ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သစ် (သီတဂူ) - ပြည်တော်ပြန်နှင့် စကားပြောခြင်း


ကိုသစ် (သီတဂူ) - ပြည်တော်ပြန်နှင့် စကားပြောခြင်း
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၆

(၁)
တက်ဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူရွှေစည်းခုံစေတီတော်ကြီးဆီမှ တချွင်ချွင်လွင့်ပျံလာသော ဆည်းလည်းသံလေး တွေက သူ့စိတ်ကို လွင့်မျောစေခဲ့ပြီပဲ။ ကိုငှက်ကြီးကတော့ ရထားဥသြသံကြားတိုင်း အိမ်ပြန်ချင်တဲ့စိတ်ကို တားမရဘူးတဲ့ လေ။ အခုချိန်မှာ ရွှေပြည်ကြီးနဲ့ ဝေးနေရပေမယ့် တစ်နေ့တစ်ရက် တမနက်မှ ရွှေပြည်ကြီးအကြောင်းကို မမေ့ခဲ့။ အမြဲတမ်း နားစွင့်နေဆဲ။ ကိုယ်ခန္ဓာက မိုင်ပေါင်းထောင်ချီဝေးတဲ့အရပ်မှာ ရောက်နေပေမယ့် စိတ်ချင်းက နီးနီးကလေးရယ်။ အိမ်ပြန် သွားသူတွေ အိမ်ကအလည်လာသူတွေနဲ့ဆုံတိုင်း သူတို့ပြောတာလေးတွေ နားထောင်လိုက်၊ ကိုယ်သိချင်တာလေးတွေ မေးလိုက်နဲ့။ ဒီလိုနဲ့ပဲ ကိုယ့်မှာ အလွမ်းဖြေဖြေနေရတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာတွေကတော့ တော်တော်စုံတယ်။

ပြီးခဲ့တဲ့အပတ်က ရွှေပြည်ကြီးကပြန်လာတဲ့မိတ်ဆွေနဲ့ စကားလက်ဆုံကြဖြစ်ခဲ့သေးတယ်။ သူက အမိမြေမှာ ၂၈ ရက်တိတိ နေလာခဲ့သူ။ နေရာစုံကို ရောက်ခဲ့သူဆိုတော့ ပြောင်းလဲချိန်တန်ပြီရဲ့အောက်မှာ ကိုယ့်အမျိုးတွေ ဘယ်လောက်ပြောင်းလဲသွားပြီလဲဆိုတာလေးတွေကို မေးကြည့်နေမိတယ်။ အွန်လိုင်းမှာ ဖတ်ရသိရတဲ့ သတင်းအချက်အလက်က မှန်ချင်မှ မှန် တာလေ။ လွယ်လွယ်နဲ့ အတည်ယူလို့ ရတာမဟုတ်ဘူး။ အချိန်မပေးဘဲ၊ စနည်းမနာဘဲနဲ့ သူများရေးထားတာတွေ လိုက်၊ ရှယ်လို့ကတော့ ဂွမ်းပြီသာ မှတ်ပေတော့။

ပြီးခဲ့တဲ့ လတုန်းကလည်း အမိမြေပြန်သွားတဲ့ သူငယ်ချင်းနဲ့ စကားတွေ အများကြီးပြောဖြစ်သေးတယ်။ သူက " အွန်လိုင်း ပေါ်မှာ မှန်လား မမှန်လား၊ ဟုတ်လား မဟုတ်လား ဘာမှ အရင်းအမြစ် တိတိကျကျ မသိရသေးတဲ့ သတင်းတစ်ခုကို Like/ share လုပ်နေတဲ့သူတွေထဲမှာ နိုင်ငံခြားပြန်ကြီးတွေပါတယ်ကိုသစ်ရဲ့၊ တစ်ချို့ မဟာဝိဇ္ဇာအောင်ပြီးသားကြီးတွေလည်း ပါ တယ်။ အမယ် ဒေါက်တာကြီးတွေ ပါလိုက်သေးတယ်ဗျ။ ကိုယ်တော့် အံ့သြလို့ မဆုံးဘူးကိုသစ်ရာ"လို့ ပြောသွားပါသေး တယ်။

ဝါဒဖြန့်ခြင်းကို လက်နက်တစ်ခုလို အသုံးပြုခဲ့တဲ့စနစ်ရဲ့ လက်ကျန်လေးတွေပေါ့။ ဟုတ်လား မဟုတ်လား မစဉ်းစားတော့။ ကိုယ်မကြိုက်တာတွေ့ရင် လက်သံပြောင်ပစ်လိုက်တာ။ လူတစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းဖို့ အလွယ်ကူဆုံးနေရာဟာ ဖေ့ဘွတ်စ်ကြီးဖြစ်နေပါရောလား။ ရာသီပြောင်းချိန်မှာ ဖြစ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဒါက အမြဲတမ်း ဒီလိုဖြစ်နေ မယ်လို့ ပြောလို့မရပါဘူး။ ပြန်သူတွေက စာဖတ်အားတွေ၊ စဉ်းစားတွေးခေါ်မှုတွေ အားကောင်းလာတော့ အခုတောင် ဒီလိုကိစ္စတွေကို အလွယ်တကူလက်မခံတတ်ကြတော့ဘူး မဟုတ်လား။ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်တာဖြစ်လို့ မှန် တယ် မှားတယ်ဆိုတာက ကိုယ့်မှာပဲ တာဝန်ရှိတာ။ ရင့်ကျက်တဲ့စဉ်းစားတွေးခေါ်မှုနဲ့ လုံလောက်တဲ့အချိန်သာ ရှိမယ်ဆိုရင် ဒါတွေကအလိုလိုပြေလည်သွားမယ့် ကိစ္စလေးတွေ။ ဆိုလိုတာက အွန်လိုင်းရပ်ဝန်းဆိုသည်မှာ ခိုင်လုံမှုအားနည်းနေသေးတဲ့ အကြောင်း။

(၂)
ဒီတော့ လူကိုယ်တိုင် အရှင်လတ်လတ် တွေ့ခဲ့မြင်ခဲ့ရတဲ့ ပြည်တော်ပြန်ကြီးတွေနဲ့ စကားပြောရတာကိုက အရသာ။ မျက်မြင် ကိုယ်တွေ့တွေကိုချည်း နားဆင်ရလို့ သတင်းတွေက လတ်ဆတ်တယ်။ မှန်ကန်တိကျတယ်။

သူပြောပြတာလေးတွေ နားထောင်ရတော့ ကိုယ့်မှာ ၀မ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ်ဆိုသလိုပါပဲ။

ဖြစ်ပုံက ဒီလိုဗျ။ သူ့အမေ ရန်ကုန်ဆေးရုံကြီးကို တက်ရတယ်။ အရင်က ဆေးရုံကြီးနဲ့ အခုဆေးရုံကြီးက ဘာမှမဆိုင်တော့ ဘူးတဲ့ဗျ။ သူပြောတာ သူပြောတာ။ အရင်က စရိတ်မျှပေးက ကိုယ့်ရှိတာ အကုန်ရောင်းပြီး မျှပေးခဲ့ရတာ။ အခုတော့ အဲလို မဟုတ်တော့။ ပြောင်းလဲချိန်တန်ပြီလေတဲ့။ ဆေးရုံကြီးမှာ ပြောင်းလဲနေပြီ။ ဆေးတွေ အလကားရတယ်။ ဆရာဝန်တွေ ဆက်ဆံရေး အရမ်းကောင်းသွားပြီ။ အရင်လို မဟောက်တော့ဘူး၊ မမာန်တော့ဘူး။ ကြင်နာနူးညံ့ကုန်ကြပြီ။ နပ်စ်မလေးတွေ လည်း အရင်လို မျက်နှာ ရှစ်ခေါက်ချိုး ဆယ့်ခြောက် ခေါက်ချိုးတွေ မဟုတ်တော့။ ပြုံးလို့ ရွှင်လို့ တဲ့။ အချိန်တိုတိုလေးအတွင်းမှာ ပြောင်လဲကုန်တာ မယုံနိုင် စရာကြီးဗျာလို့ ၀မ်းသာအဲလဲ အဆိုပါမိတ်ဆွေက စကားဆိုပါတယ်။ ဒါပေမယ့် မပြောင်းလဲတဲ့ အထဲမှာ ပြာတာလေးတွေကတော့ နည်းနည်း ကျန်သေးတယ်ဗျ။ သူတို့က နည်းနည်း ဟောက်ချင် ဟိန်းချင် ဇာတိပြချင် တာလေးတွေတော့ ရှိနေသေးတယ်။ ဒါကလည်း သိပ်မကြာခင် ပြောင်းသွားမယ်လို့ ကျနော်ထင်ပါတယ်။ ဂိတ်ပေါက်စောင့်က ညညဆို အရက်မူးမူးနဲ့ မာန်ချင် ဟောက်ချင်တာလေးတွေ နည်းနည်းရှိသေးတယ်။ ပိုက်ဆံလေး နည်းနည်းပါးပါး အရက်ဖိုး လေး ဘာလေး တောင်းတတ်တာ ရှိနေသေးတယ်။ ဆရာဝန်တွေအတွက် ကားပါကင်က အဆင်ပြေတယ်။ ဒါပေမယ့် လူနာတွေအတွက် နည်းနည်းကလေး ကသီလင်တဖြစ်နေတာလေးတော့ ရှိတာပေါ့။ ဆေးရုံကြီးဆိုသော အပြစ်ကင်းစင်ချော မောလှပလာသည့် မျက်နှာပြင်တွင် ဒီဝက်ခြံဖုကလေး သုံးခုကတော့ ရှိနေသေးသည်။ သည်ဝက်ခြံကလေးတွေသာ မရှိခဲ့ပါမူ ဆေးရုံကြီးသည်ကား လှချင်တိုင်း လှပနေပါလိမ့်မည်။ ဒါလည်း သိပ်မကြာချင် ပြောင်းသွားမှာပါ။ ဒီလူတွေ မူမပြောင်းရင်တော့ လူပြောင်းတာ ခံရလိမ့်မယ်ဗျ။

အားလုံးခြုံကြည့်လိုက်တော့ ဆေးရုံကြီးကား မယုံကြည်နိုင်လောက်အောင်ကို ပြောင်းလဲနေပြီတည်း။ ပြည်သူတွေ စိတ်ချမ်း သာနေကြတယ်ကြားရတော့ ကိုယ်ကလည်း အဝေးကနေ ၀မ်းတွေသာလွန်းလို့။ လက်ကျန်များဖြစ်တဲ့ ပြာတာတို့ ဂိတ်စောင့် တို့လည်း မြန်မြန်ကြီးပြောင်းလဲပြီး ပြည်သူတွေကို အလုပ်အကြွေး ပြုနိုင်ပါစေသတည်း။

(၃)
ဒီနှစ်သင်္ကြန်က ပြည်သူတွေကို စိတ်ကြည်နူးစေခဲ့ပြီ။ ဘယ်တုန်းကနဲ့မှ အသွင်မတူတဲ့ အပြောင်းအလဲကြီးကို ပြည်သူတွေ ကိုယ်တိုင်ခံစားလာရသော်အခါ လူတိုင်းက ပြုံးလို့ ပျော်လို့။ သင်္ကြန်စီးပွါးရေး မဏ္ဍပ်ကိစ္စ နည်းနည်းကလေး ဂယက်ထသွား တာကိုလွဲရင် လူတိုင်းကြိုက်နှစ်သက်သော သင်္ကြန်ဆိုတာ ရှင်းပါသည်။ အခါတိုင်း သင်္ကြန်မှာ ဖောချင်းသောချင်း ရနိုင်သော အရက် ဘီယာကို ဒီနှစ်သင်္ကြန်က မျက်ခြေဖြတ်ပစ် လိုက်သည်။ သင်္ကြန်တွင်းမှာ ဘယ်မှာမှ အရက် ဘီယာဝယ်လို့မရဆိုသော သတင်းကိုဖတ်ရင်း ကျနော့်မှာ ပြုံးပျော်နေရသေးတော့သည်။ စည်းကမ်းလိုက်နာလာကြပြီဖြစ်သော တာဝန်သိတတ်လာပြီ ဖြစ်သော ပြည်သူတွေအတွက် ဂုဏ်ယူလို့ မဆုံးပါလေတော့။ ပြန်တော်ပြန် မိတ်ဆွေက မိတ်ဆွေက ဒီနှစ်သင်္ကြန်တွင်း ကျနော်ခရီးသွားတယ်။ ဘီယာသောက်ချင်လို့ လိုက်ရှာတာ မောင်းမကန်ကနေ လောင်းလုံအထိ ရောက်တယ်။ ဘယ်ဆိုင်မှ ၀ယ်မရဘူးဗျ။ မရောင်းဘူးဆိုတာချည်းပဲ။ ကျနော်လည်း စမ်းသပ်ချင်တာနဲ့ အမျိုးမျိုးပြောပြီး ၀ယ်ဖို့ကြိုးစားတာပဲ။ ဒါပေမယ့် ဘယ်ဆိုင်မှ မရောင်ဘူးဗျာ။ မြို့ပေါ်မှာတင်လာဆိုတော့ မဟုတ်သေးဘူး။ မောင်းမကန် လောင်းလုံတစ်လျှောက် ရွာကလေး တွေကအစ အရက်ဘီယာ လုံးဝကို မရောင်း၊ ၀ယ်လို့ကို မရတာ။ ကျနော်က မသောက်ရလည်း ဒါမျိုးဆိုသိပ်ကျေနပ်တယ်။ စည်းကမ်းဆိုတာ ဒါမျိုးဖြစ်နေရမှာ။ ပြောင်းလဲလာတဲ့ ဆိုင်ရှင်တွေရဲ့စိတ်ထားက လေးစားစရာကြီးပါဗျာတဲ့။ ဒါပေမယ့် ထားဝယ်မှာတော့ မှောင်ခိုရောင်းတဲ့ တရုတ်မကြီးဆိုင်တစ်ဆိုင်တော့ ရှိတယ်ဗျ။ ဘယ်ကောင်လက်ထောက်ချလို့ ဒီတရုတ် မကြီး ဒုက္ခရောက်မယ်တော့ မသိဘူး။ တနေ့နေ့ တစ်ချိန်ချိန်တော့ ဒုက္ခရောက်မှာ မြင်ယောင်သေးတော့တဲ့ဗျာတဲ့။ သူက ပြောင်းလဲလာတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကို ဂုဏ်ယူလို့ မဆုံးပါလေတော့။ ဒီအတိုင်းသာ ရှေ့ဆက်သွားရက်တော့ မကြာ ခင် ခေါင်းမော့လာမှာ မလွဲဘူးဗျတဲ့။

(၄)
ပြီးတော့ သူကဆက်ပြောပါသေးတယ်။ ကြိုက်တယ်ဗျာ။ စည်းကမ်းနဲ့ ပတ်သက်ရင် ဒါမျိုးဖြစ်နေရမှာ။ မြန်မာပြည်က လူအများစုက အမေရိကန်ဆိုရင် လူငယ်တွေ ပျက်စီးချင်တိုင်း ပျက်စီးနေကြတယ်လို့ ထင်နေကြတာဗျ။ တကယ်တော့လည်း ကောင်းတာလေးတွေ အများကြီး ရှိပါတယ်။ ဥပမာ တက်ဆက်ပြည်နယ်ကိုကြည့်လေဗျာ။ တက်ဆက်ပြည်နယ်ဆိုတာ ရှေးရိုးစွဲဝါဒီအများစုရှိတဲ့ ပြည်နယ်တစ်ခုပဲ။ ဘာသာတရားနဲ့ပတ်သက်လာရင် သူတို့အများစုက ရှေးရိုးစွဲဝါဒီတွေဗျ။ ဒီတက်ဆက်ပြည်နယ်မှာဆိုရင် အသက် ၁၈-နှစ်မပြည့်သေးတဲ့ လူငယ်တွေဟာ ဆေးလိပ်သောက်ခွင့်မရှိဘူး။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေကို ဆေးလိပ်လည်း ရောင်းခွင့်မရှိဘူးဗျ။ သွားဝယ်လို့ ဆိုင်ရှင်က သူ့အသက်ကို သံသယဖြစ်ရင် မှတ်ပုံတင်ခေါ် အိုင်ဒီတောင်းကြည့်လိုက်တာပဲ။ ၁၈-နှစ် မပြည့်သေးတဲ့ လူငယ်တစ်ယောက်ကို ဆေးလိပ်လုံးဝ မရောင်းဘူး။

နောက်ပြီး အသက် ၂၁ နှစ် မပြည့်သေးတဲ့ လူငယ်တစ်ယောက်ဟာ အရက်သောက်ခွင့်မရှိဘူး။ ဘီယာလည်း သောက်ခွင့် မရှိဘူး။ အသက် ၂၁ နှစ် မပြည့်သေးရင် နိုင်ကလပ် တက်ခွင့်မရှိဘူးဗျ။

အရွယ်ရောက်ပြီးတဲ့ အသက် ၂၁ နှစ်ကျော်သွားပြီဖြစ်တဲ့ လူလတ် လူကြီးတွေတောင်မှ ည ၁၂ နာရီကျော်ရင် ဘယ်ဆိုင်မှ အရက် ဘီယာ မရောင်းတော့ဘူး။

ဗျာ။ နိုက်ကလပ်မှာလား။ ဘယ်ကလာ အရက် ဘီယာ စိတ်ကြိုက်ဝယ်လို့ ရမှာလဲ။ ရောင်းကတည်းကိုက ကန့်သတ်ချက် နဲ့ရောင်းတာလေဗျ။ ဥပမာ လူတစ်ယောက် ဘယ်နှစ်ခွက်ပဲ သောက်ရမယ်ဆိုတာမျိုးပေါ့။ ဘားတွေ နိုင်ကလပ်တွေဆိုပြီး သောက်ချင်တိုင်း ဘယ်သောက်လို့ ရလိမ့်မတုန်း။ တနင်္ဂနွေနေ့ဆို ဘုရားကျောင်းသွားတာတွေ ရှိတယ်။ နေ့လည် ၁၂-နာရီ မထိုးမချင်း အရက် ဘီယာ လုံးဝပေးမရောင်းဘူးဗျ။

ဒါက တက်ဆက်ပြည်နယ်မှာပြောတာနော်။ ကျန်တဲ့ပြည်နယ်တွေကတော့ ကျနော်လည်း မရောက်ဘူးလို့ မသိဘူး။

ကျနော်တို့ တိုင်းပြည်မှာလည်း ဒါမျိုးစည်းကမ်းလေးတွေ ရှိစေချင်တယ်ဗျာ။ ဒါက ကောင်းတဲ့စည်းကမ်းတွေ လေ။ မသောက် ကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဘုရားလည်း မကြိုက်ဘူးလေ။ ဒါပေမယ့် အရွယ် မရောက်သေးတဲ့ ကလေးလူငယ် လေးတွေကိုတော့ ဆေးလိပ်လည်း မသောက်စေချင်ဘူး။ ရောင်းလည်း မရောင်းစေချင်ဘူး။ အစိုးရက အသက် ကန့်သတ် ပေးသင့်တယ်။ အရက် ဘီယာကိုလည်း အသက်အကန့် အသတ်နဲ့ ရောင်းပေးစေချင်တယ်။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ဆိုရင် လူငယ်တွေကို အရွယ်မရောက်ခင် လမ်းဆုံးမသွားစေချင်ဘူး။ မန္တလေးက လူရွှင်တော်ကြီး ချစ်စရာပြောတာ ခင်များလည်း ကြားမှာပါ။ သီပေါမင်း ပါတော်မူသွားကတည်းက ကျနော်တို့မန္တလေး အရက်ချက်ရောင်း ရတော့တာပဲ ဆိုတာလေ။ ကျနော်တို့တိုင်းပြည်က ထေရ၀ါဒတိုင်းပြည်လေဗျာ။ ဒါပေမယ့်ဗျာ။ အရက်ဆိုင်တွေက များလွန်း တယ်။ အရက်စက်ရုံတွေကလည်း များမှများ။ ပေါမှပေါ။ သူရာမေရယ စက်ရုံတွေလေ။ ဘုရားဘယ်ကြိုက်မလဲ။ ပြီးတော့ ထေရ၀ါဒ အထွန်းကားဆုံးဆိုတဲ့ တိုင်းပြည်မှာ သူရာမေရယစက်ရုံတွေက များလွန်းတယ်။ ဘီယာတောင် တိုင်းပြည်နာ မည်ကြီးနဲ့ဗျ။ ဂုဏ်ယူစရာ မြန်မာဘီယာတဲ့လေဗျာ။ ကျနော်တို့က ဘာကို ဘယ်လို ဂုဏ်ယူရမှာလဲ။ ကျနော်က လူဆိုတော့ ဗျာ။ ကျနော် ကိုယ်တိုင်လည်း သူငယ်ချင်းတွေနဲ့ ကြုံရင်ကြုံသလို ဘီယာ အရက်သောက်တတ်ပါတယ်။ ဒါပေမယ့်ဗျာ ဒီနိုင် ငံပိုင် အမည် ကြီးနဲ့တော့ အရက် ဘီယာမထုတ်စေချင်ဘူး။  ဗျာ။ ကျနော် သိသလောက်တော့ ကမ္ဘာပေါ်မှာ နိုင်ငံပိုင်အမည်နဲ့ အရက် ဘီ ယာထုတ်တယ်ဆိုတာ မကြားဘူးပါဘူးဗျ။

ပြီးတော့ သူက စကားဆက်သည်။ ဒီလိုသာ အရက် ဘီယာ ဆေးလိပ်နဲ့ ပတ်သက်ပြီး စက်ရုံတွေ လျှော့ချနိုင်မယ်၊ စားသုံး သူအတွက် အစိုးရက လူငယ်တွေအပေါ်မှာ အသက်ကန့်သတ်ပေးလိုက်ရင် သိပ်ကောင်းမှာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်ကြီး လက်ကြားညှပ်နေတဲ့ မြင်ကွင်းတွေလည်း မြင်ရမှာ မဟုတ်တော့ဘူးပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ မူးပြီးလမ်းဘေး လဲနေတဲ့ မြင်ကွင်းတွေလည်း မြင်ရမှာ မဟုတ်တော့ဘူးပေါ့။

သောက်လက်စ ရေနွေးကြမ်းကို သူကောက်မော့ချလိုက်သည်။ သူက အခုမှ ပြန်တော်ပြန်လာတာ ရက်ပိုင်းပဲရှိသေးသည်။ ဒီလူက လူလတ်အရွယ်ဆိုပေမယ့် တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာထားတဲ့ သူ့စေတနာက လေးစားဖို့ကောင်းသည်။ ငှက်ကလေး တို့ အိပ်တန်းတက်ဖို့ တာဆူနေကြချိန်မှာပဲ သူနှင့်ကျနော် လမ်းခွဲလိုက်ပါသည်။  စကားလည်း ပြောလို့ကောင်းတာတော့ မှန် တယ်။ အချိန်လည်း လင့်သွားပြီ။ ပြန်လိုက်ဦးမယ်ဗျာ။ နောက်မှ စကားဆက်ကြသေးတာပေါ့။

ကိုသစ် (သီတဂူ)
၎၊ ၂၅၊ ၂၀၁၆