ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇော်သစ် - ဗိုလ်ချုပ်အတု အလေးပြု (သရော်စာ)

ဇော်သစ် - ဗိုလ်ချုပ်အတု အလေးပြု (သရော်စာ)
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

ယနေ့မှစ နှစ်ပေါင်းနှစ်ဆယ်အကြာတွင် ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် နေရာတကာ ဝင်ပါလေ့ရှိသော ကိုပါကြီး အဲလေ ဟုတ် ပေါင် ကိုရွှေသစ်တစ်ယောက် မြန်မာ့မျက်မှောက်ရေးရာများအတွက် ရတက်မအေး စိတ်ဘဝင်လေးကာ နှလုံးရောဂါရ လေတော့၏။ ထိုနှလုံးရောဂါဖြင့်ပင် ကွယ်လွန်အနိစ္စရောက်လေ၏။

အစွဲဟူသည် ဖျောက်မရ။ ထိုအစွဲကို မူတည်၍ လူတို့သည်ဘဝအသစ်ကို ရကြ၏။ ဘဝဟောင်းက စုတေပြီး နှစ်တရာခန့်အ ကြာတွင် မြန်မာ့အရေး တစ်နေ့မှ မတွေးရလျှင် ရတက်မအေးသော ကိုရွှေသစ်သည် မြန်မာပြည်၌ပင် လူပြန်ဖြစ်၏။ (ကြား ထဲက နှစ်တစ်ရာအချိန်တွင် ကိုရွှေသစ် မည်သည့်ဘဝရောက်နေသည်ကို မည်သူမှမသိ။ တစ်ချို့ကလည်း ကိုရွှေသစ်တစ် ယောက် နတ်ပြည်ရောက်နေသည်။ သိကြားမင်းဖြစ်နေသည်ဟု ဆိုကြသည်။ နတ်ပြည်တွင်နတ်စည်းစိမ်ခံစားရင်း မြန်မာ ပြည်၏အရေးကိစ္စများအပေါ် စိတ်မဖြောင့်သဖြင့် လူအဖြစ်ပြန်ဝင်စားသည်ဟု ဆိုကြသည်။) လူဖြစ်ပြီး ဆယ်နှစ်ခန့်အကြာ မူလတန်းကျောင်းသားကလေး နယူးဗားရှင်းကိုရွှေသစ်သည် မြန်မာပြည်၏ အာဇာနည်ကုန်းသို့ အာဇာနည်နေ့ချီတက် အလေးပြုရန် သွားရ၏။

ထိုအချိန်တွင် အာဇာနည်ကုန်းသည် နှစ်ခုဖြစ်နေသည်။ တစ်ခုက အတု။ တစ်ခုက အစစ်ဖြစ်၏။ ထိုသို့အာဇာနည်ကုန်းနှစ်ခုဖြစ်နေသည်မှာလည်း တစ်နိုင်ငံလုံးအတွက်မဟုတ်။ နယူးဗားရှင်းကိုရွှေသစ် ပညာသင်ကြားနေသော ကျောင်းအတွက်သာ ဖြစ်သည်။ အာဇာနည်ကုန်း အစစ်သည် မြန်မာနိုင်ငံအား အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် သက်စွန့်ကြိုးပမ်းခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်ရွယ်ဆောက်လုပ်ထား၏။ ယနေ့ပုံစံအတိုင်းပင်။ အာဇာနည်နေ့တွင် ထိုအာဇာ နည်ကုန်းအစစ်သို့ တစ်တိုင်းပြည်လုံးမှကျောင်းသား/ကျောင်းသူ လူငယ်လေးများ၊ ဝန်ထမ်းများ၊ စစ်သားများ၊ ပြည်သူအများ တို့သည် တက်ရောက်အလေးပြုကြ၏။

အများသူငါတို့အတွက် ထိုအာဇာနည်ကုန်းအစစ်တွင် အလေးပြုပြီးလျှင် အာဇာနည်နေ့အတွက် နိုင်ငံသားကောင်းတစ် ယောက်၏တာဝန် ပြီးမြောက်၏။ နယူးဗားရှင်း ကိုရွှေသစ်တို့၏ မူလတန်းကျောင်းကလေးအတွက်ကား မပြီး။ အာဇာနည် ကုန်းအတုသို့ပါ သွားရောက်အလေးပြုရ၏။ အဘယ်ကြာင့်မှန်းမသိ။ နှစ်စဉ်ကျောင်းအုပ်ဆရာကြီးသည် အာဇာနည်ကုန်း အစစ်၌ အလေးပြုသလို၊ ကျောင်းသားများ၊ ဆရာ/ဆရာမများကိုခေါ်ကာ အာဇာနည်ကုန်းအတုသို့လည်း သွားရောက်အလေး ပြုသည်။ အာဇာနည်ကုန်းအတုသည်ကား မည်သူတို့အတွက် မည်သည့်ရည်ရွယ်ချက်ဖြင့် အဘယ်မည်သော အကြောင်း ကြောင့် တည်ဆောက်အလေးပြုနေရမှန်း နယူးဗားရှင်းကိုရွှေသစ် မသိ။ ဆရာ/ဆရာမများကလည်း ရေလည်အောင် ရှင်းမပြနိုင်ကြပေ။

နယူးဗားရှင်းကိုရွှေသစ်သည် အာဇာနည်ကုန်းအစစ်တွင် အလေးပြုသည်။ "ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင်ကြီးများ အားအလေးပြု"ဟု ကျောင်းအုပ်ဆရာကြီးက အော်လိုက်သည်နှင့် ကိုရွှေသစ်တို့ ကျောင်းသားတစ်သိုက် ညီတူညာတူ ဦခေါင်းကိုညွှတ် ခါးကိုကိုင်းလိုက်ကြ၏။

အာဇာနည်ကုန်းတွင်တပ်ဆင်ထားသော အသံချဲ့စကများမှတစ်ဆင့် ရှေးခေတ်အမျိုးသမီးအဆိုတော် တစ်ဦး၏ဆွေးမြေ့ဖွယ် အသံလှိုင်းများ ထွက်ပေါ်လာသည်။ တီးလုံးက ရှေးခေတ်ဈာပနတီးလုံးကို လေးလေးပင်ပင် တီးခတ်ထား၏။ နှဲကြီးသံကား ဆွဲဆွဲငင်ငင် ထွက်ပေါ်နေသည်။ ဆရာကြီး၏မျက်ဝန်းမှ မျက်ရည်များတသွင်သွင်စီးကျနေသည်။ ကြေကွဲဖွယ်စာသားများကား ဆက်လက်ထွက်ပေါ်နေသည်၏။

"မြစ်တွေကုန်လို့... ချောင်းတွကောခဲ့ရပြီ
မြစ်ဆုံကို အရောင်ပြ မြစ်လက်တက်များ စတေးခဲ့ရသည်
ကန်ရေတွေလည်း ကောခဲ့ရကာလတာရှည်
တောတွေပြောင်တာ မမြင်ဝံ့စရာပါအတည်
တောင်တွေပြုန်းလို့ မဟာအဝီဇိတွင်းနက်ကြီးတွေ ဖြစ်ပေါ်လာရသည်
ကျေးဇူးရှင်အိမ်နီးချင်းကောင်းက ထောင်းလမောင်းကြေအောင် လုပ်ရက်ပြန်ပေသည်
အတည် အတည် တရုတ်ပြည်တော့ ဒီတစ်သက်မကြေလေပြီ
ကမ္ဘာမကြေ မြန်မာပြေ
တရုတ်ကြီးက အရေခွံဆုတ်လို့ အငုတ်ကျန်ခဲ့ပေ
ကမ္ဘာမကြေ မြန်မာပြေ
သခင်မျိုးတို့ အဖြစ်ဆိုးလို့
သူခိုးတွေပေါသလေ..."

***    ***   ***

နယူးဗားရှင်းကိုရွှေသစ်တို့ မူလတန်းကျောင်းသားလေးများသည် ဆရာကြီးနှင့်တကွ ဆရာ/ဆရာမများဦးဆောင်၍ အာဇာ နည်ကုန်းအစစ်ရှိ အာဇာနည်အစစ်ကြီးများအား အလေးပြုပြီးနောက် အာဇာနည်ကုန်းအတုတွင်ရှိသည့် အာဇာနည်အ တုကြီးများအား အလေးပြုရန် အာဇာနည်ကုန်းအတုသို့ ချီတက်ခဲ့ကြ၏။

မိုးတွင်းအခါဖြစ်သဖြင့် လမ်းတစ်လျှောက်မိုးဖွဲကလေးများကား တသွင်သွင်ရွာသွန်းနေ၏။ ကျဆုံးလေပြီးသော အာဇာ နည်ကြီးများအတွက် ရွှေမိုးညိုသည်ပင် မျက်ရည်သွန်ဖြိုး၊ ဘဝင်ညှိုးနေဟန်တူသည်။ မဟာရန်ကုန်ရွှေမြို့တော်ကြီး၏ လမ်း တိုင်းလိုလိုတွင် ရေများက ခြေကျင်းဝတ်မြုပ်အောင် ရေများစီးဆင်းနေလေ၏။ ထိုရေစပ်စပ်တွင် နောက်ဆုံးပေါ် ရေစိမ်ခံ ကာပရိုက်တာနှင့်မောင်းသော ခေတ်မီကားများကား ကြပ်ခဲပိတ်ညှပ်လျှက်။ ဂုံးကျော်တံတားများဆောက်လုပ်ထားသော်လည်း ခေတ်အဆက်ဆက် သမိုင်းတွင်အောင် ခိုးခဲ့ကြသဖြင့် တံတားများကား အက်သည့်နေရာအက်၊ ပြိုသည့်နေရာပြို၊ လဲ သည့်နေရာကလဲနေသည်။

ထို့ကြောင့် ထိုခေတ်သစ်ဂုံးကျော်တံတားများပေါ်တွင် ဘယ်သူမှမမောင်းရဲပဲ အင်္ဂလိပ်လက်ထက်ကခင်းပေးခဲ့သည့် အ ကြမ်းခံရေစိမ်ခံ ကတ္တရာလမ်းများတွင်သာ ဒုံးပေကပ်သပ် လမ်းအကြပ်ခံ မောင်းနေကြရသည်။ ကားများမှာ များပြားလွန်း သဖြင့် ဘီးတစ်လိမ့်ရွေ့ဖို့အရေး မိနစ်ပိုင်းမျှကြာသည်။ ယခုလို အာဇာနည်နေ့ မိုးဖွဲဖွဲရေစပ်စပ် ရန်ကုန်ရွှေမြို့တော်ကြီး၏ လမ်းများထက်တွင် စက်သံညက်ညက်ဖြင့် ကားများတစ်လိမ့်ချင်း ရွေ့နေကြသည့်မြင်ကွင်းမှာ ပို၍ပင်ကြေကွဲလွမ်းတချင်စရာ ကောင်းတော့၏။

ထိုစဉ် ကားတစ်စီးသည် စိတ်မရှည်နိုင်စွာဖြင့် လမ်းအနဲငယ်ရှင်းသည့်ဘက်မှ သွားရန်ရည်ရွယ်၍ တစ်ခြားယာဉ်ကြောဘက်ကို ကားခေါင်းတည်လိုက်သည်။ သူခေါင်းတည်လိုက်သောယာဉ်ကြောမှာ အများသူငါလိုစောင့်ဆိုင်းနေသော ကားများက နေရာဖယ်မပေးကြ။ သူက ဇွတ်တိုးသည်။ လမ်းမထက်တွင် ကားဟွန်းသံများ ဆူညံသွားတော့၏။ ကျောင်းကားမောင်းသော ကားဒရိုင်ဘာကြီးက “ဟိုတစ်ခေတ်တုန်းက အာဇာနည်နေ့ကို ချီတက်အလေးပြုတာတွေ၊ ဥဩဆွဲတာတွေ မလုပ်ရဆိုတဲ့ အာဏာရှင်ခေတ်တစ်ခေတ် ရှိခဲ့ဖူးသတဲ့ဆရာကြီးရဲ့။ အဲဒီခေတ်တုန်းကဆို ပြည်သူတွေဟာ အာဇာနည်ကြီးတွေကို အခုခေတ်လို ဂါရဝပြုချင်ပေမယ့် ပြုခွင့်မရကြရှာဘူးပေါ့ဗျာ။ အဲဒီတော့ မနေနိုင်တဲ့ပြည်သူတွေက အခုလို ကားလမ်းမ တွေပေါ်မှာ အာဇာနည်နေ့ရောက်တိုင်း သူတို့ရဲ့ကားဟွန်းတွေကို ဆူညံစွာတီးကြတာပေါ့ဗျာ”ဟု သူ့ဘေးခုံမှာ ထိုင်လိုက် လာသော ဆရာကြီးအားပြောလိုက်သည်။

ကျောင်းအုပ်ဆရာကြီးသည် သမိုင်းဘာသာအဓိကဖြင့် ဘွဲ့ရထားသူဖြစ်သည်။ ပညာမဲ့ ဒရိုင်ဘာအဖိုးအို ပြောသော အ ကြောင်းကို မသိမရှိ။ အမှန်တော့ ဒရိုင်ဘာအဖိုးအိုသည်လည်း ကျောင်းအုပ်ကြီး သိခြင်း၊ မသိခြင်းထက် တလိမ့်ချင်း လိမ့် နေရသော လမ်းမထက် ကားမောင်းရင်း အပြင်းပြေ စကားစမြည်ပြောရန် ခေါင်းစဉ်ရှာလိုခြင်းပင် ဖြစ်ဟန်တူသည်။

ဆရာကြီးသည် နှစ်စဉ်အာဇာနည်ကုန်းအစစ်တွင် အလေးပြုအပြီး၊ ယခုလို အာဇာနည်ကုန်းအတုသို့ သွားရောက်တိုင်း အ ဘယ်ကြောင့်မှန်းမသိ။ စိတ်မကြည်မလင် ဖြစ်တတ်၏။ ဒေါသကြီးတတ်၏။ မှော်ဘီဘက်တွင်ရှိသည့် အာဇာနည်ကုန်းအတုသို့ ရောက်ရန် ငါးနာရီခန့်မောင်းရ၏။ ခရီးဝေးလို့မဟုတ်။ ယခုလိုပင် ကားများကြပ်ခြင်း၊ လမ်းများရေကျော်ခြင်းတို့ကြောင့် ခရီးမတွင်ခြင်းဖြစ်သည်။ ထိုသို့ သွားရောက်တိုင်း ဆရာကြီးသည် မျက်နှာကြီးကို တင်းထား၏။ မျက်မှောင်ကြီးကို ကျုံ့ ထား၏။ လက်နှစ်ဖက်ကို တင်းတင်းပိုက်ကာ လမ်းဘေးဝဲယာတိုက်အိုတိုက်ဟောင်းများကိုသာ ငေးကြည့်ရင်း မည်သူ့ ကိုမျှစကားမဆိုပဲ ဒရိုင်ဘာဘေးခုံမှနေ၍ တည်တည်ကြီးလိုက်တတ်၏။

ထိုအချိန်မျိုးတွင် ဆရာကြီး၏မျက်နှာအား ကားအတွင်းနောက်ကြည့်မှန်မှတစ်ဆင့် မြင့်လိုက်ရလျှင် ကြောက်စရာကောင်း သလို သနားလွမ်းဆွတ် ကြေကွဲစရာလည်းကောင်း၏။ မျက်နှာကြီးကို အမူအရာအားဖြင့် တည်တင်းထားသော်ငြား၊ လမ်း ဘေးရှုခင်းများကို ငေးကြည့်နေသော ဆရာကြီး၏မျက်ဝန်းများတွင် လွမ်းဆွတ်ခြင်း၊ ကြေကွဲခြင်း၊ ခံပြင်းနာကျည်းခြင်း အရိပ်အငွေ့များကို တွေ့မြင်ရမည်ဖြစ်သည်။

ဆရာကြီး၏အမူအရာနှင့်စိတ်ခံစားချက်များ ထိုကဲ့သို့ တမူထူးခြားစွာ ပြောင်းလဲနေပြီဆိုပါက ဆရာ/ဆရာမများအပါအဝင် မည်သူမှ စကားမဆိုရဲတော့။ ကျောင်းသား/ကျောင်းသူများလည်း အသံတိတ်ဆိတ် ပါးစပ်ပိတ်နေကြရ၏။ အစဉ်အဆက်ကျောင်းကားမောင်းသူများဆိုလျှင် အသံပင်မထွက်ပဲ ကိုယ့်ကားကိုယ်သာ အာရုံစိုက်မောင်းကြရသည်။ ကားကြပ်သဖြင့် တလိမ့်ချင်း လိမ့်နေရသော်ငြား ရန်ကုန်လမ်းများသည် ယာဉ်တိုက်မှုခဏခဏဖြစ်သည်။ ကားကိုမဆင်မခြင် အမြန်မောင်း သဖြင့် တိုက်မိခြင်းမဟုတ်။ ဖြေးဖြေးတလိမ့်ချင်းလိမ့်ရသောလမ်းမှာ လီဗာအပေးမတတ်သူများ၊ စိတ်မရှည်တတ်သော သကောင့်သားများက ရှေ့ကားနောက်မြီးကို ဝင်ဝင်စောင့်မိခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဆရာကြီးက ကားမောင်းရင်းစကားများတတ်သော ကျောင်းကားဒရိုင်ဘာများကိုလည်း မကြိုက်တတ်။ ယခုအဖိုး အိုသည် ဆရာကြီးရဲ့အထာကိုမသိ။ အလုပ်ဝင်လာသည်မှာ မကြာသေးပေ။ ထို့ကြောင့် ပထမတန်းသမိုင်းစာအုပ်ထဲတွင် ပါဝင်သည့် “ငိုသံဆိတ်သုဉ်းခဲ့သော အာဇာနည်နေ့”ဆိုသည့် ကလေးများပင်သိသော အကြောင်းအရာကို လူတတ်ကြီး လုပ်ကာ ကျောင်းအုပ်ဆရာကြီးတစ်ဦးအား စကားစရှာ ပြောကြားနေခြင်းပင် ဖြစ်သည်။

ဆရာကြီးသည် ဒရိုင်ဘာအဖိုးအို၏စကားကိုကြားသောအခါ လမ်းဘေးဝဲယာမြင်ကွင်းများကို တိတ်ဆိတ်စွာရှုငေးနေရာမှ အဖိုးအိုရှိရာဘက်သို့ ခေါင်းကိုဖြေးညှင်းစွာ လှည့်လိုက်သည်။ ထို့နောက် ဒရိုင်ဘာအဖိုးအိုအား ရှုတင်းတင်းဖြင့် စိုက်ကြည့် လျှက် အောက်ပါစကားတို့ကို ခပ်မာမာပြောလိုက်သည်။

“အဲဒီတုန်းက အာဇာနည်နေ့အကြောင်းကို ခင်ဗျားက အတိအကျသိနေရအောင် အဲဒီအချိန်က ခင်ဗျားမွေးပြီလား…”
***   ***   ***

မှော်ဘီသို့ရောက်ပြီ။ အထပ်မြင့်တိုက်များကား ပြားပန်းခပ်မျှ အဆီအရီ…။ ထိုအထပ်မြင့်တိုက်များအား လမ်းမများ၊ လမ်း သွယ်များဖြင့် ရှောင်ကွင်းလျှက် ကျောင်းကားကလေးသည် ခရီးနှင်နေ၏။ မိုးကား ခပ်စိပ်စိပ်ရွာနေရာမှ တဖြေးဖြေး ကျဲကျဲ သွား၏။

အတော်အတန်သွားမိသောအခါ မူလတန်းကျောင်းကားကလေးသည် တောင်ကုန်းမို့မို့လေးကို စတက်၏။ တောင်ကုန်းထိပ် တစ်ဧကခန့်အကျယ်ရှိ မြေကွက်လပ်တွင် ခြုံနွယ်ပိတ်ပေါင်းများ ဝန်းရံလျှက် ဆယ်ပေပတ်လည် အုပ်တိုက်ကလေးနှစ်လုံးသည် တည်ငြိမ်စွာတည်ရှိနေလေသည်။ ဆယ်နှစ်သားအရွယ် လေးတန်းကျောင်းသားကိုရွှေသစ်ကလေးသည် ထိုမြင်ကွင်းကို အလွတ်ရနေ၏။ အလွတ်မရမှနေရော့…။ ဤအာဇာနည်ကုန်းအတုသို့ နှစ်စဉ်လာရောက်အလေးပြုခဲ့ရသည်မှာ သူငယ်တန်း ကတည်းကဆိုတော့ ဒီနှစ်သည် ငါးကြိမ်မြောက် နှစ်ဖြစ်သည်။

ထိုဆယ်ပေပတ်လည် အုပ်တိုက်ကလေးတွေထဲတွင် ဗိုလ်ချုပ်အတု(၁)၊ ဗိုလ်ချုပ်အတု(၂)ဟု မွေးဖွား၊ သေဆုံးရက်စွဲများ နှင့်တကွ ကမ္ဗျည်းထိုးထားသော အုပ်ဂူဖြူဖြူလေးတစ်လုံးစီ ရှိသည်။ ထိုဗိုလ်ချုပ်အတုများ၏ အုတ်ဂူလေးများတည်ရှိရာ ဤကုန်းမြင့်သာယာကို ဤနယ်တစ်ဝှိက်က “အာဇာနည်ကုန်းအတု”ဟု ခေါ်တွင်ကြလေသည်။ အတည်မပြုနိုင်သော သ တင်းများအရ ဤကုန်းမြင့်သည်ပင် ဆရာကြီးတို့၏ မိသားစု အစဉ်အဆက်ပိုင်ဆိုင်သော ကုန်းမြင့်ဟု ဆိုကြပြန်သေးသည်။

ကုန်းမြင့်ထက်သို့ရောက်သောအခါ ဂူဗိမ္မာန်နှစ်လုံးနှင့်ခပ်လှမ်းလှမ်းမှာ ကျောင်းကားကလေးသည် ရပ်တန့်လိုက်လေသည်။ ထို့နောက် ကားပေါ်မှနေ၍ ဆရာကြီးက ဦးဆောင်ဆင်းပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက အစဉ်အတိုင်း စနစ်တကျတန်းစီလိုက်ကြရသည်။ ဗိုလ်ချုပ်အတုတစ်အား မြုပ်နှံသဂြိုလ်ထားရာ ပထမဂူဗိမ္မာန်ကို ခြုံနွယ်ပိတ်ပေါင်းများကိုတိုးလျှက် အရင်သွားကြရသည်။

နယူးဗားရှင်းကိုရွှေသစ်ကလေးသည် ဂူဗိမ္မာန်သို့လမ်းလျှောက်ရင်း အတွေးတို့ကား ရင်ထဲမှာ ဗလုံစီထနေသည်။ ဤပုဂ္ဂိုလ်နှစ်ဦးအား အဘယ်ကြောင့် ဗိုလ်ချုပ်အတုဟု သုံးနှုံးရသနည်း။ ဤကုန်းအားလည်း အဘယ်ကြောင့် အာဇာ နည်ကုန်းအတုဟု ခေါ်ဆိုရသနည်း။ အဘယ်ကြောင့်ဆရာကြီးသည် မိမိတို့အား ဤကုန်းသို့ နှစ်စဉ်လာ၍ ဤပုဂ္ဂိုလ်နှစ်ဦးအား အလေးပြုခိုင်းသနည်း။ အတွေးမေးခွန်းများက များလှသည်။ ကိုရွှေသစ်ကလေး၏ သဘောက အလေးမပြုထိုက်သူကို အလေးမပြုလို…။ အလေးပြုထိုက်သူကိုမှသာ ဦးညွှတ်အလေးပြုလိုသည်။ ဤဗိုလ်ချုပ်အတုများသည် အလေးပြုထိုက်ပါ ၏လော။ သိချင်လွန်းလှသည်။

အရင်နှစ်အရင်အခေါက်များကတော့ လူကလည်းငယ်။ အတွေးကလည်း မကြွယ်သေးတော့ မစဉ်းမစား အလေးပြုခဲ့သည်။ ဒီနှစ်တော့မရတော့။ မိမိ၏အမွန်မြတ်ဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည့်ဦးခေါင်းအား နှိမ့်ချညွှတ်တွား၍ အ လေးပြုရ မည့်ပုဂ္ဂိုလ်မှာ အလေးပြုထိုက်သောဂုဏ်နှင့် ပြည့်စုံမှုရှိမရှိ သိလိုလှသည်။ နိုင်ငံတော်က မကြာသေးခင်က ပြဌာန်းခဲ့ သည့် လက်အောက်ငယ်သားများ၏အခွင့်အရေးဥပဒေ၌လည်း ထိုအချက်ကို ထည့်သွင်းပြဌာန်းထားသည်။ မြန်မာနိုင်ငံတွင် အရိုအသေအပေးခံချင်သူ၊ ဂါရဝအပြုခံချင်သူ၊ အကိုးကွယ်ခံချင်သူ၊ အလေးပြုခံချင်သူများ တစ်နေ့တစ်ခြား များပြားလာ သည်။ ကိုယ့်တွင် ရိုသေထိုက်၊ လေးစားထိုက်၊ ဂါရဝပြုထိုက်၊ အလေးပြုထိုက်သော အရည်အချင်းရှိမရှိကို မဆန်းစစ်။ အသက်အားဖြင့်၊ ဝါအားဖြင့်၊ ဂုဏ်အားဖြင့် ကိုယ့်ထက်ငယ်သောလက်အောက်ငယ်သားများအား ငရဲနှင့်ခြောက်၍လည်း ကောင်း၊ ငွေနှင့်ခြောက်၍လည်းကောင်း၊ အာဏာနှင့်ခြောက်၍လည်းကောင်း ဇွတ်အတင်း အရိုအသေပြုခိုင်းသူများ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာသည်။

ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတော သမ္မတကြီးက လွှတ်တော်သို့သဝဏ်လွှာပေးပို့၍ လက်အောက်ငယ်သားများ၏ ဂုဏ ဝုတ္တိ၊ ဝရဝုတ္တိအခွင့်အရေးဆိုင်ရာဥပဒေကို အရေးတကြီးပြဌာန်းလိုက်ရခြင်း ဖြစ်သည်။ ကိုရွှေသစ်ကလေးသည် အတိတ်ဘဝကအတိုင်းပင် နိုင်ငံရေးနှင့်ဥပဒေရေးရာများကို စိတ်ဝင်စားသည်။ ထို့ကြောင့် ထိုဥပဒေထွက်ထွက်ချင်းပင် ဦးလေးဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ကြီးထံမှ ငှားရမ်းကာ လေ့လာထား၏။ ကိုယ့်ဂုဏ်၊ ကိုယ့်သီလ၊ ကိုယ့်စရဏနှင့်မ လိုက်အောင် အလွန်အကျူး အလေးဂါရဝပြုခံချင်သူများ ဂိန်ကြတော့မည့် ဥပဒေဖြစ်သည်။

အဆိုပါဥပဒေ အခန်း (၃)၊ အပိုဒ် (၅၂)၊ အပိုဒ်ခွဲ (ဋ)တွင် ရေးသားထားသည့် “မိမိအရိုအသေပေးရမည့်ပုဂ္ဂိုလ်၏ အရည်အ ချင်း၊ အကျင့်သီလနှင့်စိတ်နေသဘာဝများအား အရိုသေးပေးမည့်ပုဂ္ဂိုလ်မှ အချိန်မရွေး စုံစမ်းစစ်ဆေးခွင့်ရှိသည်”ဆိုသော စာသားအရ ယနေ့တော့ ဗိုလ်ချုပ်အတုများအကြောင်းကို သိရမှဖြစ်မည်ဟု နယူးဗားရှင်းကိုရွှေသစ်ကလေးက ဆုံးဖြတ် ထားသည်။

***   ***   ***

ဆရာကြီးသည် ဂူဗိမ္မာန်အားကျောပေးလျှက် တည်ငြိမ်ဆွေးမြေ့ကြေကွဲသော မျက်နှာဖြင့် ရပ်နေ၏။ ၎င်း၏ဦးခေါင်းထက်၌ ခြုံနွယ်ပိတ်ပေါင်းများအကြားမှ ပေါ်ထွက်လာသော ဖြုကောင်ကလေးများသည် ဝိုင်းရံပျံသန်းနေကြ၏။ ဆရာကြီး၏ ခံပြင်းနာကျည်းမှုနှင့်နာကျင်ဝမ်းနဲနေသောမျက်နှာပေါ်တွင် ယင်မကြီးတစ်ကောင်သည် အလိုက်ကန်းဆိုးမသိစွာ လျှောက်သွား နေ၏။ “ဆရာကြီး မယားဘူးလားမသိ”ဟု ကိုရွှေသစ်ကလေးက တွေးလိုက်သည်။ ဆရာကြီး၏ဆွတ်ပျံ့ လွမ်းမောနေသာ မျက်နှာတည်တည်ပေါ် အိပ်စကားရှင်းထွက်နေသည့် ယင်မကြီးသည် ဆရာကြီး၏တင်းတင်းစေ့ထားသော နုတ်ခမ်းထောင့် အရောက်တွင် ရပ်တန့်လေတော့သည်။

ဆရာကြီး၏ဘေးတစ်ဖက်တစ်ချက်တွင် ဆရာ၊ ဆရာမများ ရင်ဘောင်တန်းနေရာယူလျှက် ကျောင်းသား၊ ကျောင်းသူများအား မျက်နှာမူထားသည်။ ဆရာကြီး၏နံဘေးကပ်လျက်တွင် နေရာယူထားသည့် ဆရာမတစ်ယောက်သည် ဆရာကြီး၏နှုတ် ခမ်းထောင့်စွန်းအား အစာရှိမည်အထင်ဖြင့် သဲကြီးမဲကြီးနှိုက်နေသာ ယင်မကြီးကို သတိထားမိသွားသည်။ ထိုဆရာမသည် စေတနာဖြင့် ယင်မကြီးအား လက်ဖြင့်ယပ်ခပ်လျှက် ခြောက်ထုတ်၏။ ယင်မကြီးကား မလှုပ်။ ဆရာကြီး၏နှုတ်ခမ်း ထောင့်စွန်းအား သဲကြီးမဲကြီးနှိုက်နေတုန်းပင်။ ထပ်ခြောက်၏။ မထူး…။ ဆရာမသည် စိတ်မရှည်ဟန်ဖြင့် လက်အားရှေ့အနဲ ငယ်တိုးကာ ရမ်းလိုက်၏။ ဖတ်ကနဲအသံမြည်ကာ ရှုတည်တည်ရပ်နေသော ဆရာကြီး၏မျက်နှာအား အရှိန်လွန်၍ ရိုက်မိလေတော့သည်။

ကိုရွှေသစ်ကလေးတို့ ကျောင်းသားတစ်သိုက်ဆီမှ ခိုးခိုးခစ်ခစ်ရယ်သံများ ထွက်လာသည်။ နံဘေးတစ်ဖက်တစ်ချက်တွင် အတူယှဉ်တွဲရပ်နေသော ဆရာ၊ ဆရာမများ အသံမထွက်အောင် ကျိတ်ရယ်ကြ၏။ ဆရာကြီးသည် မဟုတ်သည့်နေရာတွင် စေတနာပိုတော်မူသည့်ဆရာမအား မျက်နှာတင်းတင်းထားလျှက် မသိမသာ မျက်စောင်းထိုးလေသည်။ ထို့နောက်ချက် ချင်းပင် ကျောင်းသား၊ ကျောင်းသူများဘက်သို့ ပြန်လှည့်ကာ “အဟမ်း”ဟု ချောင်းတစ်ချက်ဟန့်လိုက်သည်။
***   ***   ***

ဆရာကြီးထံမှ ချောင်းဟန့်သံကြားသည်နှင့် ကျောင်းသား၊ ကျောင်းသူများရော ဆရာ၊ ဆရာမများပ်မကျန် မျက်နှာပိုး သတ်လိုက်ကြရသည်။ ဆရာကြီး၏နုတ်ခမ်းထောင့်စွန်းမှ ယင်မကြီးသည်ကား အဘယ်ဆီသို့ ပျံသန်းသွားလေသည် မသိ။ မရိတော့ပေ။ ဆရာကြီးမှ ကျောင်းသား၊ ကျောင်းသူများကို ရည်ရွယ်၍ စကားစတင်ပြောသည်။

“သားတို့ သမီးတို့… သားတို့သမီးတို့ မနက်က အလေးပြုခဲ့ကြတာကတော့ မြန်မာပြည်ကြီး သူ့ကျွန်ဘဝက လွတ်မြောက် ဖို့အတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့ရတဲ့အာဇာနည်ကြီးတွေ ဖြစ်တယ်။ အခု သားတို့သမီးတို့ အလေးပြုကြရမယ့် ဗိုလ်ချုပ်အတုတစ်နဲ့ဗိုလ်ချုပ်အတုနှစ်ကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် သူတို့ရဲ့အရှက်ကို စတေးခဲ့ကြတဲ့ဗိုလ်ချုပ်အတုတွေ ဖြစ်တယ်။

ဆရာကြီးတို့ မြန်မာလူမျိုးတွေ ပြောလေ့ရှိကြတယ်။ အသက်နဲ့လူလုပ်တာမဟုတ်ဘူး။ အရှက်နဲ့လူလုပ်တာဆိုတဲ့စကားကို သားတို့သမီးတို့လည်း ကြားဖူးကြမှာပါ။ ဒီစကားကို ထောက်ရှုပြီး လူတစ်ယောက်မှာ အသက်ထက် အရှက်က ပိုအရေးကြီးတယ်ဆိုတာ သားတို့သမီးတို့ နားလည်ကြရမယ်။ ဒါ့ကြောင့် သားတို့သမီးတို့ ဒီဗိုလ်ချုပ်အတုနှစ်ယောက်ကိုလေးစားသောအားဖြင့် အလေးပြုကြရလိမ့်မယ်”

ဆရာကြီးသည် ခါတိုင်းနှစ်များကလိုပင် အလေးပြုအခန်းအနားမစခင် ပြောစရာရှိသည်တို့ကို ပြောဆို၍ အလေးပြုရန် တိုက်တွန်း၏။ ဆရာကြီး၏စကားဆုံးသောအခါ ကိုရွှေသစ်ကလေးသည် ရှေ့ဆုံးတန်းမှနေ၍ လကညှိုးတစ်ချောင်းကို ထောင်လိုက်၏။ ဆရာကြီးသည် ကိုရွှေသစ်ကလေးကို အထူးအဆန်းသဖွယ် ပြန်ကြည်ုကာ မေးလိုက်သည်။

“မောင်ရွှေသစ် ဘာလို့လက်ညှိုးထောင်တာလဲ…။ အပေါ့သွားချင်လို့လား…”
“မဟုတ်ပါဘူး ဆရာကြီး”

ကိုရွှေသစ်ကလေးသည် တရိုတသေ ပြန်ဖြေလိုက်လေသည်။ ဆရာကြီးက မျက်မှောင်တစ်ချက်ကျုံ့ရင်း ပြန်မေး၏။

“မဟုတ်ရင် ဘာကိစ္စလဲ မောင်ရွှေသစ်”
“ဒီလိုပါ ဆရာကြီး…၊ လတ်တလောပြဌာန်းလိုက်တဲ့ လက်အောက်ငယ်သားများ၏ ဂုဏဝုတ္တိ၊ ဝရဝုတ္တိ အခွင့်အရေးဆိုင်ရာ ဥပဒေပါ အခန်းသုံး….”

“ဥပဒေကို ငါသိပါတယ်။ အတော်လျှာရှည်တဲ့ကောင်။ လိုရင်းကိုသာ ပြော…”
“ဟုတ်ကဲ့ လိုရင်းကိုပြောရမယ်ဆိုလို့ရှိရင် အခုကျွန်တော်တို့ အလေးပြုရမယ့် ဗိုလ်ချုပ်အတုနှစ်ယောက်ရဲ့ ဟစ်စထရီလေး တွေကို သိချင်တာပါဆရာကြီး”

“အော် မိကျောင်းမသားနှယ်…. ဗိုလ်ချုပ်အတုတွေရဲ့သမိုင်းလေး သိချင်ပါတယ်လို့ ပြောလည်း ရပါတယ်ဟရဲ့…”
“ဟုတ်ပါတယ် ဆရာကြီး ဆရာကြီးပြောတဲ့အတိုင်းပါပဲ…”

“အေး ပြောပြမယ်…”
“ဒီလိုကွဲ့…

တို့နိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့နှစ်တစ်ရာပြည့် မွေးနေ့မတိုင်မီ အချိန်အနဲငယ်အလိုကပေါ့ ကွယ်။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အထုပတ္တိကို ဂုက်ပြုရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဆိုတာ ရှိခဲ့ဖူးသကွဲ့။ အဲဒီဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဟာ ဗိုလ်ချုပ်နဲ့ တူတဲ့သူကို မြန်မာပြည်အနှံ့လျှောက်လွှာတွေခေါ်၊ ပြိုင်ပွဲတွေလုပ်ပြီး ရွေးချယ်ခဲ့ကြသတဲ့။ အဲဒီမှာ အခုသားတို့ မြင်နေရတဲ့ဆရာကြီးရဲ့အဖိုး ဗိုလ်ချုပ်အတုတစ်ဟာ ဗိုလ်ချုပ်နေ ရာက သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရတာပေါ့။

အဖိုးခမျာ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်ရမယ့် ဂန္တဝင်သရုပ်ဆောင်ကြီးဖြစ်ရတော့မယ် ဆိုပြီး အရမ်းကို ပျော် ရွှင်ခဲ့တာပေါ့။ အဲဒီလိုနဲ့ နမူနာနှစ်ခန်းသုံးခန်းလည်း ရိုက်ပြီးရော ဆရာကြီးရဲ့အဖိုးဟာ ဗိုလ်ချုပ်အတုဆိုပြီး နာမည်ကြီးသွား တော့သတဲ့။ တစ်တိုင်းပြည်လုံးကျော်ကြားတာမျိုးတော့ မမာုတ်ဘူးပေါ့ကွယ်။ ရပ်ကွက်အတွင်းမှာ ဗိုလ်ချုပ်အတု ဗိုလ်ချုပ် အတုနဲ့ အချင်းချင်းနောက်ပြောင် ခေါ်ကြတာပေါ့။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီနမူနာတစ်ခန်းနှစ်ခန်းပဲရိုက်ပြီး ဗိုလ်ချုပ် ရုပ်ရှင်ကြီးဟာ ဘာကြောင့်မှန်းမသိ။ ဆက်မရိုက်ဖြစ်ပဲ တစ်လစ်ကြီးဖြစ်နေတော့တာပေါ့ကွယ်။

အဖိုးခမျာ ရုပ်ရှင်က ဆက်မရိုက်။ အသက်ကတဖြေးဖြေးကြီးလာ။ ခန္ဓာကိုယ်အနေအထားတွေ ပြောင်းကုန်မှာ ကြောက်ပြီး အိမ်ထောင်ပြုချိန်တိုင်လည်း မပြုရ။ နောက်ဆုံး အသက်လေးဆယ်နားနီးမှ ကိလေသာအရေး ရတက်မအေးလို့ အိမ်ထောင် ပြုလိုက်ရရှာတယ်။ ရုပ်ရှင်ကရိုက်ဖြစ်မရိုက်ဖြစ် ဘာမှန်းမသိပေမယ့် အဖိုးခမျာမှာတော့ ဗိုလ်ချုပ်အတုဆိုတဲ့နာမည်ကြီး အဖတ်တင်ခဲ့ရတာပေါ့။ ရိုက်ရှင်က မရိုက်ဖြစ်။ အရပ်ထဲထွက်တိုင်း ဗိုလ်ချုပ်အတု၊ ဗိုလ်ချုပ်အတုလို့ ခေါ်ကြတော့ ရှက်ပြီးကြာတော့ အိမ်ထဲကအိမ်ပြင် မထွက်ရဲတော့ဘူးပေါ့ကွယ်။ ဒီစိတ်နဲ့ပဲ လုံးလုံးပါးပါးပြီး နောက်ဆုံး သေသွားရတော့ တာပါပဲ။

ကံဆိုးချင်တော့ အဖိုးက မွေးခဲ့တဲ့ဆရာကြီးရဲ့အဖေဟာလည်း အဖိုးလိုပဲ ဗိုလ်ချုပ်နဲ့တစ်ထေရာတည်း တူနေပြန်တယ်။ ဆရာကြီးရဲ့အဖေကိုလည်း ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့က ထပ်မံရွေးချယ်ခဲ့ပြန်တယ်။ ဆရာကြီးအဖေလည်း အဖိုးတုန်းကအတိုင်းပဲ တစ်ခန်းနှစ်ခန်း မဖြစ်ညစ်ကျယ်စမ်းရိုက်ပြီး ပတ်တောပိတ်သွားခဲ့ရတယ်။ ဒါနဲ့အဖေလည်း အဖိုးတုန်းကလို ဒီရုပ်ရှင်စိတ်နဲ့ပဲ ကွယ်လွန်ခဲ့ရတယ်။ ဟိုးမှာတွေ့လား…။ အဲဒါ ဆရာကြီးရဲ့အဖေ ဗိုလ်ချုပ်အတုနှစ်ရဲ့ အုတ်ဂူပေါ့…။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က အဖေသေသွားပေမယ့်လက်မလျှော့သေးဘူး။ အဖေကမွေးပြီး ကံဆိုးစွာပဲ ဗိုလ်ချုပ်နဲ့ တူနေတဲ့ဆရာကြီးကို ထပ်မံရွေးချယ်ပြန်တယ်။ ဆရာကြိး ဆယ်တန်းအောင်ကတည်းက ရွေးထားတာ ဆရာကြီးဘွဲ့ရပြီး ဆရာဖြစ်။ အခုဆို မူလတန်းကျောင်းအုပ်ကြီးတောင် ဖြစ်နေပြီ ခုထိ ဗိုချုပ်ရုပ်ရှင်က အပြီးမသတ်ရသေးဘူးကွဲ့။ ဆရာကြီး တစ်ခုကံကောင်းတာက အဖိုးနဲ့အဖေတုန်းကလို အစမ်းမရိုက်ခဲ့ရသလို ပြည်သူတွေကလည်း ဗိုလ်ချုပ်ရုပ်ရှင်အပေါ် စိတ်ဝင်စားမှုမရှိတော့ အရှက်တော့ မကွဲရတော့ဘူးပေါ့။

ဒါပေမယ့် ကံဆိုးတာတစ်ခုက ဆရာကြီးရဲ့သားကလည်း ဆရာကြီးတို့လိုပဲ ဘမျိုးဘိုးတူပြီး ဗိုလ်ချုပ်နဲ့တထေရာတည်း တူနေပြန်တယ်။ အခုလောလောဆယ်တော့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဟာ ဆရာကြီးရဲ့သားနဲ့ ပြောင်းပြီးစာချုပ်ချုပ် ထားတယ်။ အကယ်၍ ဆရာကြီးရဲ့သားတစ်စုံတစ်ခုဖြစ်ခဲ့သော် အရံအတားအနေနဲ့ ဆရာကြီးအမျိုးသမီးရဲ့ဗိုက်ထဲက မမွေးသေးတဲ့ကလေးကိုပါ စရံသတ်ထားသကွဲ့။ ဆရာကြီးတို့က ဂျနရေးရှင်းလိုက် ဗိုလ်ချုပ်အတုအဖြစ် ရွေးချယ်ခံရသလို၊ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကလည်း သားစဉ်မြေးဆက် ပခုံးပြောင်းတာဝန်ယူလာကြတာကွဲ့။ ဒါကြောင့်လည်း အခုချိန်ထိ ဗိုလ်ချုပ်ရုပ်ရှင်ကြီးဟာ အရိပ်လိုပါနေတာပေါ့ကွယ်။ ဆရာကြီးတို့မျိုးရိုးစဉ်ဆက်ရဲ့ ဗိုလ်ချုပ်အတုဇာတ်လမ်းက ဒါပါပဲ။ ဆရာကြီးလည်း အဖိုးနဲ့အဖေကို သနားလွန်းလို့ မိသားစုပိုင်ဒီမြေတစ်ဧကမှာ ဂူဗိမ္မာန်ဆောက်ပြီး အာဇာနည်နေ့ ရောက်တိုင်း အလေးပြုနေတာ ကြာပါပြီ။ ဆရာကြီးတို့မျိုးရိုးကိုက ဒီဗိုလ်ချုပ်ရုပ်ရှင်နဲ့ ဝဋ်ကြွေးပါလာတယ်ပဲ ဆိုရမှာပေါ့ကွယ်”

“ဒါဆိုရင်တော့ ရှင်းသွားပါပြီ။ ဆရာကြီးရဲ့အဖိုးနဲ့အဖေဟာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် သူ့ဘဝနဲ့အရှက်ကိုတောင် ပေးဆပ်ခဲ့ရတဲ့ဗိုလ်ချုပ်အတုဆိုတော့ အလေးပြုထိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် မရှင်းတာလေးတစ်ခုတော့ မေးပါရစေဦးခင်ဗျာ”

“အော်… မကြောင်းမသားရယ်…။ မေးစရာကလည်း ကုန်မကုန်နိုင်ဘူး။ မေးမှာဖြင့်မြန်မြန်မေး။ နေကဝင်တော့မယ်။ အပြန်ကျ မြို့ထဲမှာကားကကြပ်ဦးမှာ…။ ဘာမေးမှာလဲ မြန်မြန်မေး…”

“ဒီလိုပါဆရာကြီး… ဒီလောက်မသေချာမရေရာတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို ယုံစားပြီး ဆရာကြီးတို့သားစဉ်မြေး ဆက်က ဘာလို့ စာချုပ်ချုပ်ကြတာလဲခင်ဗျာ…”

“ဒါကဒီလိုဟေ့… သေချာမှတ်…။ ငါ့အဖိုးက သူသေခါနီးမှာ ဗိုလ်ချုပ်ရုပ်ရှင်မပြီးမချင်း သူ့အတွက် အမျှမဝေပါနဲ့လို့ မှာခဲ့လို့ ငါတို့လည်း သမိုင်းတာဝန်ုတစ်ခုလို စာချုပ်ချုပ်နေရတာဟေ့ သိပြီလား။ ကဲ​… ကြာတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုရန်အတွက် အရှက်သိက္ခာနှင့်ရင်း၍ ပေးဆပ်ခဲ့သော ဗိုလ်ချုပ်အတု နံပတ်ဝမ်းအား အေ….. လေး….. ပြု……”

ဇော်သစ်
၂.၄.၂၀၁၆

photo credit : gatty images