ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အဲလိုထူး - “လူငယ်အမှိုက်ပုံ”



အဲလိုထူး - “လူငယ်အမှိုက်ပုံ”

(မိုးမခ) ဧပြီ ၁၊ ၂၀၁၆


ဒီစကားလုံးကို တာဝန်ခံဒုတိယကျောင်းအုပ်ဆီက တောင်းယူခဲ့တာဖြစ်ပါတယ်..၊ တိကျသေသပ်ပြီး ထိမိလွန်းလို့၊ အနုပညာတစ်ခုဖန်တီးရာမှာ အဖြစ်အပျက်အစစ်အမှန် ဘယ်နှရာနှုန်းလောက် ဖျော်စပ်သင့်ပါသလဲ..၊ချိုဆိမ့်သွားအောင် ..ပြင်းရှထိမိသွားအောင်.. ရင်ဘတ်ထဲ ..နင့်ကနဲစိုက်ဝင်သွားအောင်…။

အကြောင်းရင်းက… မတ်လ(၂၇)ဆိုတဲ့နေ့၊ သတ်မှတ်ချက်တစ်ခုရှိတဲ့နေ့ ၊ကော့မှုးမြို့နယ်ထဲမှာရှိတဲ့ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းကို ရောက်ဖြစ်ခဲ့ပါတယ်။ ပရဟိတပွဲတစ်ခုနဲ့..၊ ဒီမှာ…ခံစားနားလည်တတ်တဲ့ကလေးအရွယ်တုန်းက…မိဘအုပ်ထိမ်းသူတွေရဲ့ခြိမ်းခြောက်နည်းတစ်မျိုးရှိတယ်။ သိပ်ဆိုးတဲ့ကလေးဆိုပြီး ငှက်အော်စမ်းပို့လိုက်ရမလား..ပေါ့၊ ဆိုတော့..ငှက်အော်စမ်းက….ကလေးဆိုးတွေ…ဆိုးသွမ်းတဲ့ကလေးလူငယ်တွေချည်း ထားတဲ့နေရာလား..။

ပြောမယ်…၊ ဘယ်ကစပြောရမလဲဆိုတော့…၊ ပရဟိတအဖွဲ့ရဲ့ဦးဆောင် စီစဉ်သူတစ်ယောက်အနေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် တင်လိုက်တဲ့ သတင်းအရေးအသားအသုံး မှားယွင်းပါတယ်လို့ တစ်ယောက်ကထောက်ပြတယ်..။ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းလို့ ခေါင်းစဉ်တပ်လိုက်မိလို့ပါပဲ။ လူငယ်လေးတွေကို ထိန်းသိမ်းထားတာ မဟုတ်ပါဘူး…လို့ငြင်းဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဟိုရောက်တော့.. ထောင်လိုလို (ကလေးထောင်ပေါ့..) စစ်တန်းလျှားလိုလို တွေ့ရပါတယ်။ ကလေးလူငယ်ပေါင်း (၄၂၀) ကျော်ရှိနေပါတယ်။ အဆောင်တွေခွဲထားပုံက စစ်ကိုင်းဆောင်.. ရွှေဘိုဆောင်.. စသည်ဖြင့်၊ အပြင်ထောင်တွေမှာလည်း ဒီခေါင်းစဉ်မျိုးတွေလား လို့ တွေးတောဆင်ခြင်စိတ်ဖြစ်မိပါရဲ့။ အထဲရောက်တော့ သံတိုင်နဲ့ ကာရံထားတာမျိုး မဟုတ်ပဲ တန်းစီး၊ အခန်းလူကြီးများနဲ့ အုပ်ချုပ်တဲ့နည်းစံနစ်မျိုး၊ စီနီယာ - ဂျူနီယာတွေလည်း ပုဒ်မအလိုက်၊ အသက်အရွယ်အလိုက် ..နှစ်အလိုက် ခွဲခြားထားပုံရပါတယ်။ ကိုယ့်အိပ်ယာလေးကိုယ် သေသေသပ်သပ်၊ ခြေရင်းမှာ လူငယ်လေးတွေ သတိဆွဲရပ်ပြီး ဧည့်သည်တွေကိုကြိုဆိုကြတယ်။ ရဲမွန်ရောက်သွားသလိုလို၊ စစ်သားစုဆောင်းရေး ရောက်သွားသလိုလို ခံစားမိပါရဲ့။

လူငယ်လေးရာကျော်မှာ..နှစ်ရာကျော်က ပြစ်မှုတစ်စုံတစ်ရာနဲ့ ပြစ်ဒါဏ် ကျခံနေတာဖြစ်ပါတယ်လို့ ဒုကျောင်းအုပ်က ပြောပါတယ်။ ကျန်လူငယ်လေးတွေကတော့ စည်ပင်ကသိမ်းလာတဲ့ လမ်းပေါ်က အပေအတေအလေအလွင့်လေးတွေဖြစ်ကြောင်း၊ အမှိုက်တွေဖြစ်ကြောင်း၊ အားလုံးသောလူငယ်လေးတွေကို အားကစားခန်းမကြီးထဲထည့်ပြီး ဟောပြောရတဲ့စကားဦးမှာ မြန်မာနိုင်ငံမှာ ဒီလိုလူငယ်တွေ ဘယ်လောက်များပြားနေပြီလဲဆိုတဲ့ မေးခွန်းကို စိတ်မကောင်းကြီးစွာ ညည်းတွားမိခဲ့ပါတယ်။ ဘယ်လူငယ်က ဒီလိုဖြစ်ချင်မှာလဲ၊ ခေတ်က တွန်းပို့လိုက်လို့လား၊ အခြေအနေတွေက ဖန်ဆင်းလိုက်လို့လား၊ မသိဘူး။ လူငယ် အမှိုက်ပုံကိုတော့ ကလေးတွေ တဖွဲဖွဲရောက်လာကြတယ်။

“သားက အသက် ဘယ်လောက်ရှိပြီလဲ”

“ခုနှစ်နှစ်ပါ”

“အရမ်းငယ်သေးတာပဲ၊ ဒီနေရာနဲ့တောင် မလိုက်ဘူး၊ ကျောင်းမနေဘူးလား”

“တစ်တန်းပါ”

“ဘယ်လိုကနေ ဘယ်လိုရောက်လာတာလဲ ကွ.. သားက လူချောပဲဟာကို”

“ခိုးလို့”

သူခိုးတာတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်၊ ကလေးငယ်လေးရဲ့ အင်္ဂရုပ်က ဖြူဖြူစင်စင် ရိုးရိုးသားသားလေး၊ အရွယ်ကလည်း အရမ်းငယ်သေးတယ်။ သူဒီရောက်တာ တစ်နှစ်ကျော်ပြီဆိုတဲ့အကြောင်းတရားနဲ့ ထည့်ပေါင်းလိုက်ရင်၊ သူ့အမေက သူများဆိုင်ဖောက်လို့ တဲ့။ ဆက်စပ်တွေးယူ စုတ်သပ်မိပါတယ်။ အဖေနဲ့ နေပေါ့ သားရယ်.. အဖေရှိလား…. ဘာလုပ်လဲဆိုတော့.. ကျောက်ထုတယ်…တဲ့။ ဘေးနားမှာရှိတဲ့ တစ်ယောက်က ရဲဘက်စခန်းမှာဖြစ်လိမ့်မယ် လို့ ဝင်ထောက်ပေးတော့ ဇာတ်လမ်းက ရှင်းသွားရော။ ဒီနေရာက ဒီလိုလူငယ်လေးတွေ လာရောက် စုဝေးရာလား၊ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာဌာနရှိထားတာ တစ်မျိုးတော့ ကောင်းတယ် လို့။

လူငယ်အမှိုက်တွေ ဒီမှာ လာပုံကြတယ်။ ဒီမှာ လာပစ်ကြတော့ ဒီမှာလာပြီး စုဝေးနေကြတယ်။ ကြာတော့အပုံကြီးဖြစ်လာတယ်။ လူငယ်အမှိုက်ပုံ၊ ဒီအတိုင်းထားလို့ ဘယ်ဖြစ်ပါ့မလဲ။ သုံးလို့ရတဲ့ဟာတွေ အရင်ဆုံးရွေးဆယ်ပြီး အသုံးပြုရမယ်။ စုပေါင်းထားရင် ပုတ်သိုးဆွေးမြေ့ပြီး ဘဝတွေပျက်စီးသွားမှာပေါ့။ ရီဆိုက်ကယ်လို ပြုပြင်ပြီး အသစ်မွေးဖွားပေးသင့်တာကို ဘဝသစ်မြှင့်ပေး။

 လူငယ်လေးတစ်ယောက်ကိုလည်း စပ်စပ်စုစုနဲ့မေးဖြစ်ပါတယ်။ ဒါလည်း အခြေအနေကို သုံးသပ်ရွေးချယ်ပြီး၊ မိုက်တိမိုက်ကန်းမျက်နှာပေးတွေ တွေ့နေရသလို ခိုးကြောင်ခိုးဝှက်အကြည့်တွေကိုလည်း လှမ်းမြင်မိပါတယ်။ ဆယ့်ခြောက် ဆယ့်ခွန်အရွယ်လောက်ရှိတဲ့ ဒီလူငယ်လေးကတော့… ရည်ရည်မွန်မွန်။

“မင်းကတော့ အမှုနဲ့ ထင်တယ်”

“ဟုတ်ပါတယ်။ လူသတ်မှု”

အီ…ဆိုပြီး နောက်တွန့်သွားရတယ်၊ ကြောက်တာပေါ့ လို့။ လူတစ်ယောက်ကိုသတ်ရဲတဲ့ သွေးဆိုတာ နည်းနည်းနောနော ခေသူမဟုတ်၊ ရုပ်ကြည့်တော့ မထင်ရဘူး၊ လူကြီးလူကြီးမှန်း သိသိ လေးလေးစားစား ရိုရိုသေသေ ဆက်ဆံနေပြီးတော့။

“ကျွန်တော်တို့က ညီအစ်ကိုနှစ်ယောက်။ အစ်ကိုက အင်းစိန်ထောင်မှာ”

“မူးရူးပြီး ဖြစ်ကြတာလားကွာ။ မင်းပုံက ဒီလောက်ရက်စက်မှာ မဟုတ်ပါဘူး”

“ဒေါသ မထိမ်းနိုင်လို့ ခြေလွန် လက်လွန်ဖြစ်သွားတာပါ၊ ကျွန်တော့်အစ်ကိုက ကားတွေဘာတွေ ပြင်တတ်တယ်။ အဲဒါ ရွာမှာ ဆိုင်ကယ်ပြင်တယ်။ ကိုယ့်အိမ်ရှေ့မှာပေါ့။ ကျွန်တော်က ကားနောက်လိုက် လုပ်ဘူးတယ်။ အဲဒါ.. အစ်ကို့ကို ဝိုင်းကူလုပ်ပေး ပညာလည်းသင်ပေါ့။ ကျွန်တော်တို့မှာ အဖေမရှိတော့ဘူး၊ အမေနဲ့နေကြတာ။ တစ်နေ့ဗျာ ဆိုင်ကယ်တစ်စီးကို ညီအစ်ကိုနှစ်ယောက်လုပ်နေတာ မိုးချုပ်တဲ့ထိ မပြတ်ဘူး။ အဲဒါနဲ့ ကျွန်တော်က ဓါတ်မီးထိုးပြ၊ အစ်ကိုကပြင်။ အမေက တော်တော့..ထမင်းစားကြမယ်ခေါ်တာ။ တက်စားလိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး”

“အမူးသမားတစ်ယောက်ပါ။ ဟိုဘက် တရွာကျော်က။ ဆဲတာဗျာ…. မိုးမွှန်အောင်ဆဲတာ။ ရွာက လူတွေကလည်း တစ်ယောက်မှ ထွက်မလာကြဘူးဗျ။ လမ်းဘေးမှာ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတော့။ ကျွန်တော်တို့ကို မဲတော့တာပေါ့၊ ရှောင်ထွက်သွားမလို့ လုပ်တာ မရဘူးဗျာ။ အဲဒီမှာ အမေက ထွက်လာပြီး အိမ်ထဲဝင်ဖို့ပြောတော့မှ အမေနဲ့ ကိုင်တုတ်တော့တာပဲ။ ကျန်တဲ့ဟာနဲ့ ဆဲဗျာ။ ကျိတ်ခံနေလိုက်မယ်။ အမေနဲ့တော့မဆဲနဲ့။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်လည်း သတိလက်လွတ်ဖြစ်သွားပြီး တွေ့ရာနဲ့ လုပ်ထည့်လိုက်တာ..”

မသေမချင်းသတ်မှုနဲ့ အစ်ကိုက (၁၀) နှစ်၊ ညီကတော့ အသက်မပြည့်သေးလို့ ငှက်အော်စမ်း ရောက်ခဲ့ရ။ ဘဝတွေ၊ ကိုယ်ပိုင်ဟန်အတိုင်းမှ မဟုတ်ခဲ့ကြရတာ။ ဒီတော့ ... လူငယ်အမှိုက်ပုံကြီးမှာ လာစုနေကြပြီ။ ကျွန်တော်တို့ တနိုင်တပိုင် ကူညီဖြေရှင်းပေးကြရပါမယ်။ အဲဒီလို လူငယ်အမှိုက်ပုံကြီးတွေ မြန်မာပြည်တနံတလျှား အရေအတွက်အားဖြင့် ဘယ်လောက်များပြားနေပြီလဲလို့ …


အဲ လို ထူး