ဆေးရုံကိုတက်ခွဲမည်လုပ်တော့ ပူပြင်းသောနေရောင်၏ဒဏ်ကြောင့် တက္ကစီပေါ် တွင် အဖေလူးလိမ့်နေရှာသည်။ ဆေးရုံရောက်တော့ သက်ဆိုင်ရာဆရာဝန်မရှိ၍ နောက်တပတ် ထပ်ချိန်းပြန်သည်။ ဆေးရုံ မှအပြန်တွင်လည်း အဖေ့မှာ မောဟိုက်နွမ်းနယ်နေသည်။ ဆေးရုံကလည်း လူကထူထူ ရာသီဥတုကလည်း ပူပူမို့ အဖေက ဆေးရုံမတက်ချင်တော့ပါဟု ဆိုလာသည်။ အဖေပင်ပန်းမှာကိုမကြည့်ရက်တော့သဖြင့် အဖေ့ကိုဆေးရုံမတင်ဖြစ်တော့။ လည်ပင်းမှအကျိတ်ကိုခွဲစိတ်ဖို့နေနေသာသာ စကားပင်ခပ်ဟဟမပြောနိုင်တော့လောက်အောင် အဖေသည် အားအရမ်း နည်းနေပြီဖြစ်၏။ အဖေ့ကို အိမ်မှာပဲထားပါသည်။

ဧပရယ် လကုန်ခါနီးညနေပိုင်းတရက်တွင်မူ အဖေသည် အမေနှင့် ကျွန်တော်တို့မောင်နှမ ငါးယောက်ကိုထားရစ်ခဲ့တော့ သည်။ ကျွန်တော်သည် အဖေဆုံးသွားသောနေရာလေးကိုကြည့်ရင်း မျက်ရည်လည်လာမိသည်။

ဒေါ်မြသည် သွားလေသူသားနှစ်ယောက်အတွက် ယနေ့အချိန်အထိ အမှတ်ရနေဆဲဖြစ်သည်။ ကျွန်တော်ကတော့ သွားလေ သူ အဖေ့ရဲ့ဂုဏ်သတင်း၊ သွားလေသူ အဖေ့ရဲ့ကျေးဇူး၊ သွားလေသူအဖေ့ရဲ့မေတ္တာတရားတွေကို မှတ်မှတ်ထင်ထင် ပုံ ဖော်နိုင်စွမ်းမရှိတော့ပေ။ မနက်ဖြန်သည် အဖေဆုံးတာ တနှစ်ပြည့်သောနေ့ဖြစ်သည်။

ထို့အတူ ကြွေးဟောင်းမကျေသော သားတယောက်အတွက် အဖေအနေရခက်စေခဲ့သော နေ့ရက်တရက်လည်းဖြစ်လေ သည်။ ။